ကျောင်းသူကျောင်းသားများ သုတေသနလုပ်ဆောင်သည့်အခါ မည်သို့လုပ်ဆောင်နေသလဲဆိုတာနှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၁၉ ဇန်နဝါရီ

 

ကျောင်းသူကျောင်းသားများ သုတေသနလုပ်ဆောင်သည့်အခါ မည်သို့လုပ်ဆောင်နေသလဲဆိုတာနှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲကို ဒေါက်တာသန်းထိုက်စိုး ကျောင်းအုပ်ကြီး မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အထက ၁၁၊ ဒေါက်တာနီနီသန်း ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာသိင်္ဂီ ပါမောက္ခချုပ် နည်းပညာတက္ကသိုလ်(သန်လျင်)၊ ဒေါက်တာသန်းသန်းဝင်း ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်မြင့်ပညာဦးစီးဌာန၊ ဒေါက်တာဖြူဖြူဝင်း ဒုတိယညွှန်ကြားရေးမှူးချုပ် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ ဒေါက်တာသဲမောင်မောင် ပါမောက္ခဌာနမှူး မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသတက္ကသိုလ် မောင်းသူမဲ့လေယာဉ် သုတေသနဌာနတို့၏ ပါဝင်ဆွေးနွေးမှုကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့ပါသည်။ အဆိုပါဆွေးနွေးချက်များကို ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး ။    ။ ဟုတ်ကဲ့ပါ ဒီကနေ့ ဆွေးနွေးတဲ့အကြောင်းအရင်းနဲ့ ပတ်သက်ပြီးတော့ ဆရာမကြီးအနေနဲ့ ပထမဆုံးမိတ်ဆက်ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသန်းသန်းဝင်း ။    ။ အားလုံးမင်္ဂလာပါရှင့်။ 

 

ဒီကနေ့ဆွေးနွေးရမယ့် အကြောင်းအရာလေးကတော့ ကျောင်းသူကျောင်းသားတွေ အခြေခံပညာကနေ စပြီးတော့ အဆင့်မြင့်ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေအထိ သုတေသနတွေ လုပ်ဆောင်တဲ့အခါမှာ ဘယ်လိုလုပ်ဆောင်နေသလဲဆိုတာကို ဆွေးနွေးမှာဖြစ်ပါတယ်။ အဆင့်မြင့် ပညာကဏ္ဍမှာ သုတေသနတွေစလုပ်ဖို့အတွက် စိတ်ဝင်စားအောင်လုပ်ဖို့၊ အလေ့အကျင့်ကောင်းတွေ ရှိဖို့အတွက် ဘာတွေလုပ်ပေးနေတယ်၊ အခြေခံကျောင်းတွေမှာ ဘာတွေဆောင်ရွက်ပေးနေတယ်ဆိုတာကို ဆွေးနွေးမှာဖြစ်တဲ့အပြင် တက္ကသိုလ်တွေမှာ သုတေသနဌာနတွေက ဘာတွေလုပ်နေသလဲ၊ သုတေသနဌာနတွေက ပံ့ပိုးကူညီဆောင်ရွက်မှုတွေအကြောင်းနဲ့ လက်ရှိသုတေသနလုပ်နေတဲ့ လုပ်ငန်းတွေအကြောင်းကို ဆွေးနွေးပေးမှာဖြစ်ပါတယ်။ 

 

အစီအစဉ်မှူး ။    ။ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူတွေ သုတေသနလုပ်ချင်တဲ့ အလေ့အကျင့်တွေရရှိအောင်လို့ အခြေခံပညာအထက်တန်းကနေ တက္ကသိုလ်အထိ ဘယ်လိုမျိုး လေ့ကျင့်ပေးလဲဆိုတာ ပထမဆုံးဆွေးနွေးပေးပါဦး။

 

ဒေါက်တာသန်းထိုက်စိုး ။    ။ ကျွန်တော်တို့ကျောင်းတွေမှာ အခုနောက်ဆုံးပေါ် small skill concept နဲ့ Practical တွေလုပ်တယ်။ ကျွန်တော်တို့ပြဋ္ဌာန်းထားတဲ့ သင်ရိုးညွှန်းတမ်းနဲ့ ကိုက်ညီအောင် small skill concept ရဲ့အားသာချက်က လက်တွေ့ခန်းအကြီးကြီးတွေမလိုဘူး။ ဆရာဆရာမတွေက စာသင်ခန်းထဲကိုတောင် ယူသွားလို့ရတယ်။ အုပ်စုခွဲပြီးလုပ်လို့ရတယ်။ အဲဒီအခါ စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်သင်ရတဲ့ ရည်ရွယ်ချက်က ဝန်ထုပ်ဝန်ပိုးလည်းလျော့သွားတယ်။ ဘာဖြစ်လာလဲဆိုရင် သင်ကြားသင်ယူမှုမှာ ပိုပြီးထက်မြက်လာတယ်။ ကလေးတွေကလည်း သူတို့အခြေခံကျောင်းသား ဘဝမှာ Practical လုပ်ခဲ့ဖူးတယ်။ သုတေသနMindset ကို ငယ်ငယ်ကတည်းက ဝင်သွားတာပေါ့။ ဒါလေးတွေ ဟာ နိုင်ငံတကာမှာလည်း ကျင့်သုံးနေပြီ။ ကျွန်တော်တို့ဆီမှာလည်း ကြိုးစားနေတယ်။ ဒါက stand education ရဲ့အစလည်းဖြစ်တယ်။ နောက်ကျွန်တော်တို့ အခုဆိုရင် မြန်မာပြည်မှာ နေပြည်တော်ကို Mobile Museum ဆိုတာရှိတယ်။ ဒီ Mobile Museum ကို ကြည့်ခြင်းအားဖြင့် ကလေးတွေကို ငယ်ငယ်ကတည်းက သုတေသနလုပ်တဲ့စိတ်တွေပိုပြီးတော့ ထွန်းကားလာမယ်။ 

 

အစီအစဉ်မှူး ။    ။ ဟုတ်ကဲ့ပါ။ အခြေခံပညာကျောင်းတွေက ကျောင်းသားကျောင်းသူတွေကို သုတေသန လုပ်ချင်တဲ့ဗီဇတွေ၊ လုပ်ချင်ကိုင်ချင်စိတ်တွေရှိအောင် ဘယ်လိုမျိုးပုံစံနဲ့ ပြုစုပျိုးထောင်ပေးပါသလဲ။

