ဒိုင်ရ်ချင်းတို့၏ စိတ်ဝင်စားဖွယ် ပါးရဲထိုးခြင်းဓလေ့တစ်ခု

ကမ္ဘာပေါ်ရှိလူမျိုး(သို့မဟုတ်)လူမျိုးနွယ်စု များ၌ စိတ်ဝင်စားဖွယ်ကောင်းသော ရိုးရာ ဓလေ့များရှိကြပါသည်။ ၎င်းတို့အနက် ဒိုင်ရ်ချင်းတို့၏ မျက်နှာပါးရဲထိုးခြင်း ဓလေ့သည်လည်း စိတ်ဝင်စားဖွယ် ဓလေ့တစ်ခု ဖြစ်ပါသည်။ ပါးရဲထိုးသည့်ပုံစံများမှာ မတူညီ ကြသော်လည်း အာဖရိက၊ တရုတ်နှင့် အိန္ဒိယစသည့် နိုင်ငံများရှိ တချို့လူမျိုး နွယ်စုများတွင် ပါးရဲထိုးဓလေ့များရှိခဲ့ကြောင်း သိရှိရသည်။ မြန်မာနိုင်ငံရှိ နာဂ၊ ချင်း၊ ဗမာနှင့် ရှမ်းတို့တွင် လည်း ပါးရဲထိုးခြင်းဓလေ့ရှိခဲ့သည်။ ရှမ်းနှင့်ဗမာတို့တွင် ကိုယ်ခန္ဓာအစိတ်အပိုင်းများတွင် ထိုးထားကြသည် ကိုတွေ့ရှိရပြီး နာဂလူမျိုး တချို့တွင်မူ အမျိုးသား အမျိုးသမီးမခွဲခြား သည့်အပြင် မျက်နှာတွင်သာမက ခန္ဓာကိုယ်တွင်လည်း ထိုးလေ့ရှိကြကြောင်း လေ့လာသိရှိ နိုင်သည်။ ချင်းလူမျိုးတွင် အမျိုးသမီးများက သာ မျက်နှာမှာ ပါးရဲထိုးလေ့ရှိကြသည်။ ချင်းပြည်နယ်တောင်ပိုင်းနှင့် အရှိုချင်းမျိုးနွယ်စု တချို့တွင်တွေ့ရှိနိုင်သည်။ ချင်းမျိုးနွယ်စုများမှ စုမ်းတူ(Sum-tu)၊ လိုင်းတူ(Laitu)၊ ဒိုင်ရ် (Daai)၊ မွင်း(Muun)၊ ကာန်း(Kaang)၊ အုတ်ပူ(Utpu)၊ ငါရာ့(Ng'yah)၊ ယင်ဒူး (Yindu)သို့မဟုတ် ယင်ဒူးဒါလ် (Yindu Daa)၊ ချင်းပုံ(Chinpung)တို့တွင် မျက်နှာ ပါးရဲထိုးလေ့ရှိကြပါသည်။

 

ဒိုင်ရ်မျိုးနွယ်စုဘာသာစကားတွင် ပါးရဲကို မာန်(Ng'mang )ဟုခေါ်ပြီး ထင်ရှားသည့် ရိုးရာဓလေ့ဖြစ်သည်။ ခြေသလုံးနှစ်ဖက်၊ နဖူးနှင့် လက်ခလယ် သို့မဟုတ် လက်သူကြွယ်တို့တွင်လည်း ထိုးလေ့ရှိကြသည်။ မျက်နှာ မှာပါးရဲထိုးသည့် ဓလေ့ခေတ်စားသည့် အချိန်ကာလတွင် မျက်နှာပါးရဲမထိုး သူများမှာ မပြည့်စုံ သူများသဖွယ် ခံစားကြရ သည်။ မိန်းကလေး၊ အမျိုးသမီး မပီသသူများ ဟု သတ်မှတ်ကြသည်။ မျက်နှာပါးရဲထိုးသူများ တွင်မူ အိုမင်းရင့်ရော်လာကြသော်လည်း လှပနေဆဲဖြစ်သည်ဟု ရှုမြင်ကြရသည်။ အနက်ရောင်တစ်ခုတည်း မဟုတ်ဘဲ လှပသည့်နက်ပြာရောင် (ng'kung )သာ ဖြစ်သည်။ နောက်ဆုံးအယူအဆမှာမူကိုးကွယ် ယုံကြည် မှုနှင့် သက်ဆိုင်သည့် အယူအဆ ဖြစ်သည်။ ဒိုင်ရ်ချင်းတို့၏ အယူအဆတွင် သေလွန်ပြီးနောက် ကောင်းကင် (Mopi)နှင့် ငရဲ(JAPI) သွားရာလမ်းဂိတ်တစ်ခုမှာ ဒိုင်ရ်လို မိုးနူအွေး(Monuooi)ဟု ခေါ်သည့် တရားစီရင်သည့် ပုဂ္ဂိုလ်ရှိပြီး အမျိုးသား အမျိုးသမီးများကို စစ်ဆေးစီရင်သည်ဟု ဆိုသည်။

