၁၈ ဇန်နဝါရီ
ဟူစတန်ဘုရားကျောင်းရှိ ကားရပ်ထားရာ နေရာတွင် ယမန်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း သတင်းတွင်ဖော်ပြထားသည်။
ဟူစတန် မြို့တွင်း အနောက်မြောက်ဘက် ၃၀ ကီလိုမီတာ အကွာခန့်ရှိ ယေရှုခရစ်တော် ခရစ်ယာန်ဘုရားကျောင်း အပြင်ဘက် ကားရပ်ထားရာ နေရာတွင် ယမန်နေ့ည ၇ နာရီ က ယင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သေနတ်သမားမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပြီး ၎င်း သေနတ်သမား၏ ကိုယ်ရေးအချက်အလက်နှင့် ပုံပန်းသဏ္ဍာန်ကို ရဲတပ်ဖွဲ့က ဖော်ပြနိုင်ခြင်း မရှိသေးပေ။
သေဆုံးသူ အမျိုးသမီးနှင့် သေနတ်သမားသည် ပတ်သက်မှုရှိကြောင်း ဥပဒေစိုးမိုးရေး တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။
ယင်းပစ်ခတ်မှု ဖြစ်ပွားရာနေရာသို့ မည်သူမျှ မဝင်ရောက်ရန် ပိတ်ဆို့ထားကြောင်း ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။
ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို