ဆွာချောင်းတမံမှ နွေစပါးစိုက်ဧက မူလလျာထားချက်ထက် ဧက ၅၀ဝ ကျော် ပိုမိုရေပေးဝေနိုင်

ရေတာရှည်  ၁၅  ဇန်နဝါရီ 

 

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာချောင်းတမံမှ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် မူလလျာထားချက်ဖြစ်သော ဧက ၅၀ဝ၀ ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် ရေစတင်ပေးဝေခဲ့သည်။

 

တောင်ငူခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ကွင်းဝန်ထမ်းများ၊ နွေစပါး စိုက်ပျိုးလိုသည့် ဒေသခံတောင်သူများ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိရာ ရေလေလွင့်မှုသက်သာပြီး ပိုလျှံလာသောရေဖြင့် မူလလျာထားသည်ထက် ဧက ၅၀ဝ ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

 

“ရေပေးတဲ့အခါမှာ ပိုလျှံလာတဲ့ ရေတွေကို တခြားတောင်သူတွေပါ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် ဧက ၅၀ဝ ကျော်လောက် ပိုစိုက်နိုင်တာ တွေ့ရပါတယ်” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

နွေစပါးစိုက်ပျိုးမည့် စာရင်းတွင် မပါဝင်သော်လည်း ရေပိုရေလျှံများ ဝင်ရောက်လာသည့်အတွက် လယ်များ စိုက်ပျိုးလျက်ရှိသည့် ရေတာရှည်မြို့ ညောင်ပင်သာကျေးရွာနေ ဒေသခံတောင်သူတစ်ဦးက “ကျွန်တော်တို့ ကွင်းက ရေပေးမယ့်အထဲမှာ မပါဘူး။ သပြေတန်းရွာကနေ ကားလမ်းအရှေ့ ဘက်မြောင်းအတိုင်း ရေတွေဝင်လာလို့ အောက်ကတောင်သူတွေ စုပြီးစိုက်ကြတာ အဆင်ပြေပါတယ်” ဟု ပြောသည်။

 

ကိုလွင် (ဆွာ)