ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

နေပြည်တော် ၂၁  ဇန်နဝါရီ 

    

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

    

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားရာတွင် ဥပဒေပြုရေး ကဏ္ဍတွင် အဓိက တာဝန်ယူဆောင်ရွက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နှစ်သစ်တွင်အတွေးသစ်၊ အမြင်သစ်၊ စိတ်သစ်များနှင့် အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ နားလည်မှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိတို့နိင်ငံနှင့် နိုင်ငံသားများအတွက် ကောင်းမွန်သည့် အနာဂတ်ကို ဆက်လက်တည်ဆောက် ပေးနိုင်ကြရန် မျှော်လင့်ပါကြောင်း။ 

 

mdn

    

ဒုတိယအကြိမ် လွှတ်တော်များ၏ သက်တမ်းကာလသည် မကြာမီ သုံးနှစ်ပြည့်မြောက် တော့မည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံများ ရင့်ကျက်လာသည်နှင့်အမျှ ကျန်ရှိသည့် လွှတ် တော်သက်တမ်း ကာလအတွင်း အချိန်ကို အကျိုးရှိရှိအသုံးချပြီး လွှတ်တော်၏ လုပ်ငန်း တာဝန်များကို  ကျေပွန်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကိုယ်စားပြုနယ် မြေအလိုက် ပြည်သူ၏ဆန္ဒနှင့် လိုအပ်ချက်များကို  အခြေခံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံး ညီညွတ်မျှတစွာဖြင့်  ပြည်ထောင်စုတစ်ဝန်းလုံး ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေး အဖြေရှာပေးကြရန် ဖြစ်ပါကြောင်း။

    

လက်ရှိအချိန်သည် ပြည်သူများက ၎င်းတို့၏ နေ့စဉ် လူမှုစီးပွားရေးကိစ္စများ အဆင်ပြေ ချောမွေ့ရေးနှင့် ဘဝလုံခြုံငြိမ်းချမ်းရေးတို့အတွက် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ် ထွန်းလာရေးကို ဆန္ဒပြင်းပြစွာ မျှော်လင့်လျက်ရှိကြပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ  အနေနှင့်လည်း အဂတိတရားကင်းရှင်းသည့် စေတနာ၊ မှန်ကန်သည့် လုပ်နည်းလုပ်ဟန်၊ အမျှော်အမြင်ကြီးမားသည့် ကြိုးစားမှုများနှင့် ပူးပေါင်းဆောင်ရွက်ပေးနိုင်ကြမည်ဟု ယုံကြည် ပါကြောင်း၊ ပြည်သူများ၏ မျှော်လင့်ချက်ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြုံတွေ့ ရနိုင်သည့် အခက်အခဲ၊ အကျပ်အတည်းများကိုလည်း အမှန်တရားနှင့် တရားမျှတမှုကို လက်ကိုင်ထားပြီး မှန်မှန်ကန်ကန် ဆွေးနွေးဖြေရှင်း နိုင်ကြရန် တိုက်တွန်းပါကြောင်း။

    

ယနေ့ စတင်ကျင်းပသည့် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေး လျာထားကာလ နှစ်လ ခန့်အတွင်း ဥပဒေများ အတည်ပြုရေး အပါအဝင် လွှတ်တော်ဆိုင်ရာလုပ်ငန်းစဉ်များအတွက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ကိုယ်စားလှယ်များအားလုံးက ပူးပေါင်းပါဝင်ရန် လိုအပ်ပါ ကြောင်း။ 

    

ဆောင်ရွက်ဆဲဥပဒေများအနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ၆ ခု၊ ပြည်သူ့လွှတ် တော်တွင် ၁၉ ခုနှင့် အမျိုးသားလွှတ်တော်တွင် ၈ ခု စုစုပေါင်း ဥပဒေကြမ်း ၃၃ ခု ကျန်ရှိပါ ကြောင်း၊ အကြောင်းအရာအရဖြစ်စေ၊ လုပ်ငန်းလိုအပ်ချက်အရဖြစ်စေ ဦးစားပေးဆောင်ရွက် သင့်သည့်  ဥပဒေကြမ်းများကို  စိစစ်ရွေးချယ် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း။
  

 ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာနှစ်အတွက် မြို့နယ်အလိုက် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲခွင့် အဆိုပြုချက်များကို  ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား တင်ပြရန် ပြင်ဆင်အကြောင်းကြားထားပါကြောင်း။ ယနေ့အထိ ၂၆၂ မြို့နယ်က တင်ပြ ထားပြီး ၁၉၆ မြို့နယ်ကို ခွင့်ပြုပေးပြီးဖြစ်ပါကြောင်း၊ အဆိုပြုတင်ပြရာတွင် သတ်မှတ် စာရွက်စာတမ်း မပြည့်စုံသည့် မြို့နယ်အချို့ကိုလည်း  လုပ်ငန်းကြန့်ကြာမှု မရှိစေရေးအတွက် လိုအပ် ချက်များကို တောင်းခံပြီး စိစစ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ပူးတွဲပါရှိရမည့် စာရွက် စာတမ်းများ လိုအပ်နေသည့် မြို့နယ်များအနေဖြင့် အမြန်ဆုံးပေးပို့ကြရန်နှင့် အဆိုပြုချက် တင်ပြရန်  ကျန်ရှိသည့် မြို့နယ်များကလည်း သတ်မှတ်ရက်အတွင်းပေးပို့ကြ ရန်လိုအပ်ပါ ကြောင်း။

    

ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၇-၂၀၁၈ ဖွံ့ဖြိုးရေးလုပ်ငန်းများ စစ်ဆေး ချက် အစီရင်ခံစာတွင် ယခင်နှစ်နှင့် အလားတူ အားနည်းချက်၊ လိုအပ်ချက်များ ထပ်မံပါရှိနေ သည်ကို စိစစ်တွေ့ရှိရသည့်အတွက် မြို့နယ်အကောင်အထည်ဖော်ရေး အဖွဲ့များအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီအောင် ဆောင် ရွက်ကြရန် ဖြည့်စွက်မှာကြားလိုပါကြောင်း။

    

မဲဆန္ဒနယ်မြေအသီးသီးမှ လွှတ်တော်တည်ရှိရာ နေပြည်တော်တွင် စုစည်းရောက်ရှိ လာကြခြင်းသည် မဲဆန္ဒရှင်ပြည်သူများ၏ ကိုယ်စား လွှတ်တော်ပုံမှန်အစည်းအဝေးနှင့် သက်ဆိုင်ရာကော်မတီ အစည်းအဝေးများကို တက်ရောက်ဆွေးနွေးခြင်း အပါအဝင် အခြား လွှတ်တော်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ လွှတ် တော်ပုံမှန်အစည်းအဝေးများတွင် တက်ရောက်ဆွေးနွေး အဖြေရှာခြင်းသည် လွှတ်တော်ကိုယ် စားလှယ်တစ်ဦးချင်းစီ၏ တာဝန်ကျေပွန်မှုနှင့် ကျင့်ဝတ်စည်းကမ်းလိုက်နာမှုကို ပြသရာ ရောက်သကဲ့သို့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် အခွင့်အရေးများအတွက် သင့်တော်မှုကိုလည်း ပြသရာရောက်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ပုံမှန်အစည်းအဝေးများ၊ သက်ဆိုင်ရာလွှတ် တော်ကော်မတီ အစည်းအဝေးများကို အတက်နိုင်ဆုံး တက်ရောက်ပြီး ပါဝင်ဆွေးနွေးကြရန် တိုက် တွန်းပါကြောင်း။

    

ဆက်လက်ဆောင်ရွက်ကြရမည့် လုပ်ငန်းတာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများ အတွက် အလေးထားစဉ်းစားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ အရှိန်အဟုန်မြှင့်တင် ဆောင် ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတစ်ဝန်းက တိုင်းရင်းသားပြည်သူများအားလုံး အေးချမ်းလုံခြုံ ပြီး ဥမကွဲသိုက်မပျက် နေထိုင်နိုင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည် ဆောက်ရေးလုပ်ငန်းစဉ်တွင် စိတ်ရောကိုယ်ပါ ညီညွတ်ကြပြီး ရိုးသားမှန်ကန်သည့်  စေတနာ လုပ်အားတို့ကို  ပြသနိုင်ကြပါစေဟု တိုက်တွန်းပြောကြားသည်။

    

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက Vienna Convention on Road Traffic 1968 နှင့် Vienna Convention on Road Signs and Signals 1968 ကို လက်ခံကျင့်သုံးခြင်းသည် မိမိတို့နိုင်ငံနှင့် ပြည်သူများအတွက် အထူး တလည် သီးခြားဆောင်ရွက်ရမည့်ကိစ္စရပ် အသစ်မဟုတ်ပါကြောင်း၊ မိမိတို့နိုင်ငံမှ ရင်းနှီးကျွမ်း ဝင်ပြီးဖြစ်သည့် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြများကို တရားဝင်လက်ခံ ကျင့်သုံးခြင်းသာဖြစ်သည့်အတွက် နိုင်ငံတော်အနေနှင့် ဆုံးရှုံးနစ်နာစရာမရှိဘဲ အကျိုးကျေးဇူး များသာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

