၁၆ ဇန်နဝါရီ
တော့တမ်ဟော့စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကစားခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိတဲ့အတွက် ပွဲစဉ်တွေကနေ မတ်လ အထိ အနားယူရမှာဖြစ်ပါတယ်။
မန်ယူအသင်းကို ၁ဂိုး၊ ဂိုးမရှိနဲ့ စပါးအသင်းရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ တိုက်စစ်မှူးကိန်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အသင်းခေါင်းဆောင် ကိန်းဟာ ဘောလုံးရာသီ သုံးရာသီဆက်တိုက် ခြေကျင်းဝတ် ဒဏ်ရာရရှိတဲ့အတွက် ပြိုင်ပွဲတွေကနေ ခေတ္တအနားယူခဲ့ရပါတယ်။
စပါးအသင်းရဲ့ ဝက်ဆိုက်မှာ “တနင်္ဂနွေနေ့က မန်ယူအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့ ဘယ်ဘက်ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပါတယ်။ ဆေးဝါးအဖွဲ့ ရဲ့ စောက်ရှောက်မှုအောက်မှာ ကိန်း ရှိနေပါတယ်။ မတ်လ လဆန်းပိုင်းမှာ ကိန်းပြန်လည် လေ့ကျင့်နိုင်မယ်လို့ မျှော်လင့်ကြောင်း ” ရေးသားထားပါတယ်။
အသက် ၂၅ နှစ်အရွယ် ကိန်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ပွဲပေါင်း ၃၁ ပွဲမှာ ဂိုး ၂၀ သွင်းထားပြီးဖြစ်ပါတယ်။
ယူရို ၂၀၂၀ ဖလား ခြေစစ်ပွဲအဖြစ် မတ်လ ၂၂ ရက်နေ့မှာ ချက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားဖို့ရှိနေရာ အဲဒီပွဲမှာ အသင်းခေါင်းဆောင် ကိန်း ပါဝင်နိုင်ဖို့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ကမျှော်လင့်နေပါတယ်။
MDN
ကိုးကား -AFP