ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) တွင် ICT MODERN CLASSROOM ဖွင့်လှစ်

ဘားအံ  ၂၄   ဒီဇင်ဘာ

 

ကရင်ပြည်နယ် ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် ICT MODERN CLASSROOM အား ကျွမ်းကျင်မှုရှိသော စွန့်ဦးတီထွင်သူစီးပွားရေးလုပ်ငန်းရှင်များနှင့်  စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေးကို ဆောင်ရွက်ပေးမည့်သူများကို မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး တိုင်းနှင့်ပြည်နယ် စိုက်ပျိုးရေး သိပ္ပံကျောင်း(၁၄)ကျောင်းအနက် (၅)ကျောင်းမြောက် ကနဦးအကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့၊ နံနက် (၁၀)နာရီက ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် ပြုလုပ်ကြောင်း သိရသည်။

 

ဦးစွာ ဘားအံစိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် ICT MODERN CLASSROOMကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးနှင့် စိုက်ပျိုးရေး ဦးစီးဌာန၊ ဝန်ထမ်း လေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဖဲဆောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ICT MODERN CLASSROOM အား ကြည့်ရှုလေ့လာကြသည်။

 

 

 

ဆက်လက်၍ အခမ်းအနားအားကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အမှာစကား ပြောကြားရာတွင် လုပ်ငန်းခွင်နှင့်ချိတ်ဆက်မှုရှိသော ဒေသနှင့်လျော်ညီသည့် သင်ရိုးညွှန်းတမ်းများကို သင်ကြားပေးနိုင်ရေး အထောက်အကူပြုစေမည့် ICT နည်းပညာသုံး ခေတ်မီစာသင်ဆောင်ထားရှိခြင်းဟာလည်း ကောင်းမွန် လှပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ICT နည်းပညာကို ကဏ္ဍပေါင်းစုံတွင် တွင်ကျယ်စွာ အသုံပြုလျှက်ရှိသကဲ့သို့ စိုက်ပျိုးရေး သိပ္ပံကျောင်းများ၏ သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ကျွမ်းကျင်မှု ရရှိမည့်အပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍနှင့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် ကောင်းမွန်လှပါကြောင်း ပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဖဲဆောင်က Project နှင့် ပတ်သက်ပြီး ရှင်းလင်းပြေားကြားသည်။

 

ကရင်ပြည်နယ်ဘားအံမြို့ရှိ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ကို အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်များကို မွေးထုတ်ပေးနိုင်ရေး၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ စိုက်ပျိုးရေး ဒီပလိုမာ လက်မှတ်ရရှိသူ ပေါင်း (၁၃၇) ဦးကို မွေးထုတ်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင်(၃၄၆)ဦးကို တက်ရောက်ပညာ သင်ကြားလျှက်ရှိကြောင်း သိရသည်။

 

နေမျိုးလွင်(ပြန်/ဆက်)