စီးပွားရေးထွက်ရပ်လမ်း တက်လှမ်းဖို့အချိန်

mdn

ကိုရင်သြ - ရေးသားသည်

 

ဆိုင်းမဆင့် ဗုံမပါ(ဝါ) ကြိုတင်ကြေညာခြင်းမရှိဘဲ မြို့တော်ပေကျင်းသို့ အထူးရထားကြီးစီး၍ သွားရောက်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် သုံးရက် ကြာမျှ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သူ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏သတင်းက ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့သတင်းဇာတ်ခုံပေါ်သို့ ခုန်ပျံကျော်လွှား ရောက်ရှိလာရာ ကျွန်ုပ်၏သတင်း “ပစ်ကွင်း” (ဝါ) News range အတွင်းသို့ ဝင်ရောက်လာသော ယင်းသတင်း နှင့်ဆက်စပ်လျက် တစ်နွယ်ငင်တစ်စင်ပါ ဂဃနဏစေ့ငုလေ့လာကြည့်ရန် အာရုံစူးစိုက်မိ လေ၏။ 

 

စကားလက်ဆုံကျ 

 

ခေါင်းဆောင်ကြီးကင်၏ ခရီးစဉ်အတွင်းသမ္မတရှီနှင့်အတူ မည်သည့် အကြောင်းခြင်းရာများကို ဆွေးနွေးတိုင်ပင်ခဲ့ပါသနည်းဟူသော အမေးပုစ္ဆာမှာ ကမ္ဘာကသိရှိလိုသော အချက်အလက်များ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သူတို့နှစ်ဦး စကားလက်ဆုံကျ အစုံအဖက်ပြော၍မကုန် ဆွေးနွေး၍မပြီး အကြောင်းခြင်းရာများတွင် ပါဝင်ဖွယ်ရှိသည်တို့ကား နှစ်နိုင်ငံစီးပွားရေး ဆက်ဆံမှုမြှင့်တင်ရေး၊ နျူကလီးယားဆွေးနွေးပွဲ တိုးတက်ရေး၊ ကင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ ဒုတိယမြောက် ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ဖွယ်ရှိမှုအတွက် ပြင်ဆင်ဆောင်ရွက်ရေးတို့ဖြစ်၏ဟု စီးပွားရေး သတင်းများကို ဦးစားပေးထုတ်လွှင့်သည့် အမေရိကန်စီအင်န်ဘီစီ ရုပ်မြင် သံကြားဌာနက တင်ဆက်ခဲ့လေသည်။

 

 ခေါင်းဆောင်ကြီးကင်သည် တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်းမှာ စတုတ္ထအကြိမ်ဖြစ်ပြီးလျှင် ဆိုရေးရှိကဆိုအပ်စွ၏ ဟူဘိသို့ တူနှစ်ကိုယ် သီးသန့်မိတ်ဆုံ နှီးနှောခြင်းပင်ဖြစ်သည်။ 

 

၂၀၁၉ ခုနှစ် နှစ်ဦးအခါသမယမှာပင် ပေကျင်းခရီးစဉ်ကို ရထားကြီးစီးကာ အပြေးနှင်ခဲ့၏။ ယခုနှစ်အတွက် သံတမန်ရေးရှုမျှော်ခင်းကို ထင်ထင် လင်းလင်း ရှိစေခြင်းလည်းဖြစ်၏။ နှစ်နိုင်ငံချစ်ကြည်ရေးကို ဆက်စပ်ဖော် ထုတ်ခြင်းလည်းဖြစ်၏။ အနီးအပါးရှိ တောင်ကိုရီးယားနိုင်ငံအတွက်ရော အဝေးအစွန်းရှိ အမေရိကန်ပြည်ထောင်စုအတွက်ပါ မျှော်တလင့်လင့်ဖြင့် အားတက်မှုကိုဖြစ်စေသော ခရီးစဉ်လည်းဖြစ်၏။

 

 အပေါင်းအသင်းဆံ့ 

 

အရေးယူဒဏ်ခတ်ခံရမှုနှင့်အတူ အထီးကျန် အကျပ်ဆိုက်မှုများမှ ကျော်လွှားလွန်မြောက်ကာ ကမ္ဘာ့ အလယ်တွင် အပေါင်းအသင်းဆံ့သည့် နိုင်ငံတစ်နိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလာကာ ကမ္ဘာနှင့် မိတ်ဖက်ပြု ဆောင်ရွက်မှုတိုးတက်စေရေးအတွက် ခေါင်းဆောင်ကြီးကင်နှင့် သမ္မတရှီတို့ အလေးအနက်ပြု ဆွေးနွေးခဲ့တန်ရာ၏ဟု နိုင်ငံတကာက အကဲဖြတ်သုံးသပ် ခဲ့ကြသည်။ ထို့ပြင် ကိုရီးယားကျွန်းဆွယ်ကို အဏုမြူလက်နက်ကင်းရှင်းသော နယ်မြေ(ဝါ) ငြိမ်းချမ်းသောနယ်မြေတစ်ခုအဖြစ်သို့ ကူးပြောင်းလာစေရေး ကြိုးပမ်းရာတွင် တရုတ်နိုင်ငံ၏ ဖျတ်ဖျတ်လတ်လတ် ပါဝင်ကြိုးပမ်းမှု အခန်း ကဏ္ဍကိုလည်း မြှင့်တင်နိုင်ရာသည်ဟူ၍လည်း သုံးသပ်နိုင်ရာသည်။ 

 

ကိုရီးယားကျွန်းဆွယ်အရေး နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရေး လုပ်ငန်းစဉ် တစိုက်မတ်မတ်ဖြစ်ပေါ် တိုးတက်ရေးအတွက် နှစ်နိုင်ငံလက်တွဲ ကြိုးပမ်းကြရန် သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ကြေညာချက်တစ်ရပ်ထုတ်ပြန်လေသော် သံသယဝါဒီ(ဝါ) အဆိုးမြင် ဝါဒီတို့ ခြေသုတ်ပုဆိုးမာန်စွယ်ကျိုးသို့ ဖြစ်ရချေ၏။ 

 

အလားတူစွာပင် မြောက်ကိုရီးယားနိုင်ငံ၏ သတင်းမီဒီယာကလည်း ကြေညာချက်ထုတ်ကာ ကမ္ဘာသို့ သိကြားစေသက်သေညွှန်းခဲ့ရာတွင် အနာဂတ်ကာလ အမေရိကန်-မြောက်ကိုရီးယား ဆက်ဆံရေးတိုးတက်မှု အတွက် ဖြစ်ပေါ်နိုင်အံ့သော အတားအဆီးများနှင့်ပတ်သက်၍ ခေါင်းဆောင် ကြီးကင်နှင့် သမ္မတရှီတို့ နှီးနှောဖလှယ်ခဲ့ကြသည်ဆို၏။ 

 

မြောက်ကိုရီးယား၏ ရသင့်ရထိုက်သောအကျိုးစီးပွားများ မပျက်ယွင်း စေဘဲ စေ့စပ်ညှိနှိုင်းဖြေရှင်းသွားကြရန် လိုအပ်ပုံကို သမ္မတရှီက ထောက်ပြ ခဲ့သည်ဟုလည်း အဆိုပါမီဒီယာက ထုတ်လွှင့်ခဲ့သေးသည်။

 

 ကိုရီးယားကျွန်းဆွယ် တည်ငြိမ်အေးချမ်းရေးအတွက် ဒင်္ဂါးပြားပမာ ကျောသားရင်သား အတူယှဉ်တွဲဒွန်တွဲနေသည်မှာကား တောင်ကိုရီးယား နိုင်ငံဖြစ်ပြီးလျှင် ကိုရီးယားညီနောင်နှစ်ဦးတို့ နွေးထွေးသောတွေ့ဆုံမှုများဆက်လက်ဖြစ်ပေါ်လာဦးမည်လောဟု ကမ္ဘာကလေ့လာစောင့်ကြည့်နေချိန် လည်းဖြစ်၏။ 

 

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားခေါင်းဆောင်တို့အကြား ချစ်ကြည် ဆွေးနွေးမှု ပြယုဂ်များက လွန်ခဲ့သည့်နှစ်အတွင်း အထင်အရှား ပြသခဲ့ကြပြီးလျှင် ပြီးခဲ့သည့်ကာလ (ဒီဇင်ဘာလ)တွင် တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်သို့ ခေါင်းဆောင်ကြီးကင် အလည်အပတ်လာရောက်ရန် သမ္မတ မွန်းဂျယ်အင်းက လက်ဦးမဆွကပင် ဖိတ်ခေါ်ခဲ့သည်။ သို့တစေ နှစ်လိုဖွယ်ရာ ယင်းဖိတ်ခေါ် ချက်မှာ အထမမြောက်ခဲ့။ သို့ဖြစ်စေကာမူ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေး ပွဲ နှောင့်နှေးကြန့်ကြာမှု ဖြစ်ခဲ့ရခြင်းနှင့်ပတ်သက်၍ သမ္မတမွန်း၏ ဇန်နဝါရီ ၁၀ ရက် သတင်းစာရှင်းလင်းပွဲဖြေကြားချက်မှာ အားရခမန်းရှိလှသည်။ 

 

သဘောမှန်စွာ ရှင်းပြခဲ့ 

 

“ခေါင်းဆောင်ကြီးကင်ထံမှပေးပို့တဲ့ သဝဏ်လွှာတစ်စောင်ကို ဒီဇင်ဘာလအတွင်း ကျွန်တော်ရခဲ့ပါတယ်။ သူဘာကြောင့် မြို့တော်ဆိုးလ်သို့ အလည်အပတ် မရောက်နိုင်သေးတာနဲ့ပတ်သက်ပြီး သဝဏ်လွှာ ပေဖူး လွှာမှာ သူရှင်းပြ ထားပါတယ်။ ခေါင်းဆောင်ကြီးကင်အနေနဲ့ ကျွန်တော်နဲ့အတူ ပလဲနံပသင့်စွာ ပိုမိုတွေ့ဆုံခွင့်ရရှိ လိုပါတယ်လို့လည်း သဝဏ်လွှာမှာ ရေးဖွဲ့ထားလေရဲ့”ဟု သမ္မတမွန်းက သတင်း ထောက်များအား အနေကန်ဧကန် သဘောမှန်စွာ ရှင်းပြခဲ့၏။

 

“ပြုံယမ်းမြို့မှာ ကျွန်တော်တို့နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့တဲ့ဖြစ်စဉ်ကို ပြန်ပြောင်းသတိရမိတိုင်း မနေ့တစ်နေ့ကဖြစ်ခဲ့တဲ့ ဖြစ်ရပ်မျိုးလို ရင်ခုန်မိပါသေးရဲ့။ သို့ပေမယ့်ဗျာ.. ကျွန်တော်တို့ ထိပ်သီးချင်း တွေ့ဆုံ ဆွေးနွေးခဲ့တာ ရက်ပေါင်း ၁၀ဝ လောက်ရှိခဲ့ပေမယ့်လည်း ယနေ့တိုင် မေ့မရနိုင်ပါ။ မင်္ဂလာ ရှိတဲ့ ၂၀၁၈ ခုနှစ်လို့ဆိုပါရစေ”ဟု သမ္မတမွန်းက ခေါင်းဆောင်ကြီးကင်၏ သဝဏ်လွှာပါ စာပိုဒ်တစ်ခုကို ကိုးကားလျက် ပြောဆိုခဲ့၏။ 

 

ခေါင်းဆောင်ကြီးကင်၏ သုံးရက်ကြာ တရုတ်ခရီးစဉ်အတွင်း မြောက် ကိုရီးယားနိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုဘဝ မြင့်မားတိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့တန်ရာသည်ဟု အနုမာနသဘောမှန်းဆချက်တစ်ရပ် ပေါ်ထွက်လာသည်။ 

 

နျူကလီးယားအစီအစဉ်နှင့် ဒုံးလက်နက်အစီ အစဉ်တို့အပေါ် အကြောင်း ပြု၍ စီးပွားရေးပိတ်ဆို့ခံခဲ့ရသော မြောက်ကိုရီးယားမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ချို့ငဲ့နေပေသေးရာ အထူးအားဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံအား အဖော်ပြုရပေလိမ့်မည်။ ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှု များက ယင်းနိုင်ငံ၏ စီးပွားရေးသွေးလေဖြန်းအောင်၊ ဘောင်ဘင်ခတ်အောင် အတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှုရှိစေခဲ့သည်ကား အမှန်ပင် ဖြစ်လိမ့်မည်။ 

 

ဝိုင်းကြဉ်ခဲ့ကြလေသော် 

 

နျူကလီးယားနည်းပညာအရ “အလှမ်းကျယ်”ခဲ့ခြင်းကြောင့် “အလယ်လပ်”ရခြင်းကို စီးပွားရေးဘဝတွင် တွေ့ကြုံရ၏။ နျူကလီးယားဗုံးထုတ်လုပ် ရကောင်းလား၊ ပဲ့ထိန်းဒုံးတည်ဆောက်ရကောင်းလားဟုဆိုကာ ယင်းနိုင်ငံကို စီးပွားရေးအရ ဝိုင်းကြဉ်ခဲ့ကြလေသော် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နှေးကွေးခဲ့ရ၏ဟု နိုင်ငံရေးအကဲခတ်များက ဆိုကြသည်။ စီးပွားရေးဘဝ တိုးတက်မြင့်မားရေးကို ပြန်လည်လုပ်ဆောင်တော့မည် ဆိုလျှင် မြောက်ကိုရီးယားမှာ ကြွယ်ဝချမ်းသာသော အိမ်နီးချင်းနိုင်ငံများထံမှအကူအညီကိုရယူဖို့သာရှိ၏။ 

 

လုံးပန်းလျက်ရှိ 

 

လတ်တလောတွင် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၇ ဒသမ ၇ သန်းကျော် ရရှိရေးအတွက် လုံးပန်းလျက်ရှိသည်ဟု ဆိုးလ်အခြေစိုက် အွန်လိုင်းသတင်းစာ NK News က လွန်ခဲ့သည့်လအတွင်း သတင်းဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်လာ သတင်းအချက်အလက်ကိုကိုးကားလျက် ယင်းသို့ သတင်းဖော်ပြခြင်းဖြစ်သည်။ ပြုံယမ်းသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု” (ဝါ) Belt and Road (0g) R & B အစီအစဉ်တွင် ပါဝင်ခွင့်ရရှိရေးအတွက် ကြိုးပမ်းလာဖွယ်ရာရှိသည်ဟု နိုင်ငံရေးရာအထူးပြု အတိုင်ပင်ခံကုမ္ပဏီတစ်ခု ဖြစ်သော Control Risks ကုမ္ပဏီ၏ အာရှ-ပစိဖိတ်ဌာနခွဲ အကြီးတန်း သုတေသီဒိန်းချာမိုရိုက အမေရိကန် CNBCရုပ်မြင်သံကြားဌာနသို့ ဇန်နဝါရီ ၁၁ ရက်တွင် ပြောကြားခဲ့လေသည်။ 

 

ပေကျင်းမှာလည်း ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု အစီအစဉ်တွင် ပြုံယမ်းပါဝင်မှုကို အားတက်သရော လိုလိုလားလားရှိပေလိမ့်မည်။ ၂၀၁၇ ခုနှစ်က R&B ထိပ်သီးညီလာခံသို့ မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရန် တရုတ်အစိုးရက ဖိတ်ခေါ်ခဲ့ပုံကိုသက်သေပြနိုင်ပေလိမ့်မည်။ ကိုရီးယားကျွန်းဆွယ်ကို “အဏုမြူလက်နက်ကင်းမဲ့ဇုန်”အဖြစ် ထူထောင်နိုင်မည်ဆိုလျှင် တောင်ကိုရီးယားကလည်း မြောက်ကိုရီးယားကို စီးပွားရေးအရ ဖေးမကူရန် အားတက်သရောရှိလိမ့်မည်။ 

 

ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုးမြှင့်နိုင်ဖို့၊ တစ်ဦးကျ ထုတ်လုပ် မှု တိုးစေဖို့၊ ဆင်းရဲမွဲတေမှု လျှော့ချကာ လူနေမှုအဆင့် တင့်တယ်ဝင့်ထည်စေဖို့၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုတက်စေဖို့၊ နိုင်ငံတော်၏ စီးပွားရေးပြုပြင် ပြောင်းလဲရေးအစီအစဉ်များကို အရှိန်အဟုန်ပြင်းစွာချမှတ်လုပ်ဆောင်နိုင် စေဖို့၊ အိမ်နီးချင်းတရုတ်နိုင်ငံကဲ့သို့ ကွန်မြူနစ်အုပ်စိုးမှုမပျက် စီးပွားရေး တိုးတက်စေရန် ဈေးကွက်စီးပွားရေးနှင့် တံခါးဖွင့်မူဝါဒတို့ကို ပြည့်ပြည့်ဝ၀ အသက်သွင်းနိုင်စေဖို့ ခေါင်းဆောင်ကြီးကင်အနေဖြင့် စီးပွားရေးတည် ဆောက်မှုဘက်သို့ ဦးလှည့်လာနိုင်သည်ဟုတွေးတောမိရင်း “စီးပွားရေး ထွက်ရပ်လမ်း တက်လှမ်းဖို့အချိန်”ဟု ကျွန်ုပ်ကျူးရင့်မိပါသတည်း။ ။ 

 

Ref: Daily News