 

ဒေါက်တာသန်းထိုက်စိုး။    ။ကျွန်တော်တို့ အခြေခံပညာမှာ အရင်ကတည်းက Environmental Education ဆိုပြီးရှိပါတယ်။ ကျွန်တော်တို့မန္တလေးမှာဆိုရင် ကျွမ်းကျင်သူတွေနဲ့ လုပ်တယ်။ သူတို့က ဘာတွေ သင်ပေးထားသလဲဆိုရင် Green Map ရေးဆွဲတာပါ။ Green Map  ဆိုတာ ကိုယ့်ရဲ့ကျောင်း၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ ကိုယ့်ရဲ့မြို့ရွာတွေကို ကလေးတွေကသွားပြီး ဆွဲတယ်။ Green Map ဆွဲတဲ့ရည်ရွယ်ချက်က ငယ်ငယ်ကတည်းက သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်တတ် လာတယ်။ သဘာဝပတ်ဝန်းကျင်မှာရှိတဲ့ မိမိရဲ့ရေမြေတောတောင်တွေကို ချစ်ခင်တတ်တဲ့ စိတ်တွေဖြစ်လာတယ်။ အဲဒီကနေပြီးတော့ သုတေသနလုပ်ချင် ကိုင်ချင်စိတ်တွေ ပေါ်ထွန်းလာပြီးတော့ တက္ကသိုလ်တွေ ရောက်တဲ့အခါလည်း အခြေခံကနေ အဆင့်မြင့်ကိုရောက်သွားတယ်၊ ပရော်ဖက်ရှင်နယ်အဖြစ် ကူးပြောင်းနိုင်တယ်။ အဲလိုဖြစ်အောင်လည်း ကြိုးစားနေတယ်။ 

 

အစီအစဉ်မှူး ။    ။ အခုပြောင်းလဲလိုက်တဲ့ သိပ္ပံဘာသာမှာဆိုရင်စူးစမ်းလေ့လာမှုကို အခြေခံပြီးတော့ ရေးသားထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးပေးပါဦး။

 

ဒေါက်တာ နီနီသန်း ။    ။ အခြေခံပညာသင်ရိုးသစ်ဖြစ်တဲ့ KG+12 သိပ္ပံဘာသာရပ်အတွက် Activity Base ကို အခြေခံထားပါတယ်။ ကိုယ်တိုင်စူးစမ်းလေ့လာပြီး လုပ်ဆောင်ရတဲ့အတွက်ကြောင့် သင်ခန်းစာကို သေချာနားလည်သွားစေတယ်။ သုတေသနရဲ့အခြေခံဖြစ်တဲ့ စူးစမ်းလေ့လာမှုကိုလည်း ငယ်စဉ်ကတည်းက ရရှိသွားမှာဖြစ်ပါတယ်။ ဆရာဆရာမတွေက သင်ခန်းစာကို အလွတ်ကျက်ဖို့၊ အလွတ်ကျက်စရာ မလိုတော့ဘဲနဲ့ ကိုယ်တိုင်လုပ်ရတဲ့အတွက်ကြောင့် သူတို့ဟာ သင်ခန်းစာနဲ့ ပတ်သက်လို့လည်း နားလည်မှုက ပိုပြီးရရှိမှာဖြစ်ပါတယ်။ ကလေးတွေကို Observation Skill  ကနေစပြီးတော့ Science Process ကို တန်းစဉ်အလိုက် ပေးသွားမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အကြံပြုလိုတာကတော့ ဆရာဆရာမတွေအနေနဲ့ သင်ရိုးသစ်အတွက် ကလေးတွေအပေါ် အုပ်စုလိုက် Activity တွေလုပ်ဆောင်ဖို့ အတွက် သေသေချာချာကြိုတင်ပြင်ဆင်ပေးပြီးတော့ ကလေးများကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်စေရမှာ ဖြစ်ပါတယ်။ အလယ်တန်း၊ အထက်တန်းကျောင်းတွေမှာလည်း သိပ္ပံနဲ့ ပတ်သက်တဲ့ပွဲတွေကို ပြုလုပ်ပြီး ပြပွဲပြိုင်ပွဲတွေကိုလုပ်ပေးသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။ 

 

အစီအစဉ်မှူး ။    ။ ကျောင်းသားကျောင်းသူတွေ သုတေသနလုပ်ငန်းမှာ တိုးတက်ဖို့ဆိုရင်ရော ဘယ်လိုမျိုး လုပ်ဆောင်သင့်ပါသလဲဆိုတာလည်း ဆွေးနွေးပေးပါအုံး။

 

ဒေါက်တာနီနီသန်း ။    ။ ကျွန်မတို့ တက္ကသိုလ်တွေမှာ သုတေသနနဲ့ ပတ်သက်လို့နှစ်စဉ် ကျောင်းတွေ မှာ သိပ္ပံနဲ့ ပတ်သက်တဲ့ပွဲတွေကို ပြုလုပ်ပေးတယ်။ ပထမနှစ်ကနေစပြီး ပါရဂူတန်းအထိ ကလေးတွေဟာ သူတို့ရဲ့ပရောဂျက်တွေကို အုပ်စုလိုက်ဝင်ပြီးတော့ ပြိုင်ကြတယ်။ ပြိုင်ဖို့အတွက်လည်း သုတေသန ထောက်ပံ့ကြေးတွေ ထုတ်ပေးတယ်။ ပြိုင်ပွဲမှာဆုတွေအများကြီး ချီးမြှင့်ပေးတယ်။ တက္ကသိုလ် အဆင့်မှာလည်း မြန်မာနိုင်ငံဝိဇ္ဇာနဲ့ သိပ္ပံအသင်းကနေ သုတေသနပြိုင်ပွဲမှာ အကောင်းဆုံး ဆုတွေကို ပေးတယ်။ နောက်တစ်ခါ သုတေသနကျမ်းပေါ့။ အကောင်းဆုံးသုတေသနကျမ်းတွေကိုလည်း နှစ်စဉ်ဆုကြေးတွေကို တိုးမြှင့်ပြီးတော့ ချီးမြှင့်ပေးတာ ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေဟာ သုတေသနလုပ်လိုစိတ်တွေမြင့်တက်လာတာကိုလည်း တွေ့ရပါတယ်။ 

 

အစီအစဉ်မှူး ။    ။ တက္ကသိုလ်အဆင့်မှာဆိုလို့ရှိရင် သုတေသနလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် ဘယ်လိုမျိုး ဆောင်ရွက်ပေးသင့်ပါသလဲ။

 

ဒေါက်တာသိင်္ဂီ ။    ။ တက္ကသိုလ်ကို ရောက်လာတဲ့ ကျောင်းသားကျောင်းသူတွေ အတွက်ဆို ရင် သူတို့အတွက် သင်ရိုးညွှန်းတမ်း Curriculum တွေ ရေးဆွဲပြင်ဆင်တဲ့အခါမှာ သီယိုရီတွေအပြင် တကယ့်ကို ပြင်ပကနေ ဗဟုသုတတွေ၊ သုတေသနကို အခြေခံတဲ့ သုတေသနဆောင်ရွက်ချက် တွေကိုပါ ထည့်သွင်းပြီးတော့ သင်ရိုးညွှန်းတမ်းတွေကို ပြင်ဆင်ထားဖို့ လိုအပ်ပါလိမ့်မယ်။ နောက်တစ်ခုကတော့ သုတေသနကို ဦးတည်စေတဲ့ ပရောဂျက်တွေလုပ်ခိုင်းရမယ်။ ဆရာဆရာမတွေက သင်ကြားပြီးစီးတိုင်း သူတို့ကို Discussion တွေလုပ်ခိုင်းရမယ်။ အမေးအဖြေတွေကို လုပ်ခိုင်းခြင်းအားဖြင့် ဒီကျောင်းသား ကျောင်းသူတွေရဲ့ နားလည်မှုလည်းပဲ အမြဲတမ်းစစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်။ နားလည်မှု level ကို စစ်ဆေးတဲ့အခါကျမှ ဒီကျောင်းသားဟာ ဗဟုသုတရသွားတာလား ဒါမှမဟုတ် တကယ့်ကို သင်ခန်းစာပေါ်မှာ တကယ့်ကိုနားလည်သွားတာလား။ ဒီသင်ခန်းစာကို ပြန်ပြီးအသုံးချနိုင်ပြီလား ဒါမှတစ်ဆင့် Creative Thinking တွေ လုပ်နိုင်ပြီလားဆိုတဲ့ Level တစ်ခုရောက်အောင် ဆရာဆရာမတွေက သင်ကြားပေးဖို့ လိုအပ်ပါတယ်။ အဲဒီ Level အထိရောက်အောင် သင်ကြားပေးနိုင်ပြီဆိုရင် ကျောင်းသားကျောင်းသူ တွေဟာ သုတေသနလုပ်ငန်းကို အလွယ်တကူနဲ့ ဆောင်ရွက်သွားနိ်ုင်မှာ ဖြစ်ပါတယ်။ 

 

အစီအစဉ်မှူး ။    ။ ဟုတ်ကဲ့ပါ၊ သုတေသနတစ်ခုပြီးစီးအောင်မြင်ဖို့ဆိုရင်ရော ဘာတွေများ လိုအပ်မလဲ ဆွေးနွေးပေးပါအုံး။

 

ဒေါက်တာသိင်္ဂီ ။    ။ သုတေသနလုပ်ငန်းတစ်ခုကို လုပ်တော့မယ်ဆိုရင် ဒီသုတေသနကို ဦးဆောင်ပေးမယ့် ဆရာဆရာမ Supervisor ဆိုတာ လိုပါလိမ့်မယ်။ အဲဒီသုတေသနကို ဦးဆောင်မယ့် ဆရာဆရာမတွေမှာ ဘာတွေရှိရမလဲဆိုရင် သုတေသနကို တကယ်နားလည်တဲ့ ဆရာဆရာမဖြစ်ဖို့လိုပါတယ်။ အချိန်အလုံအလောက်ရှိဖို့လည်း လိုအပ်ပါတယ်။ နောက်တစ်ခုက သူ့ကို သုတေသနလုပ်ငန်းတွေ အထောက်အကူပြုနိုင်မယ့် ပစ္စည်းကိရိယာအစုံအလင် နဲ့ ဓာတ်ခွဲခန်း လိုအပ်ပါလိမ့်မယ်။ စာကြည့်တိုက်တွေလည်း လိုအပ်ပါလိမ့်မယ်။ သုတေသနလုပ်ငန်းလုပ် နေစဉ်မှာ တကယ့်ကို အသုံးပြုဖို့အတွက် ICT ကလည်း အထောက်အပံ့အနေနဲ့ လိုအပ်ပါတယ်။ သုတေသနရန်ပုံငွေတွေ လည်း လိုအပ်မှာဖြစ်ပါတယ်။ တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ Supervisor တွေရရှိဖို့ဆိုရင် အဲဒီ ဆရာဆရာမတွေဟာ Research methodology လိုဟာမျိုးတွေ၊ Research Management တွေ၊ Research Training တွေကို ရရှိပြီးသားဖြစ်ဖို့လိုပါတယ်။ အဲဒီအတွက်လည်း ပညာရေးဝန်ကြီးဌာန ကနေပြီးတော့ British Council တို့လို JICA တို့လိုအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းပြီးတော့ ဆရာ ဆရာမတွေကို ပြည်တွင်းမှာ မွမ်းမံသင်တန်းတွေ ပို့ချတာတွေရော ပြည်ပကို စေလွှတ်ပြီး တစ်ယောက်စီကနေပြီးတော့ နိုင်ငံခြားဘွဲ့လွန်သင်တန်းတွေကိုပါ စေလွှတ်လျက်ရှိပါတယ်။ သုတေသနပြုလုပ်တဲ့အခါမှာ အဓိကသတိထားပြီး လိုက်နာရမယ့်ကျင့်ဝတ်ကတော့ တကယ့်ကို Research Active ပါ။ ဒါကတော့ အလွန်အရေး ကြီးပါတယ်။ 

 

အစီအစဉ်မှူး ။    ။ ဟုတ်ကဲ့ပါ၊ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်မြင်ဖို့ဆိုရင် ဘာတွေ လိုအပ်တယ်လို့ထင်ပါသလဲ ဆွေးနွေးပေးပါအုံး။

 

