ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်  (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

နေပြည်တော်    ၂၁  ဇန်နဝါရီ 
    

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 

    

အစည်းအဝေးတွင် ကတိသစ္စာ မပြုရသေးသော တပ်မတော်သား ပြည်သူ့ လွှွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရှေ့မှောက်၌  ကတိသစ္စာပြု၍  ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြသည်။

 

mdn

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယနေ့ စတင်ကျင်းပသည့် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကာလအတွင်း ဆွေးနွေးကြရမည့် ဥပဒေကြမ်းများအနေဖြင့် (၁၉)ခု ရှိပါ ကြောင်း၊ အဆိုများအနေဖြင့်  တင်သွင်းပြီး ဆွေးနွေးရန်ကျန်အဆို (၃)ခု အပါအဝင် အသင့်ဖြစ်အဆို (၁၄)ခုရှိပါကြောင်း၊ မေးခွန်းများအနေဖြင့် အသင့်ဖြစ် ကြယ်ပွင့်ပြမေး ခွန်း (၁၄၉)ခု ရှိပါကြောင်း။

 

ဒီမိုကရေစီကူးပြောင်းရေးကာလသည် များစွာနုနယ်သေးသည့် အခြေအနေတွင် ဒီမိုကရေစီစံချိန်စံညွှန်းများ ရောက်ရှိရန် ဆက်လက်ကြိုးပမ်း အားထုတ်ကြရဦးမည် ဖြစ်ပါကြောင်း၊ ဒီမိုကရေစီ အခွင့်အရေးများ ပိုမိုခိုင်မာအားကောင်းလာစေရန် မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များသည် အဓိကတာဝန်ရှိသည်ကို စွဲစွဲမြဲမြဲယုံကြည်ထားကြ စေလိုပါကြောင်း၊ ပြည်သူက အပ်နှင်းထားသည့် ဥပဒေပြုရေးအာဏာကို အသုံးချပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ဘဝ ပိုမိုတိုးတက်မြင့်မားလာစေရန် မိမိအပါအဝင် ကိုယ်စားလှယ်များအားလုံး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသ၍ အားထုတ်ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ကိုယ်စား လွှတ်တော်အစည်းအဝေးများကို တက်ရောက်နေကြခြင်းဖြစ်ပါကြောင်း၊ လွှတ်တော်တာဝန်များ ထမ်းဆောင်ကြရာတွင်လည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နည်းမှန်၊ လမ်းမှန်နှင့် ဆောင်ရွက်နိုင်ကြရန်လည်း အရေးကြီးပါကြောင်း။

 

မိမိတို့ ဒုတိယအကြိမ် လွှတ်တော်များ၏ သက်တမ်းသည် မကြာမီကာလတွင် ၃ နှစ်ပြည့်မြောက်တော့မည်ဖြစ်ပါကြောင်း၊ ၃ နှစ်တာ ကာလအတွင်း မိမိတို့ရရှိခဲ့ကြသည့် အတွေ့အကြုံမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည်စိစစ်သုံးသပ်ပြီး ကျန်ရှိသည့် လွှတ်တော်သက်တမ်းတွင် ပြည်သူ့အတွက် အကောင်းဆုံး ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ မဲဆန္ဒရှင်များက အားကိုးယုံကြည်စွာ ရွေးချယ် တာဝန်ပေးထားသည့် မိမိတို့သည် လွှတ်တော်တာဝန်နှင့် ကိုယ်စားလှယ်တာဝန်များ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြမှသာ ဥပဒေပြုရေးမဏ္ဍိုင်၏ စွမ်းဆောင်ရည် ဆက်လက် မြင့်မားနေမည်ဖြစ်ပါကြောင်း၊  ဥပဒေပြုရေးနှင့် စောင့်ကြည့်ထိန်းညှိခြင်း တာဝန်များကို ပီပြင်စွာ ထမ်းဆောင်နိုင်ရန် လိုအပ်သကဲ့သို့ မိမိရပ်ရွာ၊ မိမိကိုယ်စားပြုသည့် မဲဆန္ဒနယ်၏ ဖွံ့ဖြိုးတိုးတက်ရေး တာဝန်များကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်မှသာ ပြည်သူက ပိုမိုအားကိုး ယုံကြည်လာကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်  နိုင်ငံသူ၊ နိုင်ငံသားများ၏  အမျိုးသား အကျိုးစီးပွားအတွက် မိမိတို့အားလုံးက မွန်မြတ်သည့် စိတ်ရင်းစေတနာနှင့်  ဆက်လက်ကြိုးပမ်းထမ်းဆောင်ကြပါစို့ ဟု တိုက်တွန်းပြောကြားသည်။

 

ယင်းနောက်  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ကော်မတီများတွင် ကော်မတီဥက္ကဋ္ဌပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ ကော်မတီအဖွဲ့ဝင်ပြောင်းရွှေ့ခြင်း၊ အစားထိုးလဲလှယ်ဖွဲ့စည်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် စပ်လျဉ်း၍ ဖတ်ကြားတင်ပြသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊  အတွင်းရေးမှူးအဖြစ် ရွှေကျင် မဲဆန္ဒနယ်မှ ဦးစောသလေးစောနှင့်  အဖွဲ့ဝင် (၁၆)ဦးတို့ဖြင့် ဖွဲ့စည်းရန် လျာထားကြောင်း ပြည်သူ့လွှတ်တော်သို့ တင်ပြသည်။

 

ထို့နောက်  တွံ့တေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ စာအုပ်ကို ရေးသားပြုစုထုတ်ဝေရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးမြင့်လွင်၏ ကြယ်ပွင့်ပြမေးခွန်းကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဖြေကြားချက်နှင့် ပေါင်းစပ်ရှင်းလင်း ဖြေကြားမည်ဖြစ်ပါကြောင်း၊  ပြန်ကြားရေး ဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်အနေဖြင့် ၁၉၇၁ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ (၁၉၄၅ ခုနှစ် မတ် ၁၇ ရက်မှ ၁၉၄၇ခုနှစ် ဇူလိုင် ၁၉ ရက်အထိ) စာအုပ်ကို  ထုတ်ဝေခဲ့ ပြီးဖြစ်ပါကြောင်း၊ ယခုအခါ ဈေးကွက် လိုအပ်ချက်အရ ယင်းစာအုပ်ပြန် လည်ပုံနှိပ်ထုတ်ဝေရန် အစီအစဉ်ရှိပါကြောင်း။

 

ယခုအခါတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ (၁၉၁၅-၁၉၄၇)ကို ထုတ်ဝေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စာမူကြမ်းအဖြစ် ရေးသားပြုစုထားရှိပြီး ဖြစ်ပါကြောင်းကို ယင်းဝန်ကြီးဌာန၏ အကြောင်းကြားချက်အရ သိရှိရပါကြောင်း၊ ယင်းစာအုပ်တွင် အခန်း(၆)ခန်း ပါဝင်ပါကြောင်း၊ အခန်း(၁) လူငယ်ဘဝ (၁၉၁၅မှ ၁၉၃၂)၊ အခန်း(၂) တက္ကသိုလ်ကျောင်းသားဘဝ (၁၉၃၂မှ ၁၉၃၈အထိ)၊ အခန်း(၃) သခင်ဘဝ၊ အခန်း(၄) လက်နက်ကိုင်တော်လှန်ရေး ပြင်ဆင်မှု ကာလ (၁၉၄၀-၁၉၄၁ အထိ)၊ အခန်း(၅) စစ်ဝန်ကြီးဘဝ (၁၉၄၂မှ ၁၉၄၅အထိ)၊ အခန်း(၆) အမျိုးသားခေါင်းဆောင်(၁၉၄၅ မှ ၁၉၄၇ အထိ)  စသည်တို့ဖြင့်  အကြောင်းအရာ စုံလင်စွာ ရေးသားပြုစုထားသည်ဟု သိရှိရပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၏ တောင်သူဦးကြီးများ မိသားစုအလိုက် ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် အဖိုးတန်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော လျှော်ဖြူပင်ခေါ် ဆေးကုလားမပင် စိုက်ပျိုးထုတ်လုပ်ခြင်းကို နယ်ပယ်အသီးသီးတွင် စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရမှ  ဈေးကွက်ခိုင်မာသည့် နိုင်ငံခြားပို့ကုန်အဆင့်အထိ ရောက်ရှိအောင် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက လျှော်ဖြူထုတ်လုပ်မှုတွင် စုပေါင်းဆောင်ရွက်မှု ရရှိလာစေရေးနှင့် လျှော်ဖြူကုန်စည်ဒိုင်များ ဖွံ့ဖြိုးလာစေရန်  မြန်မာနိုင်ငံ လျှော်ဖြူအသင်းအား  ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် အသင်းသား ၄၅၅ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးတို့တွင်လည်း လျှော်ဖြူအသင်း၊ အစုအဖွဲ့များ ဖွဲ့စည်းထားရှိပြီး ဖြစ်ပါ ကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် လျှော်ဖြူပင်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုအပေါ် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် သီးနှံအမယ်စုံ စိုက်ပျိုးရေးနှင့် သီးနှံ-သစ်တော ရောနှောတောင်သူပညာပေး စိုက်ကွက်များအဖြစ် စိုက်ပျိုးပြသလျက်ရှိပါကြောင်း၊ လျှော်ဖြူအပါအဝင် မြန်မာနိုင်ငံမှ ထွက်ရှိသော ထွက်ကုန်ပစ္စည်းများအား ခိုင်မာသော ဈေးကွက်ရှာဖွေနိုင်ရေးအတွက် မြန်မာသံရုံး၊ စီးပွားရေးသံရုံးများမှ တစ်ဆင့်လည်းကောင်း၊ နိုင်ငံတကာ ကုန်စည်ပြပွဲများတွင် ပါဝင်ပြသခြင်းဖြင့် လည်းကောင်း၊ ထုတ်ကုန်ဆိုင်ရာ အသင်းအဖွဲ့များ ဖွဲ့စည်းပေးခြင်းဖြင့် လည်းကောင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးခြင်းဖြင့် လည်းကောင်း၊  ဈေးကွက်အခြေအနေများ စုံစမ်းထောက်လှမ်းခြင်းနှင့် ဈေးကွက်ရရှိရေးအတွက် ညှိနှိုင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဈေးကွက်ဆိုင်ရာ သတင်း အချက်အလက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန Website များတွင် ဖော်ပြပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၏ သံဖြူဇရပ်မြို့လယ်ခေါင်၊ ပြည်ထောင်စု လမ်းမ နံဘေးရှိ ကုန်သွယ်လယ်ယာနှင့် သမဝါယမအသင်းစုပိုင် ဂိုဒေါင်မြေနေရာတွင် မြို့တော်ခန်းမ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက မြို့နယ် သမဝါယမ အသင်းစုပိုင် မြေနေရာနှင့်ပတ်သက်၍ လက်ရှိတွင် ဓာတ်မြေသြဇာသို လှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်း၊ သမဝါယမအသင်း၏ လုပ်ငန်းများ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေးနှင့်  ရေရှည်ရပ်တည်နိုင်ရေးအတွက်  စီစဉ်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် မြေနေရာအား စွန့်လွှတ်ပေးခြင်း  မရှိပါကြောင်း၊  မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်  မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် ညှိနှိုင်း၍ Town Plan ရေးဆွဲရာတွင် သံဖြူဇရပ်မြို့နယ်  ဖောင်စိန် ကျေးရွာရှိ  စက်မှုဝန်ကြီးဌာနမှ စွန့်လွှတ်ထားသည့်  မြေဧက   ၄၀နေရာတွင်  မြို့နယ် ခန်းမတည်ဆောက်ရန်အတွက် ထည့်သွင်းရေးဆွဲထားပါကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊  မုံရွာ မဲဆန္ဒနယ်မှ ဦးညွန့် အောင်၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူနှင့် ကောလင်း မဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြားသည်။

 