Convention နှစ်ခုကို လက်ခံကျင့်သုံး ဆောင်ရွက်ခြင်းအားဖြင့် Convention ၏ အဖွဲ့ ဝင်နိုင်ငံများသည် အခြားအဖွဲ့ဝင်နိုင်ငံများ၏ မော်တော်ယာဉ်များကို အပြန်အလှန်အသိ အမှတ်ပြုသည့်အတွက် ယာဉ်များ နိုင်ငံကျော်ဖြတ်သွားလာရာတွင် လျင်မြန်ချောမွေ့ပြီး မြန် ဆန်နိုင်စေခြင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းမှု တိုးတက်လာနိုင်စေမည့်အပြင် လမ်းညွန်များ၊ အချက်ပြများ၊ သင်္ကေတများနှင့် လမ်းအမှတ်အသားများသည် အပြည်ပြည် ဆိုင်ရာ ယာဉ်သွားလာမှုများနှင့် တပြေးညီရှိလာနိုင်ခြင်း၊ မိမိတို့နိုင်ငံက ထုတ်ပေးနေသည့်  International Driving Permit ကို နိုင်ငံတကာ အသိအမှတ်ပြု လက်ခံလာနိုင်မည့် အကျိုး ကျေးဇူးများကို ရရှိလာနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

 

mdn

    

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်၏ အဆုံး အဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် လွှတ်တော်က သဘောတူအတည်ပြု ကြောင်း ကြေညာသည်။

    

ဆက်လက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က နိုင်ငံတော် သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော မြန်မာနိုင်ငံ တိုင်းရင်းဆေး ကောင်စီဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကိုဖတ်ကြားပြီး ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအစီရင်ခံ စာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

    

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ်ပြင် ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင် သော ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားပြီး ပြည်ထောင်စုလွှတ်တော်နာယက က ယင်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ် စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

    

ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးအောင်မင်း က ပြည်ထောင်စုအစိုး ရအဖွဲ့မှပေးပို့သော ၂၀၁၈ ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ ထုတ်ပြန်ရေးနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး လွှတ်တော်က ဆွေးနွေးစဉ်းစားရန် အဆိုတင်သွင်းသည်။ 

  

 ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ် တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

    

ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်း ၉ ခု၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍  ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ၆ လအတွက် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ဇယား(၁)အရ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ တာဝန်ယူ ကောက်ခံရမည့် အခွန်အကောက် ၂၁ မျိုးမှ ကောက်ခံရန်  မူလခန့်မှန်းခြေလျာထားချက်သည် ကျပ် ၂၇၉၁ ဒသမ ၈၉၇  ဘီလီယံဖြစ်ကြောင်း၊ ကောက်ခံရရှိမှုသည် ကျပ် ၃၄၂၄ ဒသမ ၁၅၅ ဘီလီယံဖြစ်သဖြင့် လျားထားချက်ပေါ် အကောင်အထည်ဖော်နိုင်မှုသည် ၁၂၂ ဒသမ ၆၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ ယခင်နှစ် အလားတူကာလ အခွန်ကောက်ခံရရှိမှုဖြင့် နှိုင်းယှဉ်ပါက ကျပ် ၃၄၅ ဒသမ ၃၅၆ ဘီလီယံ ပိုမိုကောက်ခံရရှိခဲ့ကြောင်း။

    

နိုင်ငံတော်အနေဖြင့် ရေရှည်တွင် အခွန်အရပ်ရပ် ကောက်ခံရရှိမှု ရငွေများဖြင့် အဓိက သုံးစွဲသွားရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေနှင့် ဂျီဒီပီအချိုးသည်  ၇ ရာခိုင်နှုန်းကျော်သာရှိသဖြင့်  နိမ့်ကျနေဆဲဖြစ်ရာ ရသင့်ရထိုက်သည့် အခွန်အကောက်များ တိုးတက်ကောက်ခံရရှိရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

    