 

ယောကျာ်းများအတွက် အသက်ရှင်စဉ်က သူတို့၏ပွဲလမ်းသဘင် (နွားနောက်သတ်ပွဲ) နှင့် မိမိတို့ရရှိသည့် နာမည်ကြီး တောတိရစ္ဆာန် အကောင်အမျိုးအစား၊ အကောင်အရေ အတွက်တို့ဖြင့်သာ တိုင်းတာပြီး အမျိုးသမီး များကိုမူ သူတို့မျက်နှာမှာ ပါးရဲထိုး၊ မထိုးဖြင့်သာ စိစစ်ရသည်ဟု ယူဆကြသည်။ ထိုအချက်များ မှ တစ်ခုမှ ဖြစ်နိုင်ခြေမရှိဟု ငြင်းဆိုရန်ခက်ခဲသလို တိကျမှန်ကန်သည့် အကြောင်းပြချက်များ ဖြစ်သည်ဟု ပြောဆို ရန်လည်းခက်ခဲသည်။သေချာသည့် အချက်တစ်ချက်မှာ လူမျိုးနွယ်စု တစ်ခု၏အရေးကြီးလှသည့် ဓလေ့တစ်ခုကို ကျင့်သုံးလာခဲ့ကြခြင်းမှာ ငြင်းဆို၍မရနိုင်ပါ။ ဒိုင်ရ်ချင်းမျိုးနွယ်စု၏ ထင်ရှားသည့် သင်္ကေတ လက္ခဏာနှင့် ရိုးရာဓလေ့ပင်ဖြစ်လေသည်။ မျက်နှာပါးရဲထိုးရာတွင် ဆူးပင်တစ်မျိုးမှရသည့် ဆူး သို့မဟုတ် ကြိမ်ပင်မှရသည့် ကြိမ်ဆူး၊ ဒိုင်ရ်လို လှော် (Ng'hlo)ဟုခေါ်သည့် နက်ပြာရောင်ကို ထွက်စေသော တောနွယ်ပင်ရွက် သို့မဟုတ် လှော်(Ng'hlo)လို့ခေါ်သည်။ အဝတ်အစားများကို အပြာနက်ရောင်တင်ရာတွင် အသုံးပြု သည့် တောင်ယာ၌ စိုက်လေ့ရှိသည့် အပင် တစ်မျိုးမှ အရွက်ကို အရည်ညှစ်ပြီး ရောထည့် ရန်စုန်းကုန်း(Sungkung)ဟု ခေါ်သည့် မီးဖိုမှရသည့် ကျပ်ခိုးမှုန့် စသည်တို့ကို ဆုံကြသည်။ ထို့ပြင်မျက်နှာကိုဆူးဖြင့် ဖောက်ရာတွင် ထွက်လာသည့် သွေးများကို သုတ်ရန်အတွက် ဒိုင်ရ်လိုပေါလ်((K'poong)ဟု ခေါ်သည့်အပင် တစ်မျိုး၏ အရွက်နုများကိုလည်း အသုံးပြုကြ သည်။ မိသားစုမှ မိန်းကလေးတစ်ဦးသည် အသက် ၁၂နှစ်မှ ၁၅နှစ်ကြားရှိနေပြီး မျက်နှာပါးရဲထိုးရန် အချိန်ရောက်လာပါက မိဘများက ပါးရဲထိုးကျွမ်းကျင်သူထံသို့ သွားပြီး ဆွေးနွေးညှိနှိုင်းရသည်။ ပါးရဲထိုးကျွမ်း ကျင် သည့်သူမှာ အမျိုးသမီး တစ်ဦး သို့မဟုတ် တစ်ဦးထက် ပိုပြီးရှိတတ်သည်။ မိန်းကလေး သည် ပါးရဲထိုးရမည့် အသက်အရွယ်ထက် ကြီးနေသည့် အသက်ဖြစ်နေပါကလည်း အနာကျက်ရန် ခက်ခဲသည့်အတွက် ပါးရဲထိုး သူများ က ကိုင်တွယ်ဆောင်ရွက်ပေးရန် ငြင်းဆိုတတ် ကြသည်။ လက်ခကို နေရာဒေသအလိုက်နှင့် ခင်မင်မှု အပေါ်မူတည်၍ စက်၊ မောင်း၊ ရိုးရာ ပုတီး၊ ရိုးရာစောင်းကစပြီး နွားနောက်အထိ ပေးကြရကြောင်းသိရသည်။

 

ထိုသို့မျက်နာပါးရဲထိုးရာတွင် အန္တရာယ်ကင်းစွာလုပ်ဆောင်နိုင်ရန်နှင့် ထိုးထားပြီး နောက် လှပစွာပြန် လည်ကောင်းမွန်နိုင်ရေးအတွက် ဒိုင်ရ်ချင်းလို စကားအရ Puik'tu (Puik'poh) ဟုခေါ်သော အနာ ဂတ်ကို ဟောကိန်းထုတ် တွက်ချက်ပေးလေ့ရှိသည့် ပုဂ္ဂိုလ်ထံသို့ ဦးစွာသွားရောက်မေးမြန်းကြရ သည်။ ထိုပုဂ္ဂိုလ်မှ ရိုးရာထုံးစံအတိုင်း ဆောင်ရွက်ပြီး မည်သို့မည်ပုံ၊ မည်သည့်အချိန် တွင် ပြုလုပ်ပါက အဆင်ပြေကောင်းမွန်မည် ဖြစ်ကြောင်း တွက်ချက်ပေးရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကိုးကွယ်ယုံကြည်မှုအရ ပါးရဲထိုးမည့် မိန်းကလေးအတွက် ရည်ရွယ် လျက် ကြက်၊ ခွေး၊ ဝက်စသည့် အိမ်မွေး တိရစ္ဆာန်ဖြစ်သင့်ကြောင်း အနာဂတ်ဟောပြော သည့် ပုဂ္ဂိုလ်မှ တွက်ချက်ပြီးမှသာ ယဇ်ကောင် အဖြစ် အသုံးပြုရသည်။ ထိုသို့ပြုလုပ်သူများ ပြီးမြောက်ပါက အနာဂတ်ဟောကိန်းတွက်ချက် ပေးသူ၏ ညွှန်ကြားချက်အတိုင်း လုပ်ငန်းကို စတင်ဆောင်ရွက် ကြရသည်။

 

မျက်နှာပါးရဲထိုးသည့် လုပ်ငန်းကို စတင်ရတော့မည့်အချိန်တွင် ပါးရဲထိုးမည့် မိန်းကလေးကို ဆွေမျိုးနီးစပ်သည့် အဒေါ်၊ အစ်မတို့က တိတ်ဆိတ်သည့် အိမ် သို့မဟုတ် ရွာအပြင်တွင်ရှိသည့် အဆောက်အအုံ တစ်ခုခုသို့ခေါ်ပြီး ညအိပ်ကြရသည်။ နောက်ရက်တွင် ပါးရဲထိုးခြင်းလုပ်ငန်းကို စတင်ကြရသည်။ ထိုသို့လုပ်ဆောင်စဉ်အတွင်း အခြားသူစိမ်း မသွားရောက်စေရန် ထင်သာမြင်သာရှိသည့်နေရာ၊ အိမ်၏အဝင်ဝဘက် ဝရန်တာတွင် သစ်ရွက်စိမ်းကို ထားရှိရသည်။ ထိုအမှတ်အသားမှာ သူစိမ်းဧည့်သည်မဝင်ရန် တားမြစ်သည့်အမှတ် အသား အဖြစ် ဒိုင်ရ်ချင်း တို့က နားလည်ကြရသည်။ ပါးရဲထိုးရာတွင် အထက်မှာ ဖော်ပြပြီးဖြစ်သည့်ပစ္စည်းများကို အသုံးပြုကြသည်။ ကြိမ်ပင် သို့မဟုတ် ဆူးပင်တစ်မျိုးမှ ဆူးသည် သွေးထွက်လာသည် အထိ မျက်နှာမှာ အကွက်ဖော်ရန်ဖြစ်သည်။ ဒိုင်ရ်ချင်းလို လှော်(Ng'hlo))ဟု ခေါ်သည့် အရွက်ကို အရည်ညှစ်ပြီး ကျပ်ခိုးမှုန့်နှင့် သမအောင်ရောရသည်။ ထိုအရည်ထဲတွင် ဆူးအချောင်း အမြောက်အမြားစွာတို့၏ ထိပ်ဖူးကိုစိမ်ထားပြီး ထိုစိမ်ထားသည့် ဆူးများ ကို အသုံးပြုကြရသည်။ ပါးရဲထိုးသည့် အချိန်မှာ တစ်ရက်မှ နှစ်ရက်ထိကြာတတ်သည်။ တချို့မိန်းကလေးများမှာ နာကျင်မှုကို မခံမရပ် နိုင်ဖြစ်ပြီး ထွက်ပြေးလေ့ရှိကြရာ နီးစပ်သည့် မိဘ၊ ဆွေမျိုးများက အချိန်ပြည့်စောင့်ကြည့် ပေးရသည်။ ပါးရဲထိုးပြီး လုပ်ငန်းပြီးဆုံး ပြီးနောက် ပါးရဲထိုးထား သည့်မျက်နှာမှာ ပုံမှန် အားဖြင့် နှစ်ပတ်မှ သုံးပတ်အတွင်းတွင် ပြန်လည်ကောင်းမွန်လေ့ရှိသည်။ ပလက်ဝ မြို့နယ် ဖုန်းလောင်ဒေသ ဘက်တွင်လည်း ပါးရဲထိုးထားသည့် ဒိုင်ရ်ချင်းအမျိုးသမီးဘဝကို တွေ့ရှိနိုင်သည်။

