အုပ်ချုပ်မှုကိစ္စများဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား နယ်မြေတည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် ကေကေအို(ခွဲထွက်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်

နေပြည်တော် ၁ ဇန်နဝါရီ

ကရင်ပြည်နယ် ရှမ်းရွာသစ်၏ အနောက်မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာ မဲသဝေါပြန့်အတွင်း အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းအား ယနေ့ညနေ ၃ နာရီခန့်တွင် နယ်မြေတည်ငြိမ် အေးချမ်းမှုကို မလိုလားသည့် ကေကေအို(ခွဲထွက်)အဖွဲ့မှ ပြောက်ကျားယူနီဖောင်း ၃ ဦးခန့်က လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ရာ တပ်မတော်စစ်ကြောင်းက ပြန်လည်ပစ်ခတ်တိုက်ခိုက်သဖြင့် မြောက်ဘက်သို့ ဆုတ်ခွာသွားသည်။

အဆိုပါဖြစ်စဉ်နေရာ၏ အရှေ့မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောင်ဂမူ၌ ကေကေအို(ခွဲထွက်) အဖွဲ့မှ ယာယီအခြေပြုထားသည့် ငှက်ပျောဖက်အမိုး၊ အကာမပါ၊ အကျယ် ၇ ပေပတ်လည်ခန့်ရှိ တစ်ဖက်ရပ်တဲ တစ်လုံးအား တွေ့ရှိရပြီး ၎င်းတဲ၏ထောင့်မှ အမ်-၁၆ သေနတ် တစ်လက်နှင့်အတူ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(သတင်းစဉ်)