ဘားအံနှင့် အထင်ကရ ဂူသုံးလုံး

၂၂  ဇန်နဝါရီ

 

မြန်မာနိုင်ငံ၏ အရှေ့တောင်ဘက်တွင်တည်ရှိကာ ကရင်တိုင်းရင်းသားများ အများဆုံးနေထိုင်သော ကရင်ပြည်နယ်သည် တောင်စွယ်တောင်တန်းများ ထူထပ်သည့် ဒေသတစ်ခုဖြစ်သည်။ ဇွဲကပင်တောင်သည် ကရင်ပြည်နယ်၏ အမှတ်လက္ခဏာ တစ်ရပ်အဖြစ် ထင်ရှားသကဲ့သို့ ကရင်ပြည်နယ်အတွင်း၌ အခြားသောသဘာဝ ကျောက်တောင်များလည်း တည်ရှိနေပေသည်။ ယခင်က လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် ကရင်ပြည်နယ်သို့ အလွယ်တကူ မသွားရောက်နိုင်ခဲ့ကြသော်လည်း မြဝတီမြို့၌ ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်းတွင် လမ်းတံတားများ အထူးတိုးတက်ကောင်းမွန်လာခဲ့သဖြင့် ကရင်ပြည်နယ်သို့ သွားရောက်လည်ပတ်ကြသူများ အထူးတိုးတက် များပြားလာခဲ့သည်။

 

မြို့တော်ဘားအံ

 

ကရင်ပြည်နယ်၏ မြို့တော်ဘားအံသည် ရှေးအခါက သံလွင်မြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည့် ရွာငယ်တစ်ခုသာဖြစ်ခဲ့ကာ လွန်ခဲ့သည့် နှစ် ၁၀ဝ ကျော်က အိမ်ခြေ ၂၀ဝ ဝန်းကျင်ခန့်သာရှိခဲ့သည်။ ထိုရွာငယ်လေးတွင် ကရင်၊ ရှမ်း၊ တောင်သူ တိုင်းရင်းသားများနှင့် ထိုင်းလူမျိုးများနေထိုင်ခဲ့ကြသည်။ ရွာတည်ရှိသည့် သံလွင် မြစ်ကမ်းစွယ်တွင် တည်ရှိသည့် ကျောက်စွန်းကို ရှမ်းဘာသာစကားဖြင့် ဖားအမ်းဟု ခေါ်ဆိုခဲ့ရာမှ ကာလကြာမြင့်လာချိန်တွင် ရွာအမည်သည် ဖားအမ်းမှ ဖားအံ၊ ဘားအံဟု ပြောင်းလဲခဲ့သည်။

 

ဘားအံသည် လူနေအိမ်ခြေများလာခဲ့ပြီးနောက် ၁၈၅၅ ခုနှစ်တွင် ဇာသပြင် တိုက်နယ် အုပ်ချုပ်မှုအောက်တွင် တိုက်နယ်အဆင့် ကျေးရွာဖြစ်လာခဲ့ပြီး ၁၈၆၆ ခုနှစ်တွင် ဘားကပ်လက်အောက်တွင် တည်ရှိခဲ့သည်။ ၁၈၉၂ ခုနှစ်တွင် လက်ထောက် မြို့ ပိုင်အုပ်ချုပ်သည့် မြို့ ဖြစ်လာခဲ့သည့် ဘားအံသည် ၁၉၅၄ ခုနှစ် ဇွန်လ ၁ ရက်တွင် ကရင်ပြည်နယ်၏ မြို့တော်ဖြစ်လာခဲ့သည်။

 

ယခုအခါတွင် ဘားအံမြို့နယ်သည် အရှေ့မှအနောက်သို့ ၄၁ မိုင်နှင့် တောင်မှ မြောက်သို့ ၇၆ မိုင်ရှည်လျားကာ အရှေ့ဘက်တွင် လှိုင်းဘွဲ့မြို့နယ်၊ တောင်ဘက်တွင် မော်လမြိုင်မြို့နယ်၊ အနောက်ဘက်တွင် ဘီးလင်းမြို့နယ်၊ ပေါင်မြို့နယ်၊ မြောက်ဘက်တွင် ဘီးလင်းမြို့နယ်၊ ဖာပွန်မြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ဆက်နေသည်။

 

ပင်လယ်ရေမျက်နှာပြင်အထက် ၅၃ ပေသာမြင့်သည့် ဘားအံမြို့နယ်သည် မြေပြန့်မြေညီ နည်းပါး၍ ကုန်းမြင့်များပေါများကာ မြို့နယ်အတွင်းရှိ တောင်စွယ်တောင် တန်းများအနက် ဘားအံမြို့မှ တောင်ဘက် ကိုးမိုင်အကွာတွင်ရှိပြီး ၂၇၂၇ ပေ မြင့် သည့် ဇွဲကပင်တောင်သည် အထင်ရှားဆုံးဖြစ်သည်။ မြို့နယ်အတွင်း၌ သံလွင်မြစ်၊ ဂျိုင်းမြစ်၊ ဒုံသမိချောင်း၊ ဇာသပြင်ချောင်း အပါအဝင် မြစ်ချောင်းများစီးဆင်းနေကြသည်။ ကားလမ်းများ တိုးတက်ကောင်းမွန်ခြင်းမရှိမီက သံလွင်မြစ်ကြောင်းတိုင်း ဘားအံမြို့မှ ၃၃ မိုင်ဝေးသော မော်လမြိုင်မြို့၊၂၉ မိုင်ဝေးသော ရွှေဂွန်းမြို့၊ ရွှေဂွန်းမှ ၁၃ မိုင်ကွာဝေးသော ကမမောင်းရွာ၊ ၇၅ မိုင်ဝေးသော ကျုံဒိုးရွာနှင့် မိုင် ၁၀ဝ ကွာဝေးသည့် ကြာအင်းဆိပ်ကြီးမြို့သို့ ပြည်တွင်းရေကြောင်းက သင်္ဘောများပြေးဆွဲခဲ့သည်။ ဘားအံမြို့နယ်ကို ရပ်ကွက် ၉ ခု၊ ကျေးရွာအုပ်စု ၉၉ ခု၊ ကျေးရွာ ၄၇၇ ရွာဖြင့် ဖွဲ့စည်းထားကာ ၂၀၁၇ ခုနှစ် မတ်လတွင် ထုတ်ပြန်သည့် စာရင်းများအရ လူဦးရေ ၃၉၆၇၀၇ ဦးနေထိုင်လျက်ရှိသည်။

 

သဘာဝ လိုဏ်ဂူများ

 

ဘားအံမြို့နယ်အတွင်းရှိ တောင်ကမ်းပါးယံများတွင် သဘာဝလိုဏ်ဂူများစွာ ရှိသည့်အနက် ကော့ဂွန်းဂူ၊ ရသေ့ပျံဂူနှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ခရုံဂူတို့ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်း ထားသည်။ မြန်မာနိုင်ငံ၏ ဘူမိဖြစ်စဉ်တွင် ရှမ်းတောင်တန်းများက ဦးစွာပေါ်ထွန်းခဲ့ပြီး ရှမ်းတောင်တန်းများနှင့် ဆက်နေသည့် ကရင်ပြည်နယ်မှ တောင်တန်းများနှင့် မြန်မာနိုင်ငံ၏ ပြည်နယ်ဒေသအသီးသီးတွင် ပေါ်ထွန်းခဲ့သည့် တောင်တန်းများသည် မြန်မာနိုင်ငံကို ဝန်းရံလျက်ရှိနေပေသည်။

 

