ဘိုလီဗီးယားတောင်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၁၁ ဦးသေဆုံး

၂၁ ဇန်နဝါရီ

 

ဘိုလီဗီးယားတောင်ပိုင်းတွင် အားကစားသမားများတင်ဆောင်လာသော ဘတ်စ်ကားတစ်စီး ယမန်နေ့က လျှိုမြောင်ထဲသို့ ထိုးကျခဲ့သဖြင့် ၁၁ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသတာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 

အဆိုပါ ဘတ်စ်ကားသည် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ တက်ရောက်ရန်တာရီဂျာ မြို့တော်မှ ထွက်ခွာလာရာ အရှိ်န်မထိန်းနိုင်ပဲ မတော်တဆမှုဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း  တာရီဂျာရဲတပ်ဖွဲ့ အကြီးအကဲ ရောဘတ် စီလတ်က ပြောကြားခဲ့သည်။ဒဏ်ရာရသူ အချို့ကို အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

ထိုယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းသည် ဘရိတ်ချို့ယွင်းမှုဖြစ်ကြောင်း ခရီးသည် အများအပြားက ဆိုသည်။

 

ဘိုလီဗီးယား အနောက်တောင်ဘက် အဝေးပြေးလမ်းမကြီးပေါ်တွင် ပြီးခဲ့သည့် စနေနေ့က ခရီးသည်တင်ဘတ်စ်ကားနှစ်စီး ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွားကာ  ၂၂ ဦးသေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို