ဗန်းမော်မြို့တွင် မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ဗန်းမော်ခရိုင်ရုံးခွဲ မှစီစဉ်ရိုက်ကူးသော “မသနားနဲ့စာနာပေးပါ”ပညာပေးဇာတ်လမ်းတို  မိတ်ဆက်ပွဲကျင်းပ

ဗန်းမော်    ၁၁ ဇန်နဝါရီ

ကချင်ပြည်နယ် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ဗန်းမော်ခရိုင်ရုံးခွဲတို့မှ ပူးပေါင်းစီစဉ်ရိုက်ကူးသော “မသနားနဲ့စာနာပေးပါ” ပညာပေး ဇာတ်လမ်းတို မိတ်ဆက်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲက ဗန်းမော်မြို့၊ မြို့မ ရပ်ကွက်ရှိ ဧရာမော်ကျောင်းတိုက်၏ အောက်ထပ်၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(ဗန်းမော်ခရိုင်ရုံးခွဲ)မှ ဥက္ကဋ္ဌ အရှင်သြသဓက ဇာတ်လမ်းရိုက်ကူးပုံဖော်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းမြွက်ကြားခဲ့သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(ဗန်းမော်ခရိုင်ရုံးခွဲ)မှ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက ရိုက်ကူးပုံဖော်ခဲ့သော “မသနားနဲ့စာနာပေးပါ” ပညာပေးဇာတ်လမ်းတို့ကို ကြည့်ရှုအားပေးခဲ့ပြီး ပညာပေး ဇာတ်ကားတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြ သူများအား မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (ဗန်းမော်ခရိုင်ရုံးခွဲ)မှ ဥက္ကဋ္ဌ အရှင်သြသဓ က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

“ဒီဇာတ်လမ်းရိုက်ကူးတဲ့ ရည်ရွယ်ချက်ကတော့ ဒီမသန်စွမ်းသူတွေကလည်း သန်စွမ်းသူ တွေနဲ့ တန်းတူအခွင့်အရေးရသင့်တယ်။ ဒါကြောင့် ဥပဉ္ဇင်းတို့က အနုပညာနဲ့ထိုးဖောက် ရတာပေါ့၊ အနုပညာနဲ့ထိုးဖောက်မှသာလျှင် ခေတ်ကာလက ပေါ်လွင်စေတာဖြစ်တဲ့အတွက် ကြောင့်မို့ မသန်စွမ်းသူတွေရဲ့ အခက်အခဲအတားအဆီးကို ပေါ်လွင်အောင်ပြခြင်းဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(ဗန်းမော်ခရိုင်ရုံးခွဲ)မှ ဥက္ကဋ္ဌ အရှင်သြသဓ က ပြောကြားခဲ့သည်။

အဆိုပါပညာပေးဇာတ်ကားကို မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (ဗန်းမော်ခရိုင်ရုံးခွဲ)မှ စီစဉ်၍ ၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ (၃)ရက်ကြာ  ဝတ္တုနှင့်ရိုက်ကွင်းတာဝန်ခံ စိုင်းဇော်တင့်၊ ဇာတ်ညွှန်း မောင်မောင်၊ ဒါရိုက်တာ မင်းသစ်ကျော်ဇင်တို့ဖြစ်ပြီး All Stars စက်ဖြင့်ရိုက်ကူး၍ ကိုမျိုးအေးက တည်းဖြတ် ဆောင်ရွက်ပေးခဲ့သည်။

သျှမ်းကလေး(ဗန်းမော်)

 

mdn