ယင်းတို့အနက် သဘာဝထုံးကျောက်တောင်များတွင် ထုံးမြေကို မိုးရေနှင့် မြေအောက်ရေ တိုက်စားမှုကြောင့် လိုဏ်ဂူများဖြစ်ပေါ်ခဲ့ကြပြီး ရှေးအခါက ယင်းဂူများအတွင်း၌ တိရစ္ဆာန်များ ခိုအောင်းနေထိုင်ခဲ့ကြသည်။ အချို့သော ဂူများတွင် ရဟန်းသံဃာတော်များ သီတင်းသုံးနေထိုင်ခဲ့ကြသည်။ ကရင်ပြည်နယ်ရှိ လိုဏ်ဂူများအနက် ဘုရင်ညီဂူ၊ ဆဒ္ဒန်ဂူ၊ ရသေ့ပျံဂူ၊ ကော့ဂွန်းဂူ၊ ဝဲပျံဂူ စသည်တို့သည် အလွန်ထင်ရှားကြကာ လာရောက်လည်ပတ်လေ့လာသူများဖြင့် စည်ကားနေလေ့ရှိသည်။

 

ကော့ဂွန်းဂူ

 

ကော့ဂွန်းဂူသည် မော်လမြိုင်မြို့မှ ၂၈ မိုင်နှင့် ဘားအံမြို့မှရှစ်မိုင် ကွာဝေးကာ သံလွင်မြစ်၏ အနောက်ဘက်ကမ်းရှိ ဘားကပ်ကျေးရွာမှ နှစ်မိုင်အကွာတွင် တည်ရှိသည်။ ကော့ဂွန်းဂူလိုဏ်ဂူနံရံပေါ်တွင်ရှိနေသည့် ဗုဒ္ဓဆင်းတုတော်များ၊ နံရံကပ် အုတ်ခွက်ဆင်းတုများကို အဝေးမှပင် မြင်တွေ့နိုင်ကြသည်။ ထုံးကျောက်တောင်ခြေတွင် သဘာဝအတိုင်း တည်ရှိနေသည့် ကော့ဂွန်းဂူသည် အလျားပေ ၁၃၀၊ အနံ ပေ ၇၀ နှင့် အမြင့် ၂၅ ပေ ရှိ၍ အရှေ့ဘက်တွင်သံလွင်မြစ်၊ အနောက်ဘက်တွင် ရသေ့ပျံရွာ၊ တောင်ဘက်တွင်ဘားကပ်ရွာတို့ရှိသည်။ ကော့ဂွန်းဂူ ထုံးကျောက်တောင်တန်းသည် တောင်စဉ်ငါးလုံးသွယ်တန်းနေကာ အရှေ့မြောက်မှ အနောက်တောင်သို့ ပေ ၆၀ဝ၀ ရှည်လျားပြီး အမြင့်ဆုံးနေရာသည် ပေ ၁၀ဝ၀ မြင့်သည်။

 

တစ်ဖက်ပိတ်နေသည့် ကော့ဂွန်းဂူ၏ တောင်ကမ်းပါးယံနံရံနှင့် ဂူအဝင်အဝတွင် ဆင်းတုများကို အများဆုံး တွေ့ကြရသည်။ ဂူအတွင်းပိုင်း၌ ကျောက်စက်မိုးမျှော် များရှိ၍ ဂူအဆုံး၏ တစ်ဖက်တစ်ချက်စီတွင် ဂူပေါက်ငယ်တစ်ခုစီရှိသည်။ ကော့ဂွန်း ဂူသည် အရှေ့ဘက်သို့ မျက်နှာမူနေသဖြင့် နေရောင်ခြည်နှင့် အပူဓာတ်ကို ကောင်းစွာရရှိကာ ဂူအတွင်း၌ စွတ်စိုထိုင်းမှု လျော့နည်း၍ ဂူပေါက်ဝသည် ကျောက်တောင် ကမ်းပါးအောက်တွင်ရှိနေသဖြင့် မိုးဒဏ်လေဒဏ်မှ ကင်းဝေးနေပေသည်။

 

