ချင်းတွင်းမြစ် ရေကြောင်းကြပ်ချိန် ရေယာဉ်ထွက်ခွာချိန်များ ပြောင်းလဲပြင်ဆင်သတ်မှတ်

မုံရွာ  ၁၂  ဇန်နဝါရီ 

 

မုံရွာမြို့မှ ချင်းတွင်းအထက်ပိုင်းဒေသများသို့ ပြေးဆွဲလျက်ရှိသော ခရီးသည်တင်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များ မြစ်ရေနည်းပါးချိန်များတွင် မုံရွာမြို့မှထွက်ခွာချိန်များကို ပြင်ဆင်သတ်မှတ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိမ်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်သန်း၏ ပြောကြားချက်အရ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းမြစ်အတွင်း နှစ်စဉ်နိုဝင်ဘာလမှ မေလအတွင်းကို မြစ်ရေနည်းပါးချိန်အဖြစ် တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။