 

ကမ္ဘာကြီးသည် တစ်နေ့ပြီးတစ်နေ့ တိုးတက်ပြောင်းလဲလာသည့်အလျောက် မိဘများနှင့် သူတို့၏ သားသမီး များသည် ပါးရဲ ထိုးရန် မသင့်ကြောင်းနားလည်လာခဲ့ပြီး အားပေးခြင်းမပြုတော့ချေ။ ထို့အပြင် မျက်နှာ ပါးရဲထိုးသည့် ဓလေ့သည် အန္တရာယ်များသောကြောင့် လွန်ခဲ့သည့်နှစ် ၃၀ ဝန်းကျင်ခန့်ကပင် စွန့်လွှတ် လာခဲ့ကြသည်။ ဤသို့ မျက်နှာပါးရဲ ထိုးသည့်ဓလေ့သည် မျိုးနွယ်စုအတွက် အရေးကြီးသည့် အမှတ်အသား ဖြစ်သကဲ့သို့ ရိုးရာယဉ်ကျေးမှုအရ တန်ဖိုးထားမြတ်နိုးခဲ့ကြရ သည့် ဓလေ့လည်းဖြစ်ခဲ့သည်။ ယနေ့ခေတ် တွင် မျက်နှာပါးရဲထိုးသည့်ဓလေ့ မရှိသလောက် နည်းပါးသွားပြီး မျက်နှာပါးရဲထိုး သည့် အမျိုးသမီးများလည်း ရှားပါးနေပြီဖြစ် သည်။ ပါးရဲထိုးခြင်းအား သတ္တိရှိခြင်း၊ မျက်နှာ ၏ နာကျင်မှုဒဏ်ခံနိုင်ရည်ရှိမှသာ မျက်နှာ တွင် ပါးရဲရှိနေပေမည်။ ကျေးရွာတချို့တွင် အသက်ကြီးပိုင်း၊ အဘွားအိုများလောက်သာ ကျန်ရှိနေပြီး ထိုပုဂ္ဂိုလ်များ မရှိတော့သည့် အချိန်တွင် စိတ်ဝင်စားစရာ ကောင်းလှသည့် ဒိုင်ရ်ချင်းတို့၏ မျက်နှာပါးရဲထိုးခြင်းဓလေ့ သည် လုံးဝတိမ်ကောပျောက်ကွယ်တော့မည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။တန်ဖိုးထားအပ်သော ရိုးရာ ဓလေ့တစ်ခုရှိ နေခဲ့သည်ကို နောင်လာနောက်သားများအား ပြောပြရန် သာဓကကျန်ရှိနေချင်ပါသေးသည်။ ။

 

ကိုးကား

 

ခူမီးမြေမဂ္ဂဇင်းမှ Naing Khing ၏ ဒိုင်ရ်ချင်းတို့၏ မျက်နှာပါးရဲထိုးခြင်းဓလေ

 

230