မတွေ့ရသေးသော်လည်း ပုဂံဘုရင်အနော်ရထာသည် သထုံကိုအောင်နိုင်၍ မနူဟာမင်းအား ပုဂံသို့ ခေါ်ဆောင်သွားခဲ့ ချိန်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သော မုတ္တမမိဖုရားသည် ကော့ဂွန်းဂူတွင်ပုန်းအောင်းခဲ့ပြီး ဂူအတွင်း၌ စေတီများ၊ ဗုဒ္ဓ ဆင်းတုတော်များ၊ ရုပ်ကြွများကို ထုလုပ်ပူဇော်ခဲ့သည်ဟု ပြောစမှတ်ရှိကြသည်။ ကော့ဂွန်းဂူသို့ ရောက်ရှိလာခဲ့ကြသူ များကလည်း ဂူနံရံများပေါ်တွင် ဆင်းတုရုပ်ပွား၊ အုတ်ခွက်ဘုရားများကို ထုလုပ်လှူဒါန်းခဲ့ကြသည်ဟု ဆိုကြသည်။

 

ကော့ဂွန်းဂူကို ခရစ်နှစ် ၁၉ ရာစုအစောပိုင်းမှစ၍ သမိုင်းနှင့် ရှေးဟောင်းသုတေသနပညာရှင်များက သုတေသန ပြုလုပ်ခဲ့သည်။ ကွင်းဆင်းမှတ်တမ်းများအရ ၁၈၂၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်တွင် ဗြိတိသျှသံ ဂျွန်ကရောဖို့ဒ်သည် လည်းကောင်း၊ ၁၈၃၅ ခုနှစ်တွင် သုတေသနပညာရှင် ရစ်ချတ်တင်ပယ်သည်လည်းကောင်း ကော့ဂွန်းသို့ ရောက်ရှိခဲ့ကြသကဲ့သို့ ဦးတော်စိန်ခို၊ ဦးလူဖေဝင်း၊ ဦးဖိုးလတ်၊ ဗိုလ်မှူးဘရှင်အစရှိသော မြန်မာပညာရှင်များသည်လည်း ကော့ဂွန်းဂူသို့ ကွင်းဆင်းလေ့လာမှုများပြု လုပ်ခဲ့ကြသည်။ ကော့ဂွန်းဂူတွင် ထိုင်တော်မူ၊ ရပ်တော်မူ၊ လျောင်းတော်မူ ဆင်းတုတော်များနှင့် မြေအုတ်ခွက်ဆင်းတုများ၊ ကျောက်ရုပ်ကြွများ၊ ကျောက်စာများနှင့် မင်စာများကို မြင်ကြရပြီး အုတ်ခွက်ဘုရားများကို ကျောက်တောင်နှင့်ဂူနံရံ၊ ဂူအမိုးတို့တွင် မြင်တွေ့ရသည်။ ထိုင်တော်မူနှင့် ရပ်တော်မူဆင်းတုများကို နှစ်ဆူတွဲ၊ သုံးဆူတွဲမှသည် ၁၀ ဆူတွဲ အထိ ထုလုပ်ထားသည်။ ကော့ဂွန်းဂူရှိ ကျောက်ရုပ်ကြွ သုံးခုအနက်နှစ်ခုမှာ ဗုဒ္ဓဘာသာဆိုင်ရာရုပ်တုများ ဖြစ်ပြီး ကျန်တစ်ခုမှာ ဟိန္ဒူအယူဝါဒဆိုင်ရာ ရုပ်တုဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် (၂၀၁၁) တွင်ဖော်ပြထားသည်။ ပထမရုပ်တုသည် ဗောဓိသတ္တနှင့် လက်ဝဲရံ၊ လက်ယာရံပုံများ ဖြစ်ဟန်ရှိကာ ဒုတိယရုပ်ကြွသည် ဦးခေါင်း၊ လက်များနှင့် ဒူးအောက်ပိုင်းမရှိတော့ဘဲ ကိုယ်လုံးသာကျန်ရှိနေသည်။ ဟိန္ဒူဘာသာနှင့် သက်ဆိုင်သည့် ကျောက်ရုပ်ကြွတွင် ဟိန္ဒူနတ်ဘုရားပုံများကို ထုလုပ်ထားပြီး ရေးထိုးထားသည့် ကမ္ပည်းစာများမှာမူ ပျက်စီးနေပြီ ဖြစ်သည်။ ကျောက်ရုပ်ကြွ၏ ဝတ်ရုံပေါ်၌ရေးထားသည့် စာများကို မွန်စာများဟု ဆိုကြသည်။ ကရင်ပြည်နယ်အတွင်းရှိ ဂူများအနက် ကော့ဂွန်းဂူတွင် ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များ အများဆုံးရှိနေကာ ယင်းဂူကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။

 

ရသေ့ပျံဂူ

 

ဘားအံမြို့နယ် ရသေ့ပျံကျေးရွာအနီး သံလွင်မြစ်၏အနောက်ဘက်တွင် တည်ရှိနေသည့် သဘာဝကျောက်လိုဏ်ဂူသည် ရွာကိုအစွဲပြုလျက်ရသေ့ပျံဂူဟု အမည်တွင်ခဲ့သည်။ ရသေ့ပျံဂူသည် ကော့ဂွန်းဂူနှင့် မနီးမဝေးနေရာတွင်တည်ရှိကာ ဂူ၏ အရှေ့ဘက် အတွင်းပိုင်းနံရံတွင် အမြင့်သုံးပေမှ ငါးပေအထိရှိသည့် ဗုဒ္ဓဆင်းတု တော်များကို မြင်တွေ့ရပြီး ရုပ်ပွားတော်များသည် နေရောင်တိုက်ရိုက်ထိတွေ့ခံရမှု နည်းပါးသဖြင့် မူလအရောင်အသွေးများအတိုင်း ကျန်ရှိနေသည်။ ရသေ့ပျံဂူတွင်ရှိသော ဗုဒ္ဓဆင်းတုတော်များ၏ မဏိတော်(ဦးခေါင်း)ကို အထက်သို့ မီးလျှံများတက်သွားသည့်ဟန် ထုလုပ်ထားသည်။ ရသေ့ပျံဂူ ကျောက်စာတွင် ဂူအတွင်းရှိ ဗုဒ္ဓဆင်းတုတော်အချို့သည် အေဒီ ၁၃ ရာစုက လက်ရာများဖြစ်ကြောင်း မြန်မာအင်္ဂလိပ်နှစ်ဘာသာဖြင့် ရေးထိုးထား၍ဂူကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနက ၁၉၇၅ ခုနှစ် မှစတင်၍ ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ လိုဏ်ဂူ၏အတွင်းပိုင်း ဂူအမိုးပေါ်တွင် အပေါက်ကြီးတစ်ပေါက်ရှိနေပြီး ထိုအပေါက်မှ အလင်းရောင်များသည် ဂူအတွင်းသို့ ကောင်းစွာဝင်ရောက်လျက်ရှိသည်။ လိုဏ်ဂူအတွင်း၌ တရားအားထုတ်ခဲ့သော ရသေ့သည် ထိုအပေါက်မှ ပျံထွက်သွားခဲ့ကြောင်း အစဉ်အဆက် ပြောဆိုခဲ့ကြပြီး ရသေ့ပျံတက်သွားသောကြောင့် ရသေ့ပျံ ဂူဟုအမည်တွင်ခဲ့သည်ဟု ဆိုကြသည်။ ဂူနံရံတစ်နေရာတွင် မုတ္တမနှင့်အင်းဝခေတ်တွင် ထွန်းကားခဲ့သည့် ဂဝံယဉ်ကျေးမှု အကြွင်းအကျန် ဂဝံလက်ရာများကို ပြသထားသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၁၆ ပေမြင့်သည့် ရသေ့ပျံဂူတွင် အုတ်ခွက်ဘုရားများရှိသော်လည်း ကော့ဂွန်းဂူရှိ အုတ်ခွက်ဘုရားများလောက် အရေအတွက် မများပါချေ။

 

mg thar 002 jan 2019

 

ဆဒ္ဒန်ဂူ

 

ကရင်ပြည်နယ်အတွင်းရှိ သဘာဝကျောက်လိုဏ်ဂူအများစုသည် လိုဏ်၏အဆုံးတွင် အပေါက်မရှိဘဲ ပိတ်နေသည့် တစ်ဖက်ပွင့်ဂူများဖြစ်ကြသည်။ သို့သော် ဆဒ္ဒန်ဂူသည် ဂူအဝမှ ဂူအဆုံးအထိ တိုးလျှိုးပေါက်နေကာ ဂူပေါက်နှစ်ပေါက်ရှိသည့် နှစ်ဖက်ပွင့် ဂူတစ်လုံးဖြစ်ပြီး ကရင်ပြည်နယ်ရှိ လိုဏ်ဂူများအနက် ဝင်ပေါက်ဝ အကျယ်ဆုံးနှင့် လိုဏ်အတွင်းလမ်း အရှည်ဆုံးဂူလည်း ဖြစ်သည်။ ဆဒ္ဒန်ဂူကို အရှေ့ပိုးကရင်ဘာသာဖြင့် ထန့်ကမာ့ခမိုက်ဟုခေါ်ဆိုပြီး ထန့်သည် လိုဏ်ဂူ၊ ကမာ့သည်ရေကန်၊ ခမိုက်သည် ကန့်အိတ်ပင်ဟု အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် ထန့်ကမာ့ခမိုက်သည် ကန့်အိတ်ပင်များ ပေါက်ရောက်နေသည့် ရေကန်အနီးမှ လိုဏ်ဂူဟု အဓိပ္ပာယ်ရှိသည်။

 

ဆဒ္ဒန်ဂူသည် ကရင်ပြည်နယ် ဇွဲကပင်တောင်တန်း၏ တောင်ဘက်အဆုံး၊ ဘားအံမြို့မှတောင်ဘက် မိုင် ၂၀ အကွာ၊ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူး ရွာတွင်တည်ရှိသည်။တောင်ခြေပတ်လည်သည် အနိမ့်ပိုင်းဖြစ်သဖြင့် မိုးရာသီတွင် ရေများပတ်ပတ်လည်ဝိုင်းနေလေ့ရှိသည်။ ဘားအံမြို့မှ ၁၃ မိုင်ကွာလှမ်းသည့် အိန္ဒုရွာမှ ငါးမိုင်ကွာဝေးသည့် ကော့ဝါးဆူးရွာသို့ ကော့စိန်ဘန်းရွာ၊ အထက်ရွာ၊ လာလမ မိန်းရွာနှင့် ကော့သိန်းခီးရွာတို့ကို ဖြတ်ကျော်လာလျှင် ကျယ်ဝန်းသော ရေအိုင်ကြီး အဆုံးရှိ ဆဒ္ဒန်လိုဏ်ဂူခြေရင်းသို့ ရောက်ရှိသည်။ ထို့အတူ ဆဒ္ဒန်ဂူသို့ ဇွဲကပင်တောင် အနောက်ဘက် ဘားအံ ဒုံရင်းမော်တော် ကားလမ်းနှင့် မော်လမြိုင်ဘက်မှလာလျှင် ဂျိုင်း(ဇာသပြင်) တံတားကိုကျော်ဖြတ်ပြီး ရွှေပြည်တောကင် လမ်းခွဲတို့မှလည်းသွားရောက်နိုင်ကြသည်။ မိုးတွင်းကာလတွင် ဇွဲကပင်တောင်တန်း အနောက်ဘက်မှ မော်တော်ကားလမ်းအတိုင်းသွား၍ ဘားအံမှ ၁၀ မိုင်ဝေးသော ကော့သလို့ရွာသို့ ရောက်လျှင် လှေများဖြင့် ဆဒ္ဒန်ဂူသို့သွားရောက် နိုင်သည်။

 

