ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

ရန်ကုန် ၁၂ ဇန်နဝါရီ 


ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၂၃)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာ စကားပြောကြားသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဒုတိယသမ္မတဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် နိုင်ငံတော်သမ္မတရုံးက ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့တွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အဖွဲ့ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပါကြောင်း။ 
စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို သက်ဆိုင်သည့် ပြည်ထောင်စု ဝန်ကြီးဌာနများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များဖြင့်လည်းကောင်း ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အတွက် လုပ်ငန်းကော်မတီ (၅)ရပ်ဖြင့် ဖွဲ့စည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ ယခုတွေ့ဆုံပွဲသည် (၂၃)ကြိမ်မြောက်ဖြစ်ပါကြောင်း။
စီးပွားရေးလုပ်ငန်းရှင်များနှင့် (၂၂)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ လုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြု တင်ပြချက်အားလုံးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီး ဖြစ်ပါကြောင်း။


အဆိုပါပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်များ ရှိသကဲ့သို့ အချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်ပါကြောင်း၊ ဥပမာ- ပြီးခဲ့သည့် (၂၂) ကြိမ်မြောက် အစည်းအဝေးတွင် အခက်အခဲ၊ အကြံပြုတင်ပြချက်ပေါင်း (၁၃)ချက်ကို တင်ပြခဲ့ပါကြောင်း၊ ယင်းအချက်များအနက်မှ မြန်မာနိုင်ငံအလှကုန်အသင်းက တင်ပြခဲ့သည့် စားသုံးသူအကာအကွယ်ပေးရေး ဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၈)အရ ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်မှုပြုရာ၌ ကုန်စည်များတွင် သုံးစွဲပုံနှင့်ပတ်သက်သော သတင်းအချက်အလက် (သို့မဟုတ်) ညွှန်ကြားချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့်အခြားဘာသာ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းကို အမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ ခြောက်လပြည့်မြောက်သည့်နေ့တွင် အကျိုးသက်ရောက်မည့် ကိစ္စနှင့်စပ်လျဉ်း၍ အချိန်လုံလောက်မှု မရှိသောကြောင့် သင့်လျော်သော အချိန်ကာလ တစ်ခုသို့ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့မှုအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ ဖြေလျှော့ပေးနိုင်မည့် အခြေအနေများကို အမြန်ဆုံးပြန်လည် တင်ပြခဲ့ပါကြောင်း။ 


အဆိုပါကိစ္စတွင် ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း လုပ်ငန်းကော်မတီ(၅)ရပ်က တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ၍ ဆွေးနွေးပွဲ (Public-Private Dialogue) များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်၍ အချိန်တစ်ခုထိ စောင့်ရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ချက်ချင်းမပြီးပြတ်ဘဲ အချိန်ယူ၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။


မြန်မာနိုင်ငံ ဒေသအသီးသီးမှ စိုက်ပျိုးထွက်ရှိသော ဖရဲ၊ သခွားမွှေးများအား နယ်စပ် ကျိန်စမ်းကျော့ဂိတ်မှတစ်ဆင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရာတွင် ကျိန်စမ်းကျော့ဂိတ် ပိတ်သွားသဖြင့် ယာဉ်ကြောများ ပိတ်ဆို့လျက်ရှိရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် သစ်သီးဝလံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ နစ်နာဆုံးရှုံးမှုများ အထိုက်အလျောက်ရှိခဲ့ကြောင်း၊ ထိုအခြေအနေမျိုးတွင် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တာဝန်ခံဆောင်ရွက်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဆောင်သည့်အဖွဲ့၊ ပတ်သက်ဆက်နွယ်သည့် ဝန်ကြီးဌာနများနှင့် အစည်းအဝေးပြုလုပ်၍ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ နောက်တစ်ရက်တွင် ကျိန်စမ်းကျော့ဂိတ်ကို ယာယီပြန်လည်ဖွင့်လှစ်ခွင့် ရရှိခဲ့ရာ ထိခိုက်ဆုံးရှုံးမှုများကို အထိုက်အလျောက် တားဆီးနိုင်ခဲ့ပါကြောင်း။