လာမည့်ဘဏ္ဍာရေးနှစ် ၂၀၁၈-၂၀၁၉ တွင်လည်း ရည်မှန်းချက်ပြည့်မီစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစီရင်ခံစာအပေါ် သုံးသပ်ဆွေးနွေး၍ အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက်  ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့ သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသားစီမံကိန်း အစီရင်ခံစာနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ အမျိုးသား စီမံကိန်းတွင် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်း အရ ကျပ် ၃၂၈၇၃၂၀၂ ဒသမ ၅ သန်းနှင့်  ၇ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ရန် ရည်မှန်းခဲ့ရာ ကျပ် ၃၂၅၂၂၈၁၈ ဒသမ ၁ သန်း ရရှိခဲ့သဖြင့် စီမံကိန်းရည်မှန်းချက်အပေါ် ၉၈ ဒသမ ၉ ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီး ပုံမှန်ဈေးနှုန်းအရ ၆ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ ပါကြောင်း၊ အဓိကအားဖြင့် အဆိုပါကာလအတွင်း လယ်ယာကဏ္ဍ သီးနှံအချို့ထွက်ရှိမှုနှင့် ကမ်းလွန်ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လျော့ကျခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း။

 

၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ၌ ကဏ္ဍများတွင် သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ သတ္တုနှင့်တွင်းထွက်ပစ္စည်းကဏ္ဍ၊ ဆောက်လုပ်မှုကဏ္ဍ၊ ငွေရေးကြေးရေး ကဏ္ဍ၊ လူမှုရေးနှင့်စီမံခန့်ခွဲရေးကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍများတွင် ရည်မှန်းထားသည့် အတိုင်း အပြည့်အဝ ကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း။ 

 

ယခုအစီရင်ခံသည့် ကာလသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေအား ပိုမိုထိရောက်စွာ သုံးစွဲနိုင်ရန်အတွက် ပြောင်းလဲကျင့်သုံးမည့် ဘဏ္ဍာရေးနှစ်သစ်သို့ ပြောင်းလဲရာတွင် နှစ် ဟောင်းနှင့် နှစ်သစ်အကြား ကြားခံကာလအဖြစ် အဆင်ပြေ ချောမွေ့အောင်ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ထို့အပြင် ဘဏ္ဍာရေးနှစ်သစ်ကာလဖြစ်သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုး သားစီမံကိန်းကိုလည်းရေးဆွဲပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူပြီး ဖြစ်ပါကြောင်း။ သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ပါလအထိ ၆ လ အမျိုးသားစီမံကိန်း  အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးသုံးသပ်၍ မှတ်တမ်းတင်ပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့ သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ၆ လ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီ ရင်ခံစာနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှစ်ဟောင်းနှင့် နှစ်သစ်အကူးအပြောင်းတွင် ကြားခံကာလ အဖြစ် ၆ လသာ အကောင်အထည်ဖော်ရခြင်းဖြစ်ပါသဖြင့် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်း များ၏ ရငွေအပိုင်းတွင် ကြွေးမြီရငွေများ၌ လျာထားချက်၏ ၄၉ ဒသမ ၆၉ ရာခိုင်နှုန်းသာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပြီး ချေးငွေဖြင့်လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဝန်ကြီးဌာနများအနေဖြင့် ချေးငွေမရယူမီ ချေးငွေပေး အပ်သည့် သက်ဆိုင်ရာနိုင်ငံ၊ အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်း၊ စည်းကမ်း များကို ကြိုတင်လေ့လာထားရန် လိုအပ်ပါကြောင်း။

 

နှစ်စဉ်ဘဏ္ဍာရေးနှစ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများအ လိုက် နှစ်စဉ်လုပ်ငန်းစီမံချက်ပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် ချေးငွေထုတ်ယူခြင်း၊ လုပ် ငန်းဆောင်ရွက်ရန် Time Line ရေးဆွဲခြင်းတို့ကို ပီပြင်အောင်ဆောင်ရွက်မှသာ လျာထားချက် နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု နီးစပ်နိုင်မည်ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ပြင်ပမှ ဆောင်ရွက်သော အဖွဲ့အစည်းများအနေဖြင့်လည်း လာမည့် နှစ်စဉ်ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲရာတွင် အရအသုံးလျားထား ချက်များကို ပိုမိုနီးစပ်အောင် လျာထားရန်လိုအပ်ပါကြောင်း၊ အထွေထွေပိုလျှံရန်ပုံငွေမှ ကျခံသုံးစွဲခြင်းနှင့် ရန်ပုံငွေလွှဲပြောင်း သုံးစွဲခြင်းများကို ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများနှင့်အညီ တင်ပြသုံးစွဲရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ 

 

သတင်း- နိုင်နိုင်မွှေး
ဓာတ်ပုံ-အေးသန်း