ဒေါက်တာသိင်္ဂီ ။    ။သုတေသနတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သုတေသနလုပ်ငန်းဟာ အမြဲတမ်း စဉ်ဆက်မပြတ်လုပ်နေဖို့အရေးကြီးပါတယ်။ နောက်တစ်ခုက သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်တာအပြင် သုတေသနလုပ်တဲ့ ကျောင်းသားကျောင်းသူတွေ၊ သုတေသနပညာရှင်တွေ အတွက်ကို ပြိုင်ပွဲတွေလုပ်ပေးရမယ်။ ပြပွဲတွေလုပ်ပေးရမယ်၊ နောက်တစ်ခါ သူတို့အတွက်ကို ချီးမြှင့်မှုတွေလည်း လုပ်ပေးဖို့လိုအပ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ တက္ကသိုလ်အလိုက်ကို သုတေသနစာ တမ်းဖတ်ပွဲတွေပြုလုပ်နိုင်အောင်၊ သုတေသနစာစောင်တွေ၊ သုတေသဂျာနယ်တွေ ထုတ်ဝေနိုင် အောင် ပံ့ပိုးပေးလျက်ရှိပါတယ်။ ပညာရေးရန်ပုံငွေတွေကိုလည်း နှစ်စဉ်တိုးမြှင့် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ တက္ကသိုလ်တွေအနေနဲ့ကလည်း ဒေသန္တရမှာလိုအပ်တဲ့ လိုအပ်ချက်တွေပြုလုပ်တဲ့ Research တွေ၊ နိုင်ငံအတွက် လိုအပ်တဲ့ သုတေသနလုပ်ငန်းတွေတင်မကဘဲ နိုင်ငံတကာက လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် သုတေသနလုပ်ငန်းတွေအထိ ဆက်လက် ဆောင်ရွက်သွားရပါလိမ့်မယ်။ သုတေသန လုပ်ငန်းကို ဆောင်ရွက်တဲ့အခါမှာ ကျောင်းသား ကျောင်းသူများသာမပါကဘဲ ဆရာဆရာမတွေကပါ ပူးပေါင်း ဆောင်ရွက်သွားပေးဖို့လိုအပ်ပါလိမ့်မယ်။

 

အစီအစဉ်မှူး ။    ။ သုတေသနဆိုတာက သိပ္ပံဘာသာရပ်ကိုပဲ ဆိုလိုတာလားဆိုတာကိုလည်း ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသန်းသန်းဝင်း ။    ။ သုတေသနလို့ဆိုရမှာ အခြေခံပညာ ကျောင်းသားတွေရော၊ တက္ကသိုလ်ပညာ သင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူတွေရော သိနေကြတာက လက်တွေ့ခန်းမှာပဲ လက်တွေ့ လုပ်ဆောင်တဲ့ ဘာသာရပ်တွေပဲ သုတေသနလုပ်တယ်လို့ပဲ နားလည်နေကြတယ်။ ဝိဇ္ဇာဘာသာရပ်တွေမှာ သုတေသနလုပ်တာကို သိရှိနားလည်တဲ့သူနည်းပါတယ်။ ဘယ်လိုလဲဆိုရင် ဝိဇ္ဇာဘာသာရပ် တွေမှာ သုတေသနလုပ်တယ်ဆိုတာက အခြေခံပညာကစပြီးသင်လာတဲ့ ဝိဇ္ဇာဘာသာရပ်တွေကို ကျက်စာတွေဆို ကျက်တာပဲမဟုတ်ဘဲနဲ့ သင်ကြားတဲ့အခါငြီးငွေ့မှုမရှိအောင် Assignment တွေပေး မယ်။ ဥပမာ- ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ Assignment တွေပေးလိုက်ပြီးတော့ သူတို့ကို Discussion ပြန်လုပ်ခိုင်းပြီး အခြေခံကနေ ဝိဇ္ဇာဘာသာရပ်ကို စိတ်ဝင်စားလာမယ်။ ဝိဇ္ဇာဘာသာရပ်ထဲမှာပါတဲ့ စီးပွားရေးပညာဘာသာရပ် ကလည်း လက်တွေ့ခန်းတွေမလိုဘူး။ ဒါပေမယ့် သူတို့ကနေပြီးတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ စီးပွားရေးအကြောင်းအရာတွေ၊ စီးပွားရေးရာ အကြောင်းအရာတွေ တင်မဟုတ်ဘဲ လူမှုရေးရာအကြောင်းအရာတွေကို လေ့လာဆန်းစစ်ပြီးတော့မှ ရရှိတဲ့အဖြေတွေကို နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း သုံးလို့ရတယ်ဆိုတာကို ကျောင်းသား ကျောင်းသူတွေ အားလုံးသိရှိနားလည်ဖို့ လိုပါတယ်။ 

 

အစီအစဉ်မှူး ။    ။ ဟုတ်ကဲ့ပါ။ ဒါဆိုရင် လက်တွေ့ခန်းတွေမလိုအပ်ဘဲ သုတေသန တွေလုပ်လို့ရတဲ့ ဘာသာရပ်တွေတိုးတက်ဖို့ဆိုရင်ရော ဘာတွေများလိုအပ်ပါမလဲ။

 

ဒေါက်တာသန်းသန်းဝင်း ။    ။ လက်တွေ့ခန်းမလိုအပ်ဘူးလို့ ပြောတဲ့ဘာသာရပ်တွေ မှာဆိုရင် ဝိဇ္ဇာဘာသာရပ်တွေမှာ သူတို့လုပ်ချင်စိတ်ရှိအောင် ဘယ်လိုလုပ်ပေးရမလဲဆိုရင် သင်နေတဲ့အချိန်မှာ ခုနပြောသလို Assignment တွေပေးမယ်။ ပေးမယ့် Assignment တွေအတွက် အချက်အလက်တွေကို ဘယ်က ရနိုင်မလဲ။ စာကြည့်တိုက်တွေကနေ ရနိုင်တယ်။ E-book တွေကနေ ရနိုင်တယ်။ စာကြည့်တိုက်မှာ ဖတ်ရှုပြီးတော့မှ ကိုယ့်ရဲ့အတွေ့အမြင်တွေ အားလုံးကို Class Room ထဲမှာ Discussion တွေလုပ်ခိုင်း တယ်။ Knowledge Sharing တွေလုပ်ခိုင်းခြင်းအားဖြင့် အဲဒါက လေ့လာမှုတစ်ခုပဲ၊သုတေသနတစ်ခုပဲဆိုတာကို သိရှိအောင် သုတေသနလုပ်ဆောင်ဖို့အစပျိုး ပေးလိုက်တဲ့ သဘောမျိုးပါ။ သုတေသနအလေ့ အကျင့်ကောင်း တွေရရှိဖို့အပြင် ဘာသာရပ်ကိုစိတ်ဝင် စားမှုပိုလာအောင် ဝိဇ္ဇာဘာသာရပ်တွေက ကျက်စာပဲလို့ သိနေတဲ့အသိစိတ်ကနေပြီးတော့ အခြားလေ့လာဖို့တွေ ရှိသေးတယ်ဆိုတဲ့ ဘာသာရပ်စိတ်ဝင်စားမှုလေးလည်း ဖြစ်ပေါ်လာလိမ့်မယ်။ ပြီးတောလည်း့ စာကြည့်တိုက် အသုံးပြုမှုအလေ့အကျင့်လည်း ဖြစ်ပေါ်လာမယ်။ 

