ဟွာဝေးစီအီးအိုအား ဖမ်းဆီးမှုကို အမေရိကန် ကာကွယ်ပြောကြား

ဟွာဝေးကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိဖြစ်သူ မန်ဝန်ကျို့အား ကနေဒါနိုင်ငံက ဖမ်းဆီးမှုသည် ယင်း၏တောင်းဆိုမှုကို အမေရိကန်အစိုးရက ကာကွယ်ခဲ့သည်။

အဆိုပါအမှုမှာ အချက်အလက်များနှင့် ဥပဒေအပေါ် လုံးဝဥဿုံအခြေခံကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ်ပါလာဒီနိုက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ မန်နှင့်အခြားသူများသည် အီရန်နိုင်ငံရှိ ဟွာဝေးကုမ္ပဏီ၏ လုပ်ငန်းများနှင့်ပတ်သက်၍  ဘဏ္ဍာရေးအဖွဲ့အစည်းများကို လှည့်စားခဲ့သည်ဟု ၎င်းက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုမှုကြောင့် မန်အား ဒီဇင်ဘာ ၁ ရက်နေ့တွင် ဗန်ကူးဗား အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

တရုတ်အစိုးရက ဝရမ်းကိုရုတ်သိမ်းရန် အမေရိကန်ပြည်ထောင်စုသို့ တိုက်တွန်းလျက်ရှိသည်။ သူမကို ဖမ်းဆီးမှုမှာ တရုတ်နိုင်ငံ၏အခွင့်အရေးကို ချိုးဖောက်ပြီး အလွန်အမင်း ကသိကအောက်ဖြစ်ရကြောင်း တရုတ်အစိုးရက ပြောကြားသည်။   

ကနေဒါနိုင်ငံ သံတမန်ဟောင်းဖြစ်သူ မိုက်ကယ်ကိုဗရစ် တရုတ်နိုင်ငံ၌ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ် အမေရိကန်အစိုးရ၏ စိုးရိမ်ပူပန်မှုများ နှင့်ပတ်သက်၍ အဆိုပါ ပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက တစ်ဖက်သတ် ထိန်းသိမ်းမှုပုံစံအားလုံး အဆုံးသတ်သွားစေရန်နှင့် လူပုဂ္ဂိုလ်အားလုံး၏ ကာကွယ်စောင့်ရှောက်မှုများနှင့် လွတ်လပ်ခွင့်များကို လေးစားသမှုပြုရန် တရုတ်နိုင်ငံသို့ တိုက်တွန်းခဲ့ သည်။ 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်