ဒဂုံနှင့်  Southern အနိုင်ရပြီး ရတနာပုံနှင့် ဧရာဝတီ သရေကျ

၁၃ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ကျင်းပရာ တန်းတက်ဒဂုံနှင့် Southern အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံအသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ၂၀၁၈ ရာသီတွင် အဆင့် (၃) နေရာရခဲ့သည့် ဇွဲကပင်အသင်းသည်  ယခုပွဲတွင် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး တန်းတက် ဒဂုံအသင်းကို ရှုံးနိမ့်ခဲ့သည်။ ဒဂုံအသင်းသည် MNL ၌ ပထမဆုံးကစားရသော်လည်း အကောင်းဆုံး ခြေစွမ်းပြသခဲ့ပြီး နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ 

 

ဒဂုံအသင်းတွင် MNL ၌ ကစားဖူးသည့် ကစားသမားအချို့ပါလာပြီး နိုင်ငံခြားသားကစားသမားနှစ်ဦး ပါဝင်လာသောကြောင့် ဇွဲကပင်အသင်းကို အပြန်အလှန်ကစားနိုင်ခဲ့သည်။ ဇွဲကပင်အသင်းတွင် ထိုင်းလိဂ်သို့ ပြောင်းရွှေ့သွားသည့် သန်းထက်အောင်မှလွဲ၍ လူစုံပါဝင်ခဲ့ပြီး နိုင်ငံခြားသားကစားသမားသုံးဦးဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစ လေးမိနစ်မှာပင် စိုးမြတ်သူက ဂိုးစတင်သွင်းယူခဲ့၍ ဒဂုံအသင်း ယုံကြည်မှုပိုရသွားပြီး ဇွဲကပင်အသင်းကို အပြန်အလှန်ကစားနိုင်ခဲ့သည်။ ဇွဲကပင်အသင်းသည် ဂိုးပေးလိုက်ရသော ကြောင့် ချေပဂိုးရရန် တိုက်စစ်အားမြင့်လာပြီး ၁၀ မိနစ်တွင် ဂျပန်ကွင်းလယ်ကစားသမား ကင်မ်က ဂိုးပြန်သွင်းခဲ့သည်။ ဇွဲကပင်အသင်းသည် သရေကျပြီးနောက်ပိုင်းတွင် ဂိုးထပ်ရရန် ကြိုးစားသော်လည်း သီဟထက်အောင်နှင့် အန်ဒါဆင်ဝက်စ်တို့၏ ခံစစ်အတွဲမှာ လိုအပ်ချက်များခဲ့၍ ဒဂုံအသင်းတိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ပေ။ ပထမပိုင်းပြီးခါနီးတွင် ဒဂုံအသင်း ဂိုးထပ်ရခဲ့ပြီး စိုးမြတ်သူက သွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် ဇွဲကပင်အသင်း ချေပဂိုးရရန် ကြိုးစားသော်လည်း ဒဂုံအသင်းက အချိတ်အဆက်မိမိဖြင့် ဆက်လက်ဖိကစားနိုင်ခဲ့သည်။ ဒဂုံအသင်းအတွက် တတိယဂိုးကို ၆၅ မိနစ်တွင် မျိုးမင်းဇော်က ခေါင်းတိုက်သွင်းယူခဲ့သည်။

 

ဗထူးကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံနှင့် ဧရာဝတီအသင်း တစ်ဂိုးစီသရေကျခဲ့သည်။ ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံအသင်းနှင့် တစ်သင်းလုံးနီးပါး အပြောင်းအလဲ ပြုလုပ်ထားသည့် ဧရာဝတီအသင်းတို့၏ပွဲမှာ အပြန်အလှန်ရှိခဲ့ပြီး ဒုတိယပိုင်းသွင်းဂိုးများဖြင့် သရေကျခဲ့ခြင်း ဖြစ်သည်။ မိနစ် ၆၀ တွင် ဇော်လင်းက ဧရာဝတီအတွက် ဂိုးစတင်သွင်းယူသော်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် မြတ်ကောင်းခန့်က ရတနာပုံအသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ မော်လမြိုင်ကွင်း၌ ကျင်းပသည့်ပွဲတွင် Southern အသင်းက Chinland အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ Southern အသင်းအတွက် အနိုင်ဂိုးများကို ၅၉ မိနစ်တွင် ဝင်းမင်းထွဋ်နှင့် ၉၀+ ၂ မိနစ်တွင် ထူးထူးအောင်တို့က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၁) နောက်ဆုံးနေ့ကို ဇန်နဝါရီ ၁၅ ရက် ညနေ ၃ နာရီခွဲတွင် စစ်တွေမြို့ရှိ ဝေသာလီကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရခိုင်အသင်းနှင့် မကွေးအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်