 

အစီအစဉ်မှူး ။    ။ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနအနေနဲ့ အခြေခံပညာကနေ တက္က သိုလ်အဆင့်အထိ ကျောင်းသားကျောင်းသူတွေ သုတေသနလုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ဘယ်လိုမျိုးတွေ ပံ့ပိုးကူညီပေးနေသလဲဆိုတာကိုလည်း ဆွေးနွေးပေးပါဦး။

 

ဒေါက်တာဖြူဖြူဝင်း ။    ။ အခြေခံပညာအထက်တန်းကျောင်းတွေမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေ အတွက် သူတို့စိတ်ဝင်စားနိုင်တဲ့သုတေသနလုပ်ငန်းတွေကို သိပ္ပံဆိုင်ရာပြပွဲတွေမှာ သွားရောက်ပြသ ပြီးတော့ သူတို့ရဲ့စူစမ်းချင်တဲ့စိတ်တွေကို မြှင့်တင်ပေးတာတွေ ဆောင်ရွက်ပေး ပါတယ်။ တက္ကသိုလ်အဆင့်မှာတော့ ကျွန်မတို့ဌာနက ပံ့းပိုးပေးတာအများကြီးရှိပါတယ်။ နည်းပညာ တက္ကသိုလ်တွေရော၊ ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်တွေရော  တက္ကသိုလ်အသီးသီးမှာ ပထမနှစ်ကနေ စပြီးတော့ နောက်ဆုံးနှစ်အထိ ကျောင်းသားကျောင်းသူတွေဟာ ကျွန်မတို့ဌာနမှာ သူတို့ရဲ့သုတေသန တွေစူစမ်းဖို့ဆိုပြီး လာရောက်လေ့လာတာရှိပါတယ်။ နောက်ဆုံးနှစ်မှာလုပ်ရတဲ့ နှစ်လကနေ သုံးလ အထိလုပ်ရတဲ့ လက်တွေ့ကွင်းဆင်းဆောင်ရွက်ပြီး လက်တွေ့လာလုပ်တာရှိပါတယ်။ သူတို့ရဲ့ PHD နဲ့ မဟာဘွဲ့တွေအတွက်ကိုလည်း ကျွန်မတို့ဆီမှာ သုတေသနကျမ်းပြုတာတွေ လာလုပ်တာ ရှိပါတယ်။ ဆရာမတို့က ဘာကြောင့်ဒါတွေလုပ်လဲဆိုရင် တက္ကသိုလ်တွေနဲ့ MoU ထိုးထားပါတယ်။ MoU ထိုးထားတဲ့အတွက် သူတို့ရဲ့မဟာဘွဲ့တွေအတွက် ကျမ်းပြုဖို့အတွက် ကျွန်မတို့ဌာနမှာ သုတေသနဆောင်ရွက်လို့ရသလို ကျွန်မတို့ဌာနမှာရှိတဲ့ စက်ပစ္စည်းကိရိယာတွေနဲ့လည်း သူတို့ကို ဓာတ်ခွဲစမ်းသပ်တာတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်။ 

 


အစီအစဉ်မှူး ။    ။ University Research Institute ပူးပေါင်းလုပ်ကိုင်ရတဲ့ ရည်ရွယ်ချက်ရယ်။ သုတေသနလုပ်မယ့် ဆရာဆရာမတွေ ကျောင်းသားကျောင်းသူတွေရရှိမယ့် အကျိုးကျေးဇူးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးပေးပါဦး။

 