နိုင်ငံတော်၏ စီးပွားရေးဖွံဖြိုးတိုးတက်ရန် ဆောင်ရွက်သည့်နေရာတွင် ကုန်သွယ်ရေးကဏ္ဍသည် အရေးကြီးသော အခန်းကဏ္ဍတွင်တည်ရှိပြီး နှစ်စဉ် ကုန်သွယ်မှုပမာဏ တိုးတက်အောင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လတာကာလအတွင်း ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၁၈ ဒသမ ၃)ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ဒီဇင်ဘာလကုန်အထိ) ကိန်းဂဏန်းများအရ ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ (၈ ဒသမ ၁၁၇) ဘီလီယံအထိရရှိခဲ့ပြီး ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ (ဝ ဒသမ ၄၄၉)ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ ကုန်သွယ်မှုတွင် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ (၇ ဒသမ ဝ၉၄) ဘီလီယံ ပါဝင်သည့်အတွက် (၈၇)ရာခိုင်နှုန်းအထိ တိုးတက်ဆောင်ရွက်နိုင်သည်ကို တွေ့ရပါကြောင်း၊ ကုန်သွယ်မှုပမာဏများကို ကြည့်လျှင် သွင်းကုန်တန်ဖိုးသည် ပို့ကုန်တန်ဖိုးထက် များနေသည့်အတွက် ကုန်သွယ်မှုလိုငွေဖြစ်နေသဖြင့် Trade Balance ဖြစ်စေရေးအတွက် ပို့ကုန်ကို တိုးမြှင့်ဆောင်ရွက်သွားနိုင်ရန်  လိုအပ်မည်ဖြစ်ပါကြောင်း။


နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရပ်တည်ရန်ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်းများကို တားဆီးထိန်းချုပ်နိုင်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉) ခုတွင် အထူးအဖွဲ့များ ဖွဲ့စည်း၍ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလထိ ဖမ်းဆီးအရေးယူမှု (၂၆၆)ကြိမ်၊ ခန့်မှန်းတန်ဖိုးငွေကျပ်  ၅ ဒသမ ၉၀ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ပါကြောင်း။


Ease of Doing Business အဆင့် တိုးတက်ရေး၌ အဓိကကျသည့် လုပ်ငန်းတစ်ခု စတင်ထူထောင်ခြင်း (Starting a Business) အပိုင်းတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစ၍ ကုမ္ပဏီမှတ်ပုံတင်စနစ်ကို Online စနစ်နှင့် မှတ်ပုံတင်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း၊ မှတ်ပုံတင်ကြေးပေးသွင်းသည့် အပိုင်းတွင်လည်း Online Payment စနစ်ဖြစ်သည့်အတွက်  အစိုးရမှ ဖော်ဆောင်နေသည့် e-government စနစ်၏ အရေးကြီးသည့် လုပ်ဆောင်နိုင်မှုပင်ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ကုမ္ပဏီစတင်ထူထောင်သည်နှင့် ကုမ္ပဏီ ပြန်လည်မှတ်ပုံတင်သည့် အခြေအနေကို ကြည့်မည်ဆိုလျှင် သြဂုတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာလ ကုန်အထိ ကုမ္ပဏီပေါင်း (၃၂၉၁၇)ခု ပြန်လည်မှတ်ပုံတင်နိုင်ခဲ့၍ ကုမ္ပဏီပေါင်း (၈၅၁၄)ခု အသစ်မှတ်ပုံတင်ခဲ့ပါကြောင်း၊ ထူးခြားမှုအနေဖြင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း (၃၇၅၈)ခုသာ အသစ်မှတ်ပုံတင်ပေးခဲ့ပြီး၊ Online မှတ်ပုံတင် စတင်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ ဒီဇင်ဘာလအထိ ကုမ္ပဏီပေါင်း (၈၅၁၄)ခု အသစ်မှတ်ပုံတင် နိုင်ခဲ့သည်ကို တွေ့ရပါကြောင်း၊ အရင်ကာလတူထက် (၂)ဆကျော် အသစ်မှတ်ပုံတင်နိုင်ခဲ့ခြင်းသည် လုပ်ငန်းစတင်ခြင်း အပိုင်းတွင် ပိုမိုလွယ်ကူ ချောမွေ့မှုကို ပြသရာရောက်ပါကြောင်း။


တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိပြီး ဆွဲဆောင်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်အတွင်း ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် Investment Forum များ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိသူများ တိုက်ရိုက်ထိတွေ့ပြီး ရင်းနှီးမြုပ်နှံမှုများ တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ ရရှိခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရခိုင်ပြည်နယ်နှင့် မတ်လ၌ ချင်းပြည်နယ်တို့တွင် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်၍ Investment Forum များ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။


ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးသည့် အသင်းအဖွဲ့များအနေဖြင့် ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သော ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့်အတွက် မိမိတို့အသင်းအဖွဲ့များ တွေ့ကြုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP)ကို ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေ၊ ဘဏ်လုပ်ငန်းများနှင့် အာမခံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။


ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြည်တွင်း / ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများ၊ ဆက်လက် ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ 


ထို့နောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးအောင်ထူးက Ease of Doing Business အဆင့်ပိုမိုတိုးတက်ရရှိရေးအတွက်  ရှေ့ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားမည့် ဆွေးနွေးပွဲများ၊  ပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ချင်းပြည်နယ်၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်လှဲလျန်၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်လှိုင်၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌ ဦးခင်စိုး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။    
အကြံပြု တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးသည်။


ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 


(သတင်းစဉ်)

 

mdn