ဆီးချိုရောဂါနှင့် ယနေ့ကမ္ဘာ

မေယု-မျိုးအောင်(MANA)

ဆီးချိုသွေးချိုရောဂါသည် အသံတိတ်လူသတ်သမားဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုရောဂါကြောင့် ခြောက်စက္ကန့်တိုင်း၌ လူတစ်ဦးနှုန်း သေဆုံးလျက်ရှိသည်။ ၁၀ စက္ကန့်တိုင်းတွင် ကမ္ဘာပေါ်ရှိလူနှစ်ဦးမှာ ဆီးချိုသွေးချိုရောဂါ စတင်ဖြစ်ပွားနေပြီး စက္ကန့် ၃၀ တိုင်း၌ လူတစ်ဦးမှာ ဆီးချိုသွေးချိုရောဂါကြောင့် မသန်စွမ်းဖြစ်နေကြရသည်။ ၂၀၁၅ ခုနှစ် စာရင်းအရ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားသူ ၄၁၅ သန်းရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် သန်း ၆၄၀ အထိရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃-၂၀၁၄ သုတေသနစစ်တမ်းအရ အသက် ၂၅ နှစ်နှင့် ၆၅ နှစ်ကြား လူ ၁၀ဝ လျှင် ၁၁ ဦးအထိ ဖြစ်ပွားနေပြီး နှစ်စဉ် သေဆုံးသူ ၁၀ဝ ၌ သုံးဦးမှာ ဆီးချိုသွေးချိုရောဂါဖြင့် သေဆုံးလျက်ရှိသည်။

ဆီးချိုသွေးချိုရောဂါသည် မျိုးရိုးလိုက်သော ရောဂါတစ်မျိုးဖြစ်ပြီး ဘိုးဘွားမိဘများတွင် ဆီးချိုသွေးချိုရောဂါ ရှိပါက သားသမီးများတွင်လည်း ဖြစ်နိုင်ခြေများသည်။ ဆီးချို သွေးချိုရောဂါသည်တစ်ဦးသည် အချိန်မတိုင်မီစော၍ သေဆုံးနိုင်ပြီး ၁၀ နှစ်မှ ၁၂ နှစ်အထိ သက်တမ်းပိုတိုနိုင်သည်။ အသက်ရှင်နေစဉ် တွင်လည်း ခန္ဓာကိုယ်မှ အင်္ဂါအားလုံး ထိခိုက်ပျက်စီးပြီး လူစဉ်မမီဖြစ်စေနိုင်သည်။ ဆေးကုသမှုစရိတ် အကြီးမားဆုံး ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါကုသစရိတ်သာမက ရောဂါရှင်ကို ပြုစုရသည့်အတွက် မိသားစုကိုလည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်သည်။ ဆီးချိုသွေးချိုရောဂါသည် မိသားစုတစ်စုချင်းစီကိုလည်း စီးပွားရေးပျက်ပြားစေပြီး ဆင်းရဲတွင်းသို့ တွန်းပို့ပေးနိုင်သော ရောဂါဖြစ်သည်။

ဆီးချိုသွေးချိုရောဂါကပ်ဆိုးကြီးကို အချိန်မီကာကွယ် ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတကာ ဆီးချိုသွေးချို ဖက်ဒရေးရှင်း (International Diabetes FederationIDF) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) တို့က ၁၉၉၁ ခုနှစ်၌ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်မှစတင်ကာ ကမ္ဘာ တစ်ဝန်းတွင် အခမ်းအနားများ ကျင်းပခဲ့ကြသည်။ မြန်မာနိုင်ငံ တွင် ၁၉၉၈ ခုနှစ်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀ဝ၁ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပခဲ့သည်။

