၂၁ ဇန်နဝါရီ
ယခုလပိုင်းဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်းများ အနိမ့်တွင်ရှိနေစဉ် ငွေကြေးတတ်နိုင်သူအချို့အနေဖြင့် နှစ်စဉ် သိုလှောင်ထားရှိတတ်သော တစ်နှစ်စာစားသုံးမည့် ဆန်အတိုင်းအတာ သိုလှောင်ထားရန် ဆန်ခြောက်သွေ့မှု ရှိလာချိန်လည်းရောက်လာသဖြင့် သိုလှောင်ရန်ပြင်ဆင်နေမှုများ မြင်တွေ့လာရသည်ဟု လမ်းမတော်မြို့နယ် နေသူတစ်ဦးက ဆိုသည်။
မိမိအိမ်သားတစ်နှစ်စာ စားသုံးကုန်ကျမည့် ဆန်ပမာဏကို ပီပါများ၊ ပုံးများအတွင်း ထည့်သွင်းကာ အဖုံးအလုံပိတ်ထားကြပြီး စားသုံးရန်ထုတ်ယူချိန်တွင်မှ တစ်ပုံးချင်းထုတ်ယူလေ့ရှိသည်။ ဆန်ထည့်သွင်းခြင်း မပြုမီ ပီပါများ၊ ပုံးများကို ဆေးကြောအခြောက်ခံထားကြသည်။ ပီပါပုံးများ ဆေးကြောပြီး နေရောင်အောက်တွင် ရက်အနည်းငယ်ထား အခြောက်ခံကြသည်။
ဂါလန် ၅၀ ဝင်ပီပါတစ်ပီပါလျှင် ဆန် တစ်တင်းခွဲအိတ် လေးအိတ်ဝန်းကျင် ထည့်၍ရသည်ဟု သိရသည်။ ဆန်ထည့်သွင်းပြီးချိန် လေလုံအောင် သေချာစွာပိတ်ရသည်။ လေမလုံပါက ဆန်ပိုးအမဲသာမက ဆန်ပိုးရွကောင်အဖြူများ ပါဝင်လာတတ်သည်။
ဆန်လှောင်ထားစားသုံးသူအချို့အနေဖြင့် အဖုံးမပိတ်မီ မီးမွှေးသည့် ထင်းရူးသားအချောင်းအနည်းငယ် ဆန်အတွင်းစိုက်ပြီးမှ လေလုံအောင်အဖုံးပိတ်ကြသည်။ အချို့ကမူ ကြက်သွန်ဖြူ အနည်းငယ်ထိပ်ဖြတ်ပြီး ထည့်ထားသည်။ ငရုတ်သီးအတောင့်အချို့ ထည့်တတ်သည်။ အနံ့ကြောင့်ဆန်ပိုးမတက်နိုင်ဟု သိုလှောင်စားသုံးသူတစ်ဦးက ဆိုသည်။
ထုတ်ယူစားသုံးချိန်တွင် မကြာခဏထုတ်ယူခြင်းသည် လေလုံခြင်းကိုအားနည်းစေသည်ဟုဆိုသည်။ ဆန်သစ်ပေါ်ချိန်ဆန်ဈေးနှုန်းလည်း အနိမ့်တွင်ရှိတတ်၍ ယင်းသို့မိမိအိမ်ထောင်စု တစ်နှစ်တာ စားသုံးကုန်ကျမည့် ဆန်သိုလှောင်ခြင်းသည် နှစ်လယ်နောက်ပိုင်း ဆန်ဈေးမြင့်တက်လာမှု ခံစားရခြင်းမျိုးမရှိဟု ဆိုသည်။
