ဘိုဂိုတာမြို့ ရဲသင်တန်းကျောင်းအား ကိုလံဘီယာ အီးအယ်လ်အန်အဖွဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့ဟု ပြောကြား

ဘိုဂိုတာ ၂၂  ဇန်နဝါရီ 

 

အသေခံဗုံးခွဲတိုက်ခိုက်သူ အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ရသည့် ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂိုတာရှိ ရဲအတတ်သင် ကျောင်းတစ်ကျောင်းအား ဗုံးခွဲတိုက်ခိုက်မှု ကို ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ကိုလံဘီယာနိုင်ငံမှ လက်ဝဲဝါဒီ သူပုန်အဖွဲ့(အီးအယ်လ်အန်)က ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ယင်းဗုံးခွဲတိုက်ခိုက်မှုကြောင့် ကိုလံဘီယာအစိုးရနှင့် အီးအယ်လ်အန် သူပုန်အဖွဲ့တို့၏ ဟာဗားနားမြို့တွင် ကျင်းပဆဲဖြစ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လမ်းချော်သွားစေခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

 

ကိုလံဘီယာနိုင်ငံတစ်ဝန်းလုံးတွင် လူထောင်ပေါင်း များစွာတို့က ရဲသင်တန်းကျောင်းအား ကားဗုံးဖောက်ခွဲခဲ့မှုကို ဇန်နဝါရီ ၂၀ ရက်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ယင်းကားဗုံးဖောက်ခွဲမှုသည် ၂၀ဝ၃ ခုနှစ် နောက်ပိုင်းတွင် ဘိုဂိုတာမြို့၌ လူအသေအပျောက်အများဆုံး ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဖြစ်သည်။

 

အေအက်ဖ်ပီ