ကြာအင်းဆိပ်ကြီးမြို့၌ စကောကရင်လူမျိုးတို့၏ ကောက်သစ်စားပွဲတော် ကျင်းပ

ကြာအင်းဆိပ်ကြီး ၁၇  ဇန်နဝါရီ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စကောကရင်လူမျိုးတို့၏ ကောက်သစ်စားပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီလ နောက်ဆုံးအပတ်ထိ နှစ်စဉ်နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိရာ ယနေ့တွင်ကြာအင်း ရွှေဒိုးကျေးရွာအုပ်စု ကြာအင်းကြီး ကျေးရွာတွင် ပြုလုပ်လျက်ရှိသည်။

အဆိုပါ ကောက်သစ်စားပွဲတော်ကို စကောကရင်လူမျိုးတို့၏ ရိုးရာဓလေ့ ထုံးစံအရ ကောက်ပဲသီးနှံ ဆန်စပါး ပေါ်ဦးထွက်ချိန် နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ် အကူးအပြောင်းကာလ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ  ကောင်းချီးမင်္ဂလာပြုပြီး နောင်နှစ်ခါ ကောက်ပဲသီးနှံ ဆန်စပါး အထွက်နှုန်း ကောင်းစေရေးအတွက် မိမိတို့လယ်ယာမြေ ဥယျာဉ်ခြံများထွက်ရှိသော ဆန်စပါးအသီးအနှံများနှင့် မွေးမြူထားရှိသော ကြက်၊ ဝက်များဖြင့် ချက်ပြုတ်ကာ ဧည့်ခံကျွေးမွေးကြသည်။

၎င်းကောက်သစ်စားပွဲတော်ကို ရွာစဉ်အလိုက် ဇန်နဝါရီလအတွင်း အလှည့်ကျ ပြုလုပ်ဧည့်ခံကျွေးမွေးကာ မည်သူမဆို လူမျိုးဘာသာမရွေး ဖိတ်ကြားပြီး ပြုလုပ်သည့်ကျေးရွာ၌ မည်သည့်အိမ်၌မဆို သွားရောက်စားသုံးနိုင်ကြောင်း သိရသည်။

ထို့နောက်ဘုရားရှစ်ခိုးကျောင်းတွင် ဘုရားရှစ်ခိုး ဝတ်ပြုဆုတောင်းခြင်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း ပျော်ပွဲရွင်ပွဲ အားကစားပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

မျိုးမင်းဦးပြန်/ဆက်