ရောဂါအခမဲ့စစ်ဆေး ရှာဖွေကုသ 

အသက် ၄၀ ပြည့်ပြီး ဆီးချိုသွေးချိုဖြစ်နိုင်ခြေရှိသူများအား အခြေခံ ကျန်းမာရေးဝန်ထမ်းများက မြို့နယ် ၁၉၄ မြို့နယ်တွင် အခမဲ့စစ်ဆေးရှာဖွေခြင်းနှင့် ကုသခြင်းများ ဆောင်ရွက် လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်းရေးစီမံချက်တို့ ပူးပေါင်းပြီး မကူးစက် နိုင်သော ရောဂါများဖြစ်သည့် ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုး ရောဂါများကို ကျေးလက်ဒေသများမှာ ရှာဖွေကုသပေးသည့် လုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ဦးစီးပြီး ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ စုစုပေါင်း မြို့နယ် ၁၉၄ ရှိ အခြေခံကျန်းမာ ရေးဝန်ထမ်းများကို သင်တန်းပေးပြီးဖြစ်ကာ အသက် ၄၀ ပြည့်ပြီး ဆီးချိုသွေးချို ဖြစ်နိုင်ခြေရှိသူများကို အခြေခံကျန်းမာ ရေးဝန်ထမ်းများမှ အခမဲ့စစ်ဆေးရှာဖွေဖော်ထုတ်ခြင်း၊ ကုသခြင်း၊ လိုအပ်သလို လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆီးချိုရောဂါဖြစ်ပွားပြီး ကုသပါက မိသားစုများ၏ အခန်းကဏ္ဍသည် များစွာအရေးပါပြီး ဆီးချိုသွေးချိုဝေဒနာရှင် များအား ကူညီထောက်ပံ့ပေးရန် မိသားစုဝင်များအနေဖြင့် ဆီးချိုသွေးချိုရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် ဗဟုသုတများ သိရှိရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“ ယနေ့ကာလမှာ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းဟာ ကြောက်ခမန်းလိလိ တိုးတက်များပြားလာနေပါတယ်။ ဒါ့အပြင် ကပ်ရောဂါကဲ့သို့ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့ဖြစ်ပွားနေပါတယ်။ မိသားစုဝင်တွေအနေနဲ့ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ညီညွတ်စေဖို့ နေထိုင်၊ စားသောက်တတ်အောင် သင်ကြားပေးခြင်း၊ မိသားစုအတွင်း စားသောက်နေတဲ့ ထမင်းဝိုင်းတွေကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြင်ဆင်စားသောက်ခြင်း၊ အန္တရာယ်ဖြစ်စေတဲ့ တိရစ္ဆာန်မှရသောအဆီနဲ့ မကြာခဏ ပြန်ကြော်ထားတဲ့ဆီတွေကို လျှော့စားဖို့ လိုပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနှုန်းသည် ၁၀ ဒသမ ၅ ရာခိုင်နှုန်း (၁၀ ဦးတွင် တစ်ဦးနှုန်း) ဖြစ်ပွားနေကြောင်း၊ သွေးတိုးရောဂါဖြစ်ပွားနှုန်းသည် ၂၆ ဒသမ ၄ ရာခိုင်နှုန်း (လေးဦးတွင် တစ်ဦးနှုန်း) ဖြစ်ပွားနေကြောင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားရန် တာစူနေသည့် သူများသည် ၁၉ ဒသမ ၅ ရာခိုင်နှုန်း (ငါးဦးတွင် တစ်ဦးနှုန်း) ဆီးချိုရောဂါ ဖြစ်နိုင်သည့် အလားအလာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဆီးချိုသွေးချိုအဖွဲ့ချုပ်တို့မှ ၂၀၁၄ ခုနှစ်တွင် ပြုလုပ်သည့် STEP Surveyအရ သိရသည်။

သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ

 သွေးချိုဆီးချိုသံသယဖြစ်ဖွယ် လက္ခဏာများက မကြာခဏ ရေဆာ၊ ရေငတ်ခြင်း၊ မကြာခဏဆာလောင်ခြင်း (အထူး သဖြင့် အစာစားပြီးနောက်ပိုင်း) ခံတွင်းခြောက်ခြင်း၊ ဆီးခဏ ခဏသွားခြင်း (သို့မဟုတ်) ဆီးပိုးဝင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း (အားနည်းပင်ပန်းသလို ခံစားရခြင်း)၊ အမြင်အာရုံဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကတုန်ကယင်ဖြစ်၍ ဆာလောင်ခြင်း၊ ခြေထောက်ထုံကျဉ်ခြင်းနှင့် ထိခိုက်ပွန်းပဲ့ရာတွင် အနာကျက် နှေးခြင်းတို့သည် ဆီးချိုသွေးချိုရောဂါ၏ လက္ခဏာများ ဖြစ်သည်ဟုဆိုပေရာ သံသယဖြစ်ဖွယ်ရှိသည်နှင့် အချိန်မီ စစ်ဆေးကုသရန် လိုမည်ဖြစ်သည်။

အိမ်တိုင်း၏ လက်စွဲဖြစ်သည့် အချိုမှုန့်သုံးစွဲမှုနှင့် အချို၊ အအီအဆိမ့်များသည့် အစားအသောက်များ၊ သရေစာများ စားသုံးမှုတို့ကိုလည်း သတိပြုဆင်ခြင်သင့်ပြီး ယင်းရောဂါဖြစ်ပွားပါက ပျောက်ကင်းမှုမရှိဘဲ တစ်သက်တာလုံး သတိပြုနေထိုင်ရမည်ဖြစ်၍ မိမိတို့၏ စားသောက်နေထိုင်မှုပုံစံကိုသာ စိစစ်ပြုပြင်ကြရုံမှ တစ်ပါး အခြားမရှိဟု ပြောရမည်ဖြစ်သည်။

ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲအန္တရာယ် ကြီးမားမှုကို အကဲခတ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့်မူ အသက်အရွယ်မရွေး ဖြစ်ပွားတတ်သည့် ရောဂါမျိုးဖြစ်သဖြင့် ကျန်းမာရေးနှင့်သင့်လျော်သည့် စားသောက်နေထိုင်မှုမျိုးဖြစ်ရန် သတိပြုဆင်ခြင်ရန် ဖြစ်သည်။ အဓိကအားဖြင့် မျိုးရိုးမိသားစုများထဲ၌ ရောဂါရှိနေခြင်း၊ အဝလွန်ခြင်းနှင့် ကိုယ်ကာယလှုပ်ရှားမှုနည်းပါးသည့် လူနေမှုဘဝတွင် နေထိုင်သူတို့မှာ ဖြစ်ပွားရန် ပိုမိုနီးစပ်သည်ဟုလည်း သတိပြုရမည်ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်တို့အနေဖြင့် မိမိတို့နှင့် သက်ဆိုင် သည့် နယ်ပယ်ကဏ္ဍတိုင်း၌ သုတေသနပြုခြင်း၊ စစ်တမ်း ကောက်ယူခြင်း စသည့်လုပ်ငန်းများကို တတ်အားသရွေ့ လုပ်ဆောင်ကြကာ သိသင့်သိထိုက်သည်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို မပြတ်ထုတ်ပြန် သတိပေးနိုင်ပါက အများပြည်သူတို့သည်လည်း မှန်ကန်စွာ လိုက်နာကျင့်သုံး ခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပြုနိုင်မည်ဖြစ်ပါသည်။

ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ သွေးအတွင်း အချိုဓာတ်များနေသော ရောဂါတစ်ခုဖြစ်သည်။ ဆီးချိုသွေးချိုရောဂါသည် လူတိုင်းတွင် ဖြစ်နိုင်ပါသည်။

ဆီးချိုသွေးချိုရောဂါ ကြိုတင်ကာကွယ်ပါ 

(၁) အစားလျှော့စားပါ၊ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်း သော အစားအစာများကို ရှောင်ကြဉ်ပါ။

 (၂) ရေများများသောက်ပါ။ ရေဆာလျှင် ရေကိုသာ သောက်ပါ။ 

(၃) အဝမလွန်အောင် ထိန်းသိမ်းပါ။

(၄) လှုပ်ရှားမှုများသော လူနေမှုပုံစံဖြင့် နေထိုင်ပါ။

 (၅) နားနေချိန်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

 (၆) အမျှင်ဓာတ်များသော အစားအစာ များများစားပါ။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများနှင့် စုံအောင်စားပါ။ 

(၇) တိရစ္ဆာန်မှရသော အဆီများ (ဥပမာ- ကြက်အရေ ပြား၊ ဝက်အရေပြား၊ ကလီစာ၊ ဝက်ဆီ၊ ဘဲဆီ) တို့ကို ရှောင်ကြဉ်ပါ။ ငါးမှရသော အဆီများ စားသုံးနိုင်ပါသည်။

 (၈) စိတ်ဖိစီးမှုများကို လျှော့ချနိုင်သမျှ လျော့အောင် ကြိုးစားနေထိုင်ပါ။

ဆီးချိုသွေးချိုရောဂါဟု သံသယရှိပါက နီးစပ်ရာကျန်းမာ ရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက် စစ်ဆေးကာ ကုသမှုခံယူနိုင်ပါသည်။

တစ်နေ့လျှင် မိနစ် ၃၀ ခန့် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်း ဖြင့် ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားမှုနှုန်းကို ၄၀ ရာခိုင်နှုန်း လျော့နည်းစေနိုင်ပါသည်။

ဆီးချိုသွေးချိုရောဂါတွင် အမျိုးအစားနှစ်မျိုးရှိပြီး အမျိုးအစား (၁)သည် ရက်သတ္တပတ်အတွင်း ရောဂါလက္ခဏာကို လျင်မြန်စွာသိနိုင်၍ အမျိုးအစား (၂) မှာမူ တဖြည်းဖြည်းမှ ရောဂါလက္ခဏာပေါ်တတ်ပြီး နှစ်များစွာကြာမှ သိနိုင်သည်။ ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) သည် ဖြစ်ပွားမှုအများ ဆုံးဖြစ်ပြီး ရာခိုင်နှုန်း ၉၀ မှ ၉၅ အထိရှိသော်လည်း ယင်းတို့ အနက်မှ ရာခိုင်နှုန်း ၇၀ သည် ကာကွယ်နိုင်သောရောဂါဖြစ်၍ က္ဘမာပေါ်ရှိ လူသားများကို အန္တရာယ်ပေးလျက်ရှိသည့် ဆီးချို သွေးချိုရောဂါကို လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိဖြင့် ကြိုတင်ကာကွယ်ရေး ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါတိုးမလာစေရန် အချိန်မီကုသ ထိန်းသိမ်းခြင်းတို့ ပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ဆီးချိုသွေးချိုရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း ရေးသားလိုက်ရပါသည်။ ။