ဒေါက်တာဖြူဖြူဝင်း ။    ။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက်ဆိုရင် နည်းပညာက အလွန်အရေးကြီးပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆိုရင် လည်း သုတေသနနှင့် ဆန်းသစ်တီထွင်မှုတွေ ဆေင်ရွက်ဖို့လိုလာတယ်။ ဒါတွေဆောင်ရွက်တဲ့အခါမှာ တက္ကသိုလ်တွေရော၊ သုတေသနဌာနတွေရော၊ စက်မှု လုပ်ငန်းတွေရော ပူးပေါင်းပြီးတော့ ဆောင်ရွက်ဖို့လိုလာပါတယ်။ ဒါကြောင့် URI Collaboration ဆိုပြီး လုပ်ခြင်းအားဖြင့် ကတ္ကသိ်ုလ်မှာရှိတဲ့ ပါမောက္ခတွေရော၊ ဆရာမတို့ဆီက သုတေသီတွေ၊ ပညာရှင်တွေ၊ ကုန်ထုတ်လုပ်ငန်းရှင်တွေရောဟာ နိုင်ငံ့အကျိုးပြု သုတေသနလို လုပ်ငန်းတွေရော၊ သူတို့ရဲ့ နိ်ုင်ငံတကာဈေးကွက်ကိုထိုးဖောက်မယ့် စီးပွားရေးလုပ်ငန်းတွေနဲ့ လိုအပ်တဲ့ နည်းပညာတွေကို ဆရာမတို့က ပူးပေါင်းဆောင်ရွက်လိုက်တဲ့ အတွက် သုတေသန လုပ်တဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ကုန်ကျစရိတ်တွေ၊ သုတေသနအသုံးစရိတ်တွေရော စက်ပစ္စည်းကရိယာအတွက်လိုအပ်တဲ့ စရိတ်တွေရော လျှော့ချနိုင်တယ်။ သုတေသန လုပ်ငန်းတွေကို လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်တဲ့အတွက် အဒီအတွက်ရည်ရွယ်ပြီး URI Collaboration ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီလို URI Collaboration လုပ်တဲ့အတွက်ကြောင့် ကျောင်းသူ ကျောင်း သားများအနေနဲ့က သူတို့ဟာ တက္ကသိုလ် ပါမောက္ခတွေရယ်၊ သုတေသနပညာရှင်တွေ၊ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက်ကြောင့် အများနဲ့ပူးပေါင်းဆောင်ရွက်တဲ့ Team Work ပေါ့။ စွမ်းဆောင်ရည်တွေမြင့်တက်လာနိုင်တယ်။ သူတို့ရဲ့ သုတေသနအတွက်လိုအပ်တဲ့ Information တွေပေါ့။ ဒီသတင်းအချက်အလက်တွေရှာဖွေတဲ့ စိတ်တွေပိုပြီးတော့ စွမ်းဆောင်ရည်မြင့်လာမယ်။ သူတို့ရဲ့ Idea တွေ၊ ဖန်တီးနိုင်မှုတွေလည်း မြင့်တက်လာမယ်။ သူတို့ကိုယ် သူတို့လည်း လက်တွေ့ လုပ်ဆောင်တဲ့အတွက် အကျိုးကျေးဇူးတွေရလာတာသိလာတဲ့အခါကျရင် သူတို့ဟာ အပြင်မှာလည်း တကယ့် အတွေ့အကြုံကောင်းတွေရလာတဲ့အတွက် သူတို့ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တွေရှိလာနိုင်တယ်။ နောက်ပြီးတော့ တက္ကသိုလ် ဆရာဆရာမများအနေနဲ့ သူတို့ရဲ့သုတေသန စွမ်းဆောင်ရည်တွေလည်း ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပိုပြီးမြင့်မားလာမယ်။ နိ်ုင်ငံတကာအဆင့်မီတဲ့  သုတေသန စာတမ်းတွေကို ဖတ်ကြားနိုင်မယ်။ ရေးသား လာနိုင်မယ်။ သူတို့ရဲ့သုတေသနလုပ်ခြင်းအားဖြင့် မူပိုင်ခွင့်တွေရရှိလာနိုင်မယ်။ ဒါကြောင့်မို့ တက္ကသိုလ်တစ်ခုရဲ့ အဆင့်အတန်းလည်း မြင့်တက်လာနိုင်မယ်ဆိုတဲ့ အကျိုးကျေးဇူးတွေရလာနိုင်ပါတယ်။ 

 

ကျွန်မတို့ဌာနကနေ တက္ကသိုလ်ကျောင်းသားကျောင်းသူတွေအတွက် ပံ့ပိုးပေးနိုင်တဲ့ သုတေသန လုပ်ငန်းတွေက ဘာတွေလဲဆိုရင် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာဖြစ်တဲ့ လေစွမ်းအင်၊ Solar၊ Bio Gas တို့ထုတ်တာတို့ ဘတ်ထရီတည်ဆောက်ပြီး မီးထွန်းတာမျိုးတွေလည်း ကူညီပံ့ပိုးပေး နိုင်ခဲ့ပါတယ်။ အဲဒီအပြင် အီလက်ထရောနစ် နည်းပညာဆိုင်ရာသုတေသန လုပ်ငန်းတွေလည်း ကူညီပံ့ပိုးပေးနိုင်ပါတယ်။ နောက်ပြီး ဓာတုဗေဒအခြေခံသော စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ဆေးဖက်ဝင်အပင်တွေနဲ့ သုတေသန ဆောင်ရွက်တာတွေလည်း ကျွန်မတို့ ကူညီနိုင်ပါတယ်။ ဝါးအလေ့အလွင့်၊ သစ်အလေအလွင့်ပစ္စည်းတွေကနေ Composis ထုတ်တာတွေ လည်း ကူညီပေးနိုင်ပါတယ်။ Nano နည်းပညာဆိုင်ရာသုတေသနလုပ်ငန်းတွေကိုလည်း တက္ကသိုလ် ကျောင်းသားကျောင်းသူတွေအတွက် စက်ပစ္စည်းတွေရော၊ သုတေသနလုပ်ငန်းတွေမှာရော ကျွန်မတို့ က ကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတွေ အတွက် ဆိုရင် ဆရာမတို့ဌာနကနေ ဘယ်လိုတွေကူညီပံ့ပိုး ပေးနိုင်လဲဆိုရင် သူတို့ရဲ့ Curriculum မှာ ပါတဲ့ ဓာတုဗေဒ၊  ရူပဗေဒ၊ ဇီဝဗေဒတို့နဲ့ပတ်သက်တဲ့ လက်တွေ့လုပ်ဆောင်ချက်လေးတွေ၊ Equipment တွေ ကူညီပံ့ပိုးပေး နိုင်ပါတယ်။ စဉ်းစားတွေးခေါ်ချင်တဲ့စိတ်တွေကို မြှင့်တင်ပေးဖို့အတွက် သိပ္ပံပရောဂျက်တွေ၊ သုတေသန လုပ်ငန်းတွေမှာလည်း ဒီကျောင်းသားကျောင်းသူတွေအတွက်ကို လက်တွေ့ပြသတာ မျိုးတွေကူညီပံ့ပိုးပေးနိုင်ပါတယ်။

 

အစီအစဉ်မှူး ။    ။ ဟုတ်ကဲ့ပါ။ သုတေသနလုပ်ငန်းတွေကို တက္ကသိုလ်အဆင့်ကနေ နိုင်ငံ့အကျိုးပြု လုပ်ငန်းတွေအထိ ဘယ်လိုမျိုးဆောင်ရွက်ရမလဲဆိုတာ ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသဲမောင်မောင် ။    ။ သုတေသနလုပ်ငန်းတွေကို တက္ကသိုလ်အဆင့်ကနေ နိုင်ငံ့အကျိုးပြု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ဆိုရင် ရှေ့က ဆရာကြီး၊ ဆရာမကြီးတွေ ဆွေးနွေးခဲ့တဲ့ သုတေသ လုပ်ငန်းဆောင်ရွက်ရာမှာ လိုအပ်ချက်တွေ၊ ကြိုးစားဆောင်ရွက်ရမယ့်ပုံစံတွေ နိုင်ငံတကာနဲ့ ဆိုင်တဲ့ချိတ်ဆက် ဆောင်ရွက်မှုတွေကို ရှေ့ကဆရာမကြီးတွေ ဆွေးနွေးတင်ပြခဲ့ပါတယ်။ အဲဒီအချက်အလက် တွေအတိုင်း ကြိုးစားဆောင်ရွက်ရမှာဖြစ်ပြီးတော့ တက္ကသိုလ်မှာရှိတဲ့ ဆရာမတွေ ကနေပြီးတော့ ပထမဆုံးသုတေသနလုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ အဲဒီမှာ ကျောင်းသားကျောင်းသူတွေက ပူးပေါင်းပါဝင်ပြီးတော့ လွတ်လပ်စွာ တီထွင်ဖန်တီးခွင့်တွေ၊ တွက်ချက်ပြီးတော့ နှိုင်းယှဉ်လေ့လာချက်တွေနဲ့ လက်တွေ့တည်ဆောက်မှုလုပ်ငန်းတွေက နေ စတင်ပြီးဆောင်ရွက်ရတာဖြစ်ပါတယ်။ သုတေသနခေါင်းစဉ်တွေကို ရွေးချယ်ရာမှာလည်း ရှေ့က ဆရာဆရာမကြီးတွေ ဆွေးနွေးခဲ့သလိုပဲ နိ်ုင်ငံအတွက်လိုအပ်တဲ့ အကျိုးပြုလုပ်ငန်းတွေဆောင်ရွက်နိုင်တဲ့ သုတေသနခေါင်းစဉ်တွေ၊ ဒေသန္တရအကျိုးပြု လုပ်ငန်းတွေဆောင်ရွက်နိုင်မယ့် သုတေသန ခေါင်းစဉ်တွေကို ရွေးချယ်ရမှာဖြစ်တဲ့အပြင် နိုင်ငံတကာနဲ့ အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နေတဲ့ နည်းပညာတွေကို လက်လှမ်းမီဖို့အတွက် ဆိုရင်လည်း မျက်ခြည်မပျက်သုတေသနလုပ်ငန်းတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ သုတေသနဆိုင်ရာလုပ်ငန်းအတွက် ခေါင်းစဉ်တွေ ရွေးချယ်တဲ့အခါမှာလည်း ဘက်ပေါင်းစုံပြည့်စုံတဲ့ သုတေသန ခေါင်းစဉ်တစ်ခုဖြစ်ဖို့ဆိုရင် အထူးပြု ဘာသာရပ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ မိမိတက္ကသိုလ်မှာရှိတဲ့ အခြားဌာနတွေမှာရှိတဲ့ အထူးပြုဘာသာရပ်တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ဘက်ပေါင်းစုံပြည့်စုံတဲ့ သုတေသန တစ်ခုဖြစ်ပြီးတော့ နိုင်ငံအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ မြန်မာနိ်ုင်ငံ လေကြောင်း နှင့် အာကာသတက္ကသိုလ် မောင်းသူမဲ့လေယာဉ်သုတေသနဌာနအနေနဲ့ကတော့ မောင်းသူမဲ့ လေယာဉ်တွေကို ကိုယ်ပိုင်ဒီဇိုင်းရေးဆွဲပြီးတော့ မောင်းသူမဲ့လေယာဉ်အမျိုးအစားခုနစ်မျိုးကို တည်ဆောက်ပြီး အောင်မြင်စွာနဲ့ အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ အင်ဂျင်ပါဝါတပ်တဲ့ မောင်းသူမဲ့ လေယာဉ်တွေ၊ Survey တိုင်းတာနိုင်တဲ့မောင်းသူမဲ့လေယာဉ်တွေ၊ စိုက်ပျိုးရေးလုပ်ငန်း အတွက်အသုံးချနိုင်တဲ့ ဆေးဖျန်းသုံးမောင်းသူမဲ့လေယာဉ်တွေ၊ စိုက်ပျိုးရေးရဲ့ သီးပင်တွေကို လေ့လာနိုင်တဲ့ ကင်မရာတပ်ဆင်ထားတဲ့ မောင်းသူမဲ့လေယာဉ်အမျိုးအစားတွေကို တီထွင်စမ်းသပ် တည်ဆောက်ပြီးတော့ အကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့သုတေ သနဌာနအနေနဲ့ ကတော့ ဝန်ကြီးဌာနရဲ့ အားပေးမှုနဲ့အတူ ဆောင်ရွက်လာတာဆိုရင် မြန်မာနိ်ုင်ငံမှာ ပထမဆုံးမောင်းသူမဲ့စစနစ်နဲ့ မိုင် ၂၀ ကို စမ်းသပ်မောင်းနှင် ပျံသန်းနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်ကနေ စပြီးတော့ အကျိုးပြုလုပ်ငန်းတွေနဲ့ လျှပ်စစ်ဝန်ကြီးဌာနအတွက်လိုအပ်တဲ့ ၅၀ဝ ကေဗွီဓာတ်အားလိုင်း တည်ဆောက်မှု တောင်ငူကနေ ဘုရားကြီး ၁၉၂ ကီလိုမီတာအဝေးကို မောင်းသူမဲ့လေယာဉ်ပျံသန်းပြီး ကောင်းကင်ဓာတ်ပုံရိုက် Servey တိုင်းတာပြီး မြေပုံထုတ်တဲ့လုပ်ငန်းတွေဆောင်ရွက်ပါတယ်။ မောင်းသူမဲ့လေယာဉ်နဲ့  မြေပုံထုတ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့ဟာက နည်းပညာအသစ် ဖြစ်ပြီးတော့ နိုင်ငံမှာလည်း မောင်း သူမဲ့လေယာဉ်တွေအသုံးချပြီးတော့ Detail တွေ၊ Mapping တွေ ထုတ်လုပ်လျက်ရှိပါတယ်။ ပုံမှန်အားဖြင့် လူနဲ့တိုင်းတာမယ် ဆိုရင်တော့ ရရှိလာမယ့်မြေပုံတွေဟာ တိကျမှုနည်းမယ်၊ ကုန်ကျစရိတ်တွေများမယ်၊ လူအင်အားတွေ အများကြီးအသုံးချရမှာဖြစ်ပါတယ်။ အချိန်တွေလည်း ကုန်မှာဖြစ်ပါတယ်။ မောင်းသူမဲ့လေယာဉ်တွေ အသုံးချပြီးတော့ မြေပုံတိုင်းတာနဲ့အခါမှာ အချိန်တိုအတွင်းမှာပဲ တိကျတဲ့ Detail တွေ၊ Mapping တွေ ရရှိ မှာဖြစ်ပါတယ်။ ဒီနည်းပညာအသစ်တွေကိုလည်း တီထွင်ပြီးတော့ စမ်းသပ်ပြီးတော့ အကျိုးပြုလုပ်ငန်း တွေမှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၁၆ ပုဂံငလျင်မှာဆိုရင်လည်း ပုဂံ-ညောင်ဦး ဧရိယာကြီး တစ်ခုလုံးကို သာသနာရေးဝန်ကြီးဌာနက ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းပြီး ကျွန်တော် တို့တက္ကသိုလ်ကနေသွားရောက်ပြီးတော့ Survey တိုင်းတားခြင်း၊ Damage Assessment လုပ်ငန်းတွေအတွက်၊ World Heritage လုပ်ငန်းတွေအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း INGO အဖွဲ့အစည်းအတွေနဲ့ ပတ်သက်ပြီးတော့ FAO နဲ့ပူးပေါင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် မောင်းသူမဲ့လေယာဉ်လေးစီး တည်ဆောက်ပြီးတော့ Survey တိုင်းတားခြင်းနဲ့ သီးနှံဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် တည်ဆောက်ပြီး သင်တန်းပေးတာတွေ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းတွေမှာလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ FAO နဲ့ညှိပြီး ကျွန်တော်တို့အခြားဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာန ဌာနတွေနဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး စတဲ့ရေဘေးသင့်ဒေသတွေ မြေပြိုင်တဲ့ ဒေသတွေမှာ မောင်းသူမဲ့ လေယာဉ်အသုံးချပြီးတော့ Damage Assessment လုပ်တဲ့လုပ်ငန်းတွေနဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာ မောင်းသူမဲ့လေယာဉ်တွေကို အသုံးချပြီးတော့ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက်လည်း တံတားတည်းဆောက်ရေး လုပ်ငန်းတွေ၊ လမ်းအူကြောင်းရှာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။ လက်ရှိဆောင်ရွက်နေတာကတော့ မန္တလေးစည်ပင်သာယာရေးကော်မတီကနေပြီးတော့ ပညာရေးဝန်ကြီးဌာနကို အကူအညီတောင်းခံမှုနဲ့ မန္တလေးတစ်မြို့လုံး ဧက ၄၈၀ဝ၀ ကျော်ကို မောင်းသူမဲ့လေယာဉ်အသုံးချပြီးတော့ မြေပုံထုတ်ပါတယ်။ မြေပုံထုတ်ပြီးရရှိလာတဲ့ မြေပုံကနေတစ်ဆင့် စည်ပင်သာယာနဲ့ ဆိုင်တဲ့အချက်အလက်တွေ၊ ရေသွင်းရေထုတ်နဲ့ ဆိုင်တဲ့အချက်အလက်တွေ၊ Smart City နဲ့ ဆိုင်တဲ့အချက်အလက်တွေ၊ e-Government နဲ့ဆိုင်တဲ့အချက်အလက်တွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ တက္ကသိုလ်အဆင့် သုတေသနလုပ်ငန်း တွေကနေတစ်ဆင့် အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်တဲ့အခါမှာ ရှေ့ကဆရာ ဆရာမကြီးတွေ တင်ပြခဲ့သလို လိုအပ်တဲ့ကြိုးစားဆောင်ရွက်မှုတွေကို အထူးကြိုးစားဆောင်ရွက်ပြီးတော့ ရရှိလာမယ့် သုတေသနထုတ်ကုန်တွေကို နိုင်ငံ့အကျိုးပြု လုပ်ငန်းတွေအတွက် ကြိုးစားဆောင်ရွက်နေတာကို တင်ပြလိုပါတယ်။


ကျွန်တော်တို့ရဲ့ သုတေသနလုပ်ငန်းတွေကို သုတေသနဆောင်ရွက်ထားတဲ့ မောင်းသူမဲ့ လေယာဉ်တွေကို အစိုးရဝန်ကြီးဌာနတွေအပြင် ပြည်တွင်းပြည်ပအဖွဲ့အစည်း၊ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါမှာ PPP စနစ်နဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေရှိပါတယ်။ ပရောဂျက်လုပ်ငန်း တွေကနေတစ်ဆင့်လည်း နိုင်ငံ့အတွက် ဘဏ္ဍာငွေများကို သုတေသနလုပ်ငန်းကနေပြီး ထည့်ဝင်ပေးနိုင်ခဲ့ပါတယ်။ 

 

အစီအစဉ်မှူး ။    ။ ဟုတ်ကဲ့ပါ ဒီကနေ့ဆွေးနွေးချက်တွေထဲကနေပြီးတော့ ဖြည့်စွက်ဆွေးနွေး လိုတာရှိရင်လည်း ဆွေးနွေးပေးပါဦး။

 

ဒေါက်တာသိင်္ဂီ ။    ။ တက္ကသိုလ်အဆင့်တောင်မကဘဲနဲ့ အခြေခံကနေစပြီးတော့ ကျောင်းသား ကျောင်းသူတွေအားလုံးအတွက် Eye Research Support Center ပေါ်ပေါက်လာစေချင်ပါတယ်။ နောက်တစ်ခုက ပြည်တွင်းကနေ ရရှိတဲ့ ရန်ပုံငွေတွေတင်မကဘဲ ပြည်ပကပါ သုတေသနရန်ပုံငွေတွေကို တောင်းခံလာနိုင်မယ့် Research ကော်မတီတွေကိုလည်း ဖွဲ့စည်းစေချင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ သုတေသနလုပ်ငန်း တွေကနေ စုစုစည်းစည်းနဲ့ အင်ပြည့်အားပြည့်ဆောင်ရွက်နိုင်ဖို့ National Research Council လိုမျိုး ပေါ်ပေါက်လာစေချင်ပါတယ်။ 

 

အစီအစဉ်မှူး။    ။ဟုတ်ကဲ့ပါ။ ကျေးဇူးအထူးတင်ပါတယ်။


နိုင်လင်းကြည်

 

DSC_