ဆဒ္ဒန်လိုဏ်ဂူ၏ အနောက်ဘက်ရှိ ရေအိုင်ကြီးသည် ဧက ၂၀ ကျယ်ဝန်း၍ ရေများအမြဲပြည့်နေကာ တောင်ဘက်တွင်ထန့်ဘိုင်နာ့ ခေါ်ဆင်ဟိုင်းတောင်နှင့် ဆက်နေသည်။ ထိုအင်းကြီးကိုဒေသခံများက ဘုရားလောင်း ဆဒ္ဒန်ဆင်မင်း ရေကစားပျော်မွေ့ခဲ့သည့် ရေအိုင်ဟု တင်စားကြသည်။ ဆဒ္ဒန်လိုဏ်ဂူ အဝင်လှေကားထစ်များ ခြေရင်းရှိ ၁၂ ပေစီမြင့်သည့် ဆင်ဖြူတော် ရုပ်တုနှစ်ခုကို မြန်မာသက္ကရာဇ် ၁၃၃၉ ခုနှစ် တပေါင်းလပြည့်နေ့ (ခရစ်နှစ် ၁၉၇၈ ခုနှစ် မတ်လ ၂၃ ရက်)တွင် ဖွင့်လှစ်ခဲ့သည်။ဆင်ဖြူတော်များအနီးတွင် ဤလိုဏ်ဂူများသည် ကျွန်ုပ်တို့အမျိုးသား အမွေအနှစ်၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။သို့ ဖြစ်ပါ၍ ၎င်းတို့အား ထိန်းသိမ်းစောင့်ရှောက်ပါဟု မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသည့် ဆိုင်းဘုတ်နှစ်ခုတွင် ထုံးကျောက် ဂေဟစနစ်၊ ထုံးကျောက် တောင်များမှရရှိသော အကျိုးကျေးဇူးများ၊ ထုံးကျောက်တောင်များအား ပျက်စီးစေသော အကြောင်းများကို ရောင်စုံဓာတ်ပုံများနှင့်တကွ ရေးသားဖော်ပြထားသည်။ ဆဒ္ဒန်ဂူပေါက်သည် မြေပြင်မှ ပေ ၅၀ မြင့်၍ လှေကားထစ်များအတိုင်းတက်ကြရ သည်။ ဂူအဝသည် ပေ ၁၀ဝ ကျယ်ဝန်းလျက် ဂူကြမ်းပြင်မှ အထက်သို့ပေ ၇၀ မှ ပေ ၁၀ဝ အထိမြင့်သည်။ ဆဒ္ဒန်ဂူသည်လည်း အရှေ့အရပ်သို့ မျက်နှာမူနေသဖြင့် နေရောင်ခြည်ကို ကောင်းစွာရရှိကာ ဂူအတွင်း၌ ခြောက်သွေ့ သန့်ရှင်းနေသည်။ ဆဒ္ဒန်လိုဏ်ဂူပေါက်ဝ၏ လက်ယာဘက် အပေါ်ထောင့် နံရံပေါ်တွင် အုတ်ခွက် ဘုရား ဆင်းတုငယ်များရှိပြီး ဂူ၏မြောက်ဘက်၊ မြေပြင်မှ ပေ ၂၀ အမြင့် နံရံပေါ်တွင် အုတ်ခွက်ဘုရားများ ကွာကျထားသည့် ကွက်လပ် နှစ်နေရာကိုမြင်တွေ့ရသည်။ အပေါ် အကွက်သည် အလျားခြောက်ပေ နီးပါးရှိပြီး အောက်အကွက်သည်အလျား ရှစ်ပေခန့်ရှိသည်။ ယင်းနေရာများတွင် ဉာဏ်တော်နှစ်လက်မခွဲအရွယ် အုတ်ခွက် ဆင်းတုများသည် ကွာမကျမီက အရေအတွက် ထောင်ဂဏန်းရှိခဲ့မည်ဟု ခန့်မှန်းရ ပေသည်။

 