ယင်းနောက်  ချောင်းဆုံ မဲဆန္ဒနယ်မှ ဦးအောင်ကြည်သိန်းက နိုင်ငံတော်၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မအရင်းအမြစ်တစ်ခုဖြစ်သည့် မျိုးစေ့ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်တွေ့ကျကျ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းရာတွင်  နိုင်ငံတော်၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပင်မအရင်းအမြစ် တစ်ခုဖြစ်သည့်  အရည်အသွေးကောင်း မျိုးစေ့နှင့် မျိုးပွားအစိတ်အပိုင်းများကို တောင်သူလယ်သမားများ ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ် သုံးစွဲလာနိုင်ရေးကို ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် လယ်ယာထုတ်ကုန်များကို  တိုးတက်ထုတ်လုပ်လာနိုင်ပြီး တောင်သူလယ်သမားများ၏ ဝင်ငွေနှင့် လူနေမှုဘဝ ပိုမိုမြင့်မားလာစေရန်အတွက် ရည်ရွယ်ပါကြောင်း။

 

မျိုးစေ့ မျိုးပွားလုပ်ငန်းကို လက်တွေ့ကျကျ ဆောင်ရွက်ခဲ့၊ ဆောင်ရွက်ဆဲဖြစ်သော အစိုးရအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ တက္ကသိုလ်အသီးသီးမှ ပညာရှင်များ၊ အသေးစားအလတ်စား လုပ်ငန်းများမှ ပညာရှင်များနှင့် လုပ်ငန်းရှင်များ၊ ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူများအား စုစည်းဖိတ်ကြားကာ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲများ ကျင်းပပြီး မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ပြီး၊ လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကို စီစဉ် ပေးရန်၊ သုတေသနပြုလုပ်ငန်းတွင် လက်ရှိအားနည်းမှုများရှိသော စပ်မျိုး၊ ဗီဇပြုပြင်မျိုး၊ တစ်သျှူးမျိုးပွားမျိုး၊ မျိုးသစ် တီထွင်ထုတ်လုပ်နိုင်ရေးအတွက် မူပိုင်ခွင့် အခွင့်အရေးများ ပေးလျှက် အားပေးမြှင့်တင်ပေးရန် လိုအပ်ပါကြောင်း။

 

mdn

 

 မျိုးထုတ်စိုက်ပျိုးသူများအတွက် လိုအပ်သော ပံ့ပိုးပစ္စည်းစက်ကိရိယာနှင့် အရင်းအနှီးများ သက်သာလွယ်ကူ စွာရရှိနိုင်ရေး၊ ထွက်ရှိသီးနှံများ တွက်ခြေကိုက်ဈေးနှုန်း ရရှိရေးအတွက် နိုင်ငံတော်အစိုးရမှ ပြည်တွင်းပြည်ပ စီးပွားရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူညီပေးရန် စသည့် အစီအမံများကို ကြိုးပမ်းဆောင်ရွက်လာနိုင် မည်ဆိုပါက လက်ရှိအနေအထားမှသည် မျိုးစေ့နှင့် မျိုးအစိတ်အပိုင်းများ ဖွံ့ဖြိုးတိုးတက်ရေးသာမက သီးနှံစုံအတွက်  တိုးချဲ့ထုတ်လုပ်လာနိုင်ခြင်း၊  လူငယ်ထု၏ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်သဖြင့်  လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊ နိုင်ငံတော်၏ လယ်ယာကဏ္ဍတွင် အခြားသော နည်းပညာများပါ ပျံ့နှံ့စီးဝင်လာနိုင်ခြင်း၊ နိုင်ငံနှင့် တောင်သူလယ်သမားများ အပါအဝင် ပြည်သူလူထု၏ဝင်ငွေ တိုးတက်လာနိုင်ခြင်းတို့အား အထောက်အကူများစွာ ဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း တင်ပြသည်။

 

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ  လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။

    

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍  ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်  ကျန်းမာရေး ဥပဒေကြမ်းနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေကြမ်းတို့ကို လက်ခံရရှိကြောင်းနှင့်  ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်(သတင်းစဉ်)