ဒို့ဘိုးဘွားအမွေအနှစ်မို့ ချစ်မြတ်နိုးသင့်ပေ

၂၂  ဇန်နဝါရီ

 

ညီလေး . . . ဟောက်ရှင်းခိုင်ရေ . . .

 

အစ်ကို နန်ဒိုးတောင်... စာရေးလိုက်တယ်... အစ်ကို အခု ချင်းပြည်နယ် ထန်တလန်မြို့နယ်က “သီကီရ်”ကျေးရွာလေးမှာ ရောက်နေတယ်... ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)ကနေ ၂၀၁၀ ပြည့်နှစ် အမှတ်စဉ်(၉) သင်တန်းဆင်းပြီးကတည်းက နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှာ တာဝန်ကျခဲ့တာ စတုန်းကတော့ အကြီးတန်းစာရေး၊ အခုတော့ ဦးစီးအရာရှိပေါ့... မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရမယ်ဆိုတဲ့စိတ်နဲ့ ချင်းပြည်နယ်တစ်ခွင်လုံးတော့ နှံ့နေပြီဟေ့ ... အခု ၂၀၁၉ ခုနှစ်ဆန်း ရောက်ပြီဆိုတော့ “ပြည်ထောင်စုနေ့” ကြီး နီးလာပြီလေ ... ညီလေးက ဒီဂရီကောလိပ်(ရန်ကုန်)မှာ အခုမှ ပထမနှစ်ကျောင်းသားဆိုတော့ ပြည်ထောင်စုနေ့နဲ့ ဒို့တိုင်းရင်းသားတွေအကြောင်း အကျဉ်းချုပ် ရှင်းပြပေးမယ်လို့ စိတ်ကူးရတာနဲ့ စာရေးလိုက်တာဟေ့ ...။

 

ဒို့မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ အင်ဒိုချိုင်းနား ကျွန်းဆွယ်ရဲ့ အနောက်ဘက်ပိုင်းမှာ တည်ရှိတာကွယ့်၊ အင်ဒိုနီးရှားပြီးရင် ဒုတိယအကြီးဆုံးနိုင်ငံပါ။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ကပ္ပလီပင်လယ်၊ မုတ္တမပင်လယ်ကွေ့၊ ဘင်္ဂလားပင်လယ်အော်တွေလည်း ပိုင်ဆိုင်တာပဲ၊ ဒါကြောင့် ကမ်းရိုးတန်း မိုင်ပေါင်း ၁၃၈၅ မိုင် ရှည်လျားတာပေါ့။ တစ်နိုင်ငံလုံး စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ ရှိတယ်ဆိုတာ ညီလေးလည်း သိတာပဲလေ...။

 

ညီလေးရေ... ဒို့နိုင်ငံတော်ကြီးဟာ အင်မတန် လှပတယ်... စိမ်းညို့ ညို့မှိုင်းနေတဲ့ ရိုးမတောင်တန်းကြီးတွေ၊ အရှေ့ ဘက် ကုန်းပြင်မြင့်ကြီးတွေ၊ အလယ်ပိုင်းလွင်ပြင် မြစ်ဝှမ်းဒေသတွေ၊ ငွေသားရောင် တဖိတ်ဖိတ်နဲ့တောက်ပနေတဲ့ ဧရာဝတီ မြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်ကြီးတွေဟာ ဘယ်လောက်လှပ ပနံရနေသလဲဆိုတာ ... ပြေးမြင်ကြည့်လိုက် စမ်းပါ ညီလေးရေ... အဲဒီလို သဘာဝအလှများနဲ့ ပြည့်စုံနေတဲ့ အမိနိုင်ငံတော်ကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကတည်းက စတင်ဖြစ်ထွန်းတည်ရှိခဲ့တဲ့အတွက် အလွန်အခြေခံ ခိုင်မာလှတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်မှုမှာ လူသားမျိုးနွယ်အစ အဆင့်မြင့် ပရိုင်းမိတ်တွေကို ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ပုံတောင်၊ ပုံညာဒေသမှာ တွေ့ရှိခဲ့တာကိုက ကမ္ဘာ့လူသားအစောဆုံးလို့ လက်ခံထားတဲ့ အီဂျစ်နိုင်ငံ ပရိုင်းမိတ်တွေထက် နှစ်ပေါင်း ၁၀ သန်းခန့် စောစွာတည်ရှိခဲ့တယ်ဆိုပြီး ကမ္ဘာမှာ ကျော်ကြားခဲ့တာမဟုတ်လား ညီလေးရေ...။

 

ဒါတင်မကသေးဘူး ညီလေးရေ ... မြန်မာတို့ရဲ့ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုတွေ စဉ်ဆက်မပြတ် ဖြစ်ပေါ် တိုးတက်ခဲ့တဲ့အပြင် ပျူခေတ်ယဉ်ကျေးမှု၊ ပုဂံခေတ်ယဉ်ကျေးမှုတွေကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များအဖြစ် ဂုဏ်ယူဖွယ်ရာ တည်ရှိနေတာ အထင်အရှားပဲ မဟုတ်လား။ ဒါဟာ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်းမှာ ခေတ်အဆက်ဆက်က ထွန်းကားလာခဲ့တဲ့ ယဉ်ကျေးမှုတွေနဲ့အတူ တိုင်းရင်းသား မျိုးနွယ်စုတွေဟာ အတူတကွ စုစည်းနေထိုင်ခဲ့ကြတယ်ဆိုတာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်ပဲ ညီလေးရေ...။

 

