ချွေးမဖြစ်သူ ဟေးလီဟာ သူ့အတွက်လက်ဆောင်တစ်ခုလို့ ဂျက်စတင်ဘီဘာရဲ့မိခင် ပြောကြား

 

ဂျက်စတင်ဘီဘာရဲ့ မိခင်ဖြစ်သူနဲ့ ဂျက်စတင်ဘီဘာရဲ့ ဇနီးဖြစ်သူတို့ဟာ အလွန်ကို အဆင်ပြေသင့်မြတ်နေတယ်လို့ သိရပါတယ်။ ဂျက်စတင်ဘီဘာရဲ့ မိခင်ဖြစ်သူ ပက်တီ မော်လက်ဟာ အသစ်စက်စက် ချွေးမလေးနဲ့ အတူရိုက်ထားတဲ့ ဓာတ်ပုံကို အင်္ဂါနေ့ကပဲ အင်စတာဂရမ်ပေါ်မှာ တင်ခဲ့ပါတယ်။ ဓာတ်ပုံရဲ့ အောက်မှာလည်း ချွေးမဖြစ်သူ ဟေးလီ ဟာ သူ့အတွက် လက်ဆောင်တစ်ခုဆိုပြီး စာရေးသားထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ဂျက်စတင်ဘီဘာနဲ့ အသက် ၂၂ နှစ်အရွယ် ဟေးလီတို့ဟာ ၂၀၁၈ ဇူလိုင်လအတွင်းမှာ စေ့စပ်ခဲ့ပြီး စက်တင်ဘာလမှာ လက်ထပ်လိုင်စင်ရခဲ့ပါတယ်။ သူတို့စုံတွဲဟာ နယူးယောက်မြို့မှာရှိတဲ့ ဒေသ္တရအုပ်ချုပ်ရေးရုံးမှာ တိတ်တဆိတ် လက်ထပ်ခဲ့ကြတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပေါ့စတားဖြစ်တဲ့ ဂျက်စတင်ဘီဘာကတော့ သူနဲ့ဟေးလီတို့ဟာ လက်ထပ်ပြီးပြီ ဖြစ်တဲ့အကြောင်း နိုဝင်ဘာလမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဂျက်စတင်ဘီဘာဟာ သူ့ကိုယ်သူ အိမ်ထောင်ရှင်တစ်ယောက်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ ကျေးဇူး တော်နေ့ကို အိမ်ထောင်ရှင်တစ်ယောက်အဖြစ် ပထမဆုံးအကြိမ် ဖြတ်သန်းတာဖြစ်ပြီး နှစ်ဖက်မိဘ ဆွေမျိုးတွေကိုလည်း ပထမဆုံးအကြိမ် ဧည့်ခံတာဖြစ်တယ်လို့ လူမှု ကွန်ရက်မှာ တင်ခဲ့ပါတယ်။ အဲဒီလိုရေးသားပြီးမကြာမီမှာပဲ ဟေးလီဟာလည်း သူရဲ့ အင်စတာဂရမ်အကောင့်မှာ ဟေးလီဘီဘာဆိုပြီး နာမည်ပြောင်းခဲ့ပါတယ်။ ပက်တီ မော်လက် တင်ထားတဲ့ပုံကိုကြည့်ရင် ယောက္ခမနဲ့ ချွေးမနှစ်ဦးသားဟာ အလွန်ကို အဆင်ပြေနေတယ်ဆိုတာ သိသာလှပါတယ်။

စီအင်န်အင်န်