စားသောက်ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သင်တန်းဖွင့်

လူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိနိုင်စေရန်အတွက် စားသောက်ကုန် ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းကို ရန်ကုန် မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ဗိုလ်အောင်ကျော်လမ်းမီးခွက်ဈေးအနီးရှိ အစိုးရနည်းပညာအထက်တန်းကျောင်း (GTHS)၌ ကိုရီးယားမှ ကျွမ်းကျင်ပညာရှင်များက လာရောက်၍ အသက်မွေးဝမ်းကျောင်းပညာ သင်တန်းတစ်ရပ်ကို ပထမအကြိမ်အဖြစ် (အခမဲ့) လေ့ကျင့်သင်ကြားပေးနေပြီဖြစ်ကြောင်းသိရသည်။

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးမြင့်က “သက်မွေးပညာရပ်တွေ တိုးတက်လာစေဖို့ တစ်နိ်ုင်ငံလုံးမှာရှိတဲ့ သက်မွေးပညာကျောင်းတွေမှာ ဒေသရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ပညာရပ်တွေကို လေ့ကျင့်သင်ကြားပေးနေပါတယ်။ အခုအခါမှာ ပထမဆုံးအဖြစ် ကိုရီးယားနိုင်ငံက အစားအသောက် ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုအပိုင်းကို ကျွမ်းကျင်တဲ့ပညာရှင်တွေကနေ စာတွေ့လက်တွေ့ သင်ကြားပေးမှာပါ။ ဒါ့အပြင် လုပ်ငန်းခွင်လက်တွေ့ ပြုလုပ်ပုံတွေကိုလည်း သင်ကြားပေးမှာဖြစ်လို့ ကျွမ်းကျင်လုပ်သားရှားပါးမှုကို ဖြေလျှော့နိုင်ပြီး ကိုယ်ပိုင်အသေးစားစီးပွားရေးလုပ်ငန်းတွေကိုပါ ဦးစီးဦးဆောင် ပြုလုပ်နိုင်မယ့် အခွင့် အလမ်းတွေ ရရှိမယ့်အပြင် အခြား အသက်မွေးမှုဆိုင်ရာအလုပ်အကိုင်တွေလည်း ရရှိစေမှာဖြစ်ပါတယ်”ဟု ပြောသည်။

 

ယင်းသင်တန်းကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Korea International Cooperation Agency-KOICA)၊ ကိုရီးယားနိုင်ငံအခြေစိုက် Wholistic Interest Through Health(WITH) နှင့် မေတ္တာအလင်းအသင်း (Myitta-A-Lin Association) တို့ပူးပေါင်းကာ အစိုးရနည်းပညာအထက်တန်းကျောင်း (လှိုင်သာယာ)၌ ဒီဇင်ဘာ ၁၅ ရက်မှစ၍ သင်ကြားနေပြီး လေးလကြာ ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။

 

သင်တန်းများအဖြစ် ပေါင်မုန့်နှင့် ကိတ်မုန့်ဖုတ်သင်တန်းတွင် သင်တန်းသား ၂၀ ၊ အနောက်တိုင်းနှင့် အရှေ့တိုင်း အစားအစာအချက်အပြုတ်သင်တန်းတွင် ၂၀၊ ကော်ဖီနှင့်ဖျော်ရည်သင်တန်းတွင် ၂၀ စုစုပေါင်း သင်တန်းသား ကျား/မ ၆၀ တက်ရောက်ကြရမည်ဖြစ်ပြီး အသက် ၁၅ နှစ်မှ အသက် ၂၀ ကြား ပညာအရည်အချင်း အနိမ့်ဆုံး ရှစ်တန်းအထိ သင်ကြားခဲ့ဖူးသူများ တက်ရောက်နိုင်ကြောင်းနှင့် GTHS(လှိုင်သာယာ)အနေဖြင့် အလားတူသင်တန်းများကို တစ်နှစ်လျှင်နှစ်ကြိမ် ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် နည်းပညာနှင့် သက်မွေးပညာရပ်များ ဖွံ့ ဖြိုးတိုးတက်လာစေရန် နိုင်ငံနှင့်တစ်ဝန်းရှိ အစိုးရနည်းပညာကောလိပ် သုံးကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်း၊ သက်မွေးပညာသင်တန်းကျောင်း ငါးကျောင်းအပါဝင် စုစုပေါင်း ၆၅ ကျောင်းတွင် ပုံမှန်သက်မွေးသင်တန်းများအပြင် ဒေသလိုအပ်ချက် အပေါ်မူတည်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ သက်မွေးပညာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)၊ ဓာတ်ပုံ-မျိုးကြီး