တကယ်တော့ ဒို့နိုင်ငံတော်ကြီးအတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေရဲ့ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တွေဟာ မူလဒေသ တိဗက်ကုန်းပြင်မြင့်ကတစ်ဆင့် အုပ်စုသုံးခုခွဲပြီး ဝင်ရောက်လာတယ်ဆိုတာကို မျိုးရိုးဗီဇ ပညာရှင်တွေဟာ အထင်အရှားဖော်ပြကြတယ်ကွယ့် ...။

 

(က)တိဗက်-မြန်မာအနွယ်ဝင်တွေဟာ တိဗက်ကုန်းပြင် မြင့်ဘက်ကနေ ဧရာဝတီ၊ သံလွင်၊ မဲခေါင်မြစ်ညာကို ဆင်းလာ ကြောင်း၊ (ခ)ထိုင်း-တရုတ်အနွယ်ဝင်တွေဟာ တရုတ်နိုင်ငံ ယူနန်နယ်က ဆင်းသက်လာကြောင်း၊ (ဂ)မွန်-ခမာ အနွယ်ဝင်တွေဟာလည်း တရုတ်နိုင်ငံ ယူနန်နယ်မှ ဆင်းသက်လာကြောင်း ဖော်ပြထားပြီး ... အဲဒီမျိုးနွယ် အားလုံးဟာ မျိုးရိုးဗီဇအရ တူညီမှု၊ ရှေးဘိုးဘွား အဆက်အနွယ် တစ်ခုတည်းက ဆင်းသက်လာမှုတို့ကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးဟာ တစ်အူထုံ့ဆင်း မောင်နှမအရင်း တွေလို့ ဆိုကြတာပဲ ညီလေးရေ ... အစ်ကိုပြောတာ နားလည် ပါတယ်နော်...။

 

ညီလေးကို ... အခုလိုရှင်းပြရတာဟာ ဒီပြည်ထောင်စုကြီးရဲ့ မူလပိုင်ရှင် အစစ်အမှန်ဖြစ်ကြောင်းနဲ့ ကိုယ်ပိုင်အမျိုးသားရေး လက္ခဏာ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ခိုင်ခိုင်မာမာရှိတဲ့ အဆင့်မြင့်တဲ့ သမိုင်းကြောင်းလက္ခဏာတွေ သိအောင်လို့ ရှင်းပြပေးတာပါ။ ဒါ့ကြောင့် အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးမှာ အဓိက မျိုးနွယ်စုကြီး ရှစ်ခုဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုတဲ့ မျိုးနွယ်စုတွေဟာ “မွန်-ခမာ”၊ “တိဗက်မြန်မာ”၊ “ထိုင်း-တရုတ်”ဆိုပြီး အုပ်စုကြီးသုံးခုကနေ မြန်မာနိုင်ငံအတွင်းကို ဝင်ရောက်ခဲ့ကြပြီး ရေကြည်ရာ မြက်နုရာ လှည့်လာသွားလာရင်း တိုင်းရင်းသား မျိုးနွယ်စုငယ်များအဖြစ် ဆင်းသက်ပြန့်ပွားလာခဲ့ကြတာ ... ဟော အခုဆိုရင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်းမှာ တိုင်းရင်းသား လူမျိုးစုပေါင်း ၁၃၅ မျိုးခန့် ဖြစ်တည်လာခဲ့ကြတာပဲ ညီလေး ဟောက်ရှင်းခိုင်ရေ...။

 

ဒို့တိုင်းရင်းသားမျိုးနွယ်စုတွေဟာ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားကြသူများပီပီ ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများ ရှိကြပါတယ်... ဒါကြောင့် တိုင်းရင်းသားမျိုးနွယ်စုအားလုံးဟာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကိုများ ဖြစ်ကြတာနဲ့အညီ တစ်ဦးယဉ်ကျေးမှုတစ်ဦး လေးစားလိုက်နာကြရင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်သွားကြ ရမယ်ဆိုတာ နားလည်စေချင်ပါတယ် ညီလေးရေ...။

 

ညီလေး ဟောက်ရှင်းခိုင်ရေ... အစ်ကို ဘာကြောင့် ဒီလိုရှင်းပြရသလဲဆိုရင် ညီလေးတို့ဟာ သက်ဆိုင်ရာဒေသ အသီးသီးမှာ အခြေခံပညာအထက်တန်း အောင်မြင်ပြီးလို့ အမိပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းတော်ကြီးမှာ အဆင့်မြင့်တက္ကသိုလ် ပညာရပ်တွေသင်ကြားဖို့ ရောက်ရှိနေကြရင်း နယ်စပ်ဒေသ အသီးသီးက တိုင်းရင်းသား မျိုးဆက်သစ်လူငယ်တွေအားလုံး အတူတကွ ပညာရှာမှီးနေကြတာမို့ ...ညီလေးတို့ မျိုးဆက်သစ် လူငယ်တွေရဲ့ ရင်ထဲမှာ ဒို့အမိ မြန်မာနိုင်ငံတော်ကြီးဟာ ရှေးပဝေသဏီကတည်းက သမိုင်းကြောင်း အခိုင်အမာနဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ နိုင်ငံတော်ကြီးဖြစ်တာ ကြောင့်၊ အမိနိုင်ငံတော်ကြီးအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားအပေါင်းဟာ တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်၊ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမ သွေးသားအရင်းအချာများပီပီ အစဉ်အဆက် ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြတဲ့ ဘိုးဘွားအမွေအနှစ်ကို ချစ်မြတ်နိုးစွာဖြင့် အဓွန့်ရှည်တည်တံ့ခိုင်မြဲအောင် ဆက်လက်ကြိုးပမ်းသွားကြပါ လို့ တိုက်တွန်းလိုက်ရပါတယ်... ညီလေး ဟောက်ရှင်းခိုင်ရေ...။

 

ဒေါက်တာမင်းသန့် (ဒဿန)

 

ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး