ဧရာဝတီ၊ ရန်ကုန်နှင့် ဟံသာဝတီအသင်း နိုင်ပွဲရရှိ

၂၀ ဇန်နဝါရီ

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကွင်းသုံးကွင်း၌ ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ ရန်ကုန်၊ ဧရာဝတီနှင့် ဟံသာဝတီအသင်းတို့ နိုင်ပွဲရရှိခဲ့သည်။

 

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက မကွေးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အဖွင့်ပွဲတွင် သရေပွဲကြုံတွေ့ထားသည့် အသင်းနှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး ဧရာဝတီအသင်းက ရန်ပိုင်စိုး၏ သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။ ရာသီကြိုပြင်ဆင်မှုများစွာ ပြုလုပ်ထားသည့် ဧရာဝတီအသင်းသည် ဒုတိယမြောက်ပွဲတွင် ပထမဆုံးနိုင်ပွဲရယူနိုင်ခြင်းဖြစ်ပြီး ဇယားထိပ်ပိုင်းသို့ တက်လှမ်းလာနိုင်ခဲ့သည်။ မကွေးအသင်းမှာမူ တိုက်စစ်ပိုင်း အဆုံးသတ်အားနည်းမှုကြောင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

ဧရာဝတီအသင်းသည် အဓိကတိုက်စစ်မှူး မာတူနာ ဒဏ်ရာရနေ၍ ဆာဆက်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုကာ သီဟဇော်၊ အောင်ကျော်နိုင်၊ ကျော်ဇင်ဖြိုး (ဂိုး)၊ ဇော်လင်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့် မကွေးအသင်းမှာလည်း စိုးလွင်လွင်၊ အောင်မြင့်ထွန်း၊ ဝင်းမိုးကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပထမပိုင်းတွင် ဧရာဝတီအသင်းက ပိုဖိကစားနိုင်ပြီး မကွေးအသင်းမှာမူ ရံဖန်ရံခါသာ ထိုးဖောက်နိုင်ခဲ့သည်။ ၁၉ မိနစ်တွင် ဧရာဝတီအသင်း ဂိုးစရခဲ့ပြီး အောင်ကျော်နိုင် ကန်တင်ပေးသည့်ဘောလုံးကို ရန်ပိုင်စိုးက ခေါင်းတိုက်သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် မကွေးအသင်းက ချေပဂိုးရရန် အားထည့်လာပြီး ဧရာဝတီနောက်တန်း အမှားအယွင်းမရှိ ဖျက်ထုတ်နိုင်ခဲ့သည်။ ဧရာဝတီအသင်းအတွက် ဒုတိယဂိုးကို ၈၆ မိနစ်တွင် ရန်ပိုင်စိုးက သွင်းယူခဲ့သည်။ 

 

YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်အသင်းက Chinland အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ လက်ရှိချန်ပီယံ ရန်ကုန်အသင်းသည် ဂိုးပြတ်နိုင်ပွဲ ထပ်မံရယူနိုင်ခဲ့ပြီး ရာနူန်းပြည့်နိုင်ပွဲဖြင့် ဇယားထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် နိုင်ငံခြားသား ကစားသမားသုံးဦးအပါအဝင် လူစုံအသုံးပြုခဲ့ပြီး ၂၁ မိနစ်တွင် ဆယ်လာက အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက ပွဲကိုစိုးမိုးသွားပြီး ၂၂ မိနစ်တွင် မောင်မောင်လွင်၊ ၃၉ မိနစ်တွင် ကြည်လင်းနှင့် ၄၄ မိနစ်တွင် ဆယ်လာတို့က သွင်းယူခဲ့သည်။ Chinland အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၅၉ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဇော်လင်းက သွင်းယူခဲ့သည်။ မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီအသင်းက စစ်ကိုင်းအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၄ မိနစ်တွင် လားဒင်မောရက သွင်းယူပေးခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်