ကရင်ပြည်နယ်ရှိ သဘာဝထုံးကျောက်တောင်များတွင် လင်းနို့ပေါင်းအကောင် ရေသန်းနှင့်ချီကာ နေထိုင်ကျက်စားကြပြီး ဆဒ္ဒန်ဂူတွင် လင်းနို့မျိုးစိတ် ခုနစ်ခုနှင့် ကျောရိုးမဲ့သတ္တဝါ ၁၃ မျိုးတို့ နေထိုင်လျက်ရှိသည်။ ဂူဝင်ပေါက်မှ အနောက်ဘက် ထွက်ပေါက်အထိ လေးဖာလုံ ရှည်လျားသော ဆဒ္ဒန်ဂူအတွင်းလမ်းသည် ယခင်က မြေလမ်းဖြစ်ခဲ့သော်လည်း ယခုအခါတွင် ကွန်ကရစ်ခင်းထားသည်။ ဂူအမိုးပေါက်တစ်ခုမှ အလင်းရောင်များသည် ဂူအတွင်း သို့ ဝင်ရောက်နေကာ ဂူ၏ အနောက်ဘက်အပေါက်အနီးတွင် ဂူအမိုးမှ ရေပေါက်များ နှစ်ပေါင်းများစွာ ကျခဲ့သဖြင့် ချိုင့်ခွက်များဖြစ်နေသည့် ကျောက်သားကြမ်းပြင်ကို မြင်တွေ့ ကြရသည်။ လိုဏ်ထွက်ပေါက်ဝ၏ အောက်တွင်ရှိသည့် ရေပြင်ကျယ်ကြီးကိုဖြတ်၍ ဂူရှေ့သို့ လှေများဖြင့်သွားကြရာတွင် ဆဒ္ဒန်လိုဏ်ဂူမှ တောင်ဘက် ပေ ၃၀ဝ အကွာတွင်ရှိပြီး ပေ ၂၀ဝ ခန့်မြင့်သည့် ထွန်ထွန့်ဖန်လိုဏ်ခေါင်း ရေကျော်ပေါက်ကို ဖြတ်သန်းကြရသည်။ ထွန်ထွန့်ဖန် လိုဏ်ခေါင်းရေကျော်ပေါက်သည် တိုးလျှိုးပေါက်ဖြစ်နေပြီး ရေပြင်ကလိုဏ်ကို ဖြတ်သန်းနေသည်။ မိုးတွင်းကာလတွင် ရေများသည် လိုဏ်အမိုးသို့ ထိလုနီးပါးဖြစ်နေကာ လှေပေါ်တွင်လိုက်ပါလာကြသူများသည် ရေကျော်ပေါက်အတွင်းမှ ဖြတ်သန်းစဉ် လှေဝမ်းအတွင်း ဝပ်လျက်လိုက်ပါကြရသည်။ ရေကျော်လိုဏ်သည် ပေ ၁၅၀ ရှည်လျား၍ ပေ ၃၀ နက်သည်။

 

သဘာဝအလျောက် ဖြစ်ပေါ်နေသည့် လိုဏ်ဂူများအတွင်း ရှေးအစဉ်အဆက်မှစ၍ ဘာသာရေးဆိုင်ရာ ရုပ်တု၊ ရုပ်ပွားများ ထားရှိပူဇော်ခဲ့ကြရာမှ ကာလကြာရှည်လာချိန်တွင် ယင်းဂူများသည် သဘာဝအမွေအနှစ် အဖြစ်သာမက သမိုင်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များအဖြစ်ပါ ရပ်တည်လာခဲ့ကြသည်။ ကရင်ပြည်နယ်ရှိ အထင်ကရ ဂူသုံးလုံးအပါအဝင် သဘာဝကျောက်ဂူများသည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံးတည်ရှိနေကြရာ ယင်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မြန်မာ့ရေမြေ ဖြစ်ထွန်းခဲ့သည့် ဘူမိအနေအထားကိုပါ ထိန်းသိမ်းထားနိုင်မည် ဖြစ်ပေသည်။ ။

 

မောင်သာ (ရှေးဟောင်းသုတေသန)

 

ကိုးကား

 

မြန်မာ့စွယ်စုံကျမ်း အနှစ်ချုပ် (၂၀၁၁)

 

ဆဒ္ဒန်လိုဏ်ဂူတော်(မန်းသင့်နောင်၊ကော့ကရိတ်)

 

ကော့ဂွန်းဂူရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ(မောင်မောင်နန်းနွယ်)