၁၉၇၀ ခုနှစ်ဝန်းကျင် စားသုံးဆန်များကို ရပ်ကွက်သမဝါယမဆိုင်များမှ ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးရာတွင် လူကြီးတစ်ဦးလျှင် ယတစ်လအတွက်ဆန် ၈ ပြည်နှုန်း ကလေးတစ်ဦးလျှင် တစ်လဆန် လေးပြည်နှုန်း ထုတ်ပေးခဲ့ခြင်းရှိခဲ့သည်။ သို့သော်မြို့နေလူတန်းစားများ အနေဖြင့်ကလေး လူကြီး ဆန်စားသုံးမှုမှာ ထုတ်ပေးသည့် နှုန်းဖြင့် လုံလောက်ခဲ့သည်ဟု သိရသည်။
၂၀၁၈ ခု နှစ်လယ်နောက်ပိုင်း စပါးသစ်များ ထွက်ပေါ်လာချိန် ဆန်သစ်ဈေးနှုန်းများ ကျဆင်းလာသည်။ ၂၀၁၈ ခုနှစ်လယ်နောက်ပိုင်း ရန်ကုန်ဈေးကွက်တွင် ဆန်ချောတစ်အိတ်လျှင် ကျပ်တစ်သောင်းဝန်းကျင် ဆန်ကြမ်း တစ်အိတ် လေးထောင်ဝန်းကျင် ဈေးမြင့်တက်ခဲ့သည်။
ဆန်သစ်ထွက်ပေါ်ချိန် နယ်စပ်ဈေးကွက်အပါအဝင် ဥရောပဈေးကွက်တွင် ပြည်ပပို့မြန်မာဆန်အနေဖြင့် အခက်အခဲအချို့ရှိနေရာ ဆန်ကြမ်းဈေးများ အနိမ့်တွင်ရှိနေသည်။ ၂၀၁၈ နှစ်လယ်နောက်ပိုင်း ရွှေဘိုပေါ်ဆန်း တစ်အိတ် ၆၃၀ဝ၀ ကျပ်ဝန်းကျင် ပုသိမ် မြောင်းမြပေါ်ဆန်းတစ်အိတ် ၅၃၀ဝ၀ ကျပ်ဝန်းကျင် နယ်စုံမြစ်ဝကျွန်းပေါ် ပေါ်ဆန်းတစ်အိတ် ၄၈၀ဝ၀ ကျပ်ဝန်းကျင် ပေါ်ကျွဲတစ်အိတ် ၄၄၀ဝ၀ ကျပ် ငစိန်ဆန်တစ်အိတ် ၂၂၀ဝ၀ ကျပ်ရှိခဲ့သည်။
သို့သော်ဆန်သစ်ထွက်ပေါ်ထားသည့် ယခုလပိုင်းတွင် ရွှေဘိုပေါ်ဆန်း ဆန်သစ်တစ်အိတ် ၄၇၀ဝ၀ ကျပ် ၊ ပုသိမ် မြောင်းမြပေါ်ဆန်း ဆန်သစ်တစ်အိတ် ၄၂၀ဝ၀ ကျပ် ၊ နယ်စုံပေါ်ဆန်းဆန်သစ်တစ် အိတ် ၃၅၀ဝ၀ မှ ၃၈၀ဝ၀ ကျပ် ပေါ်ကျွဲတစ်အိတ် ၂၇၀ဝ၀ ကျပ် ငစိန်ဆန်သစ်တစ်အိတ် ၁၉၀ဝ၀ ကျပ် အသီးသီးဈေးနှုန်းရှိနေသည်ဟု ရန်ကုန်ဈေးကွက်မှ သိရသည်။
ငွေကြေးတတ်နိုင်သူအချို့သည် ဆန်သိုလှောင်ရန် အစိုဓာတ်နည်းပြီး ခြောက်အားကောင်းသော တပေါင်းလတွင် ပြလုပ်လေ့ရှိသည်။ သို့သော် ယင်းလနေ့ပိုင်းအပူချိန်မြင့်၍ ဆန်ကြိတ်ခွဲရာတွင် အကျိုးအကြေများတတ်ခြင်းရှိသည်။ သို့ဖြစ်ရာ တပေါင်းလမတိုင်မီ ဆန်ဝယ်ယူသိုလှောင်ရန် ပြင်ဆင်မှုများကို ယခုလကုန်ရက်ပိုင်းကစ၍ မြင်တွေ့လာရသည်။ ယင်းသို့ သိုလှောင်ရာတွင် ပေါ်ဆန်းဆန်သာ သိုလှောင်မှုများသည်ဟု ဆန်ရောင်းဝယ်သူ ကိုဝင်းဇော် က ဆိုသည်။
ခင်ဆိုင်