ဟွာဝေး ဆက်သွယ်ရေးကုမ္ပဏီနဲ့ပတ်သတ်ပြီး ဗြိတိန်ကလည်း စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆို

၂၈ ဒီဇင်ဘာ 

 

ဗြိတိန်နိုင်ငံရဲ့ 5G နက်ဝက်မှာ နည်းပညာကုမ္ပဏီ ဟွာဝေး ပါဝင်နေတဲ့အတွက် ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂါဗင် ဝီလီယမ်ဆန်က သိပ်ကိုစိုးရိမ်မိကြောင်း The Times သတင်းစာကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

 

ကာကွယ်ရေးဝန်ကြီးက “ဗြိတိန်နိုင်ငံရဲ့ 5G နက်ဝက်တပ်ဆင်ရေးမှာ ဟွာဝေး ပါနေတယ်။ သေသေချာချာ စောင့်ကြည့်ဖို့လိုအပ်ကြောင်း ဗြိတိန်ရဲ့ မဟာမိတ်တွေဖြစ်တဲ့ သြစတြေးလျ နဲ့ အမေရိကန်နိုင်ငံတွေမှာ 5G နက်ဝက်မှာ လုံခြုံရေး အမြင့်ဆုံးယူထားတဲ့ လုပ်ဆောင်ချက်တွေကို အသေအချာ လေ့လာရမယ်။ တရုတ်က တစ်ခါတစ်ရံမှာ ရက်စက်တဲ့နည်းတွေ အသုံးပြုတတ်တယ်ဆိုတာကို အခုတလော ထွက်ပေါ်လာတဲ့အချက်တွေ ကနေ ဗြိတိန်အနေနဲ့ သတိပြုရမယ်” ပြောပါတယ်။

 

 

ဒီနှစ်ဆန်းပိုင်းက MI6 ထောက်လှမ်းရေးအကြီးအကဲ အဲလက်စ်ရန်းကား ကလည်း ဟွာဝေးကုမ္ပဏီရဲ့ ပါဝင်မှုနဲ့ ပတ်သတ်ပြီး သူတို့အနေနဲ့ ဆုံးဖြတ်ချက် ချရမယ်လို့ အင်္ဂလန် အလယ်ပိုင်း West Midlandsမှာ ပထမဦးဆုံး စမ်းသပ်တဲ့ 5G နက်ဝက်တပ်ဆင်ရေးမှာ ပြောခဲ့ပါတယ်။ 

 

မိုဘိုင်းနက်ဝက် 5G ဟာ အိမ်သုံးဆောင် ပစ္စည်းတွေကို အင်တာနက်ကနေတစ်ဆင့် ထိန်းချုပ်နိုင်တာမျိုးနှင့် လူကိုယ်တိုင်မောင်းနှင်စရာမလိုတဲ့ စက်တပ်ယာဉ်တွေမှာလည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အာရှနဲ့ အမေရိကန်နိုင်ငံမှာ 5G နက်ဝက်ဟာ ၂၀၂၀ လောက်မှာ စတင်မိတ်ဆက်နိုင်မယ်လို့မျှော်လင့်ရပါတယ်။ 

 

ဟွာဝေးဟာ တရုတ်အစိုးရရဲ့လုံခြုံရေး စစ်တုရင် အရုပ်တစ်ခုဖြစ်နိုင်ချေရှိတယ်လို့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မကင်းမှုတွေနှင့် ရင်ဆိုင်နေရပါတယ်။ 

 

ဟွာဝေးထုတ်ကုန်တွေကို အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ဗြိတိန်နိုင်ငံတွေက အသုံးမပြုတော့ဘူးလို့ ပြောနေချိန်မှာ ဂျပန်၊ ပြင်သစ်၊ ဂျာမနီနှင့် ချက်ပြည်သူ့သမ္မတနိုင်ငံတို့ကလည်း လုံခြုံရေးအတွက် စိုးရိမ်းမကင်းမှုတွေ တိုးများလာပါတယ်။ 

 

MDN 

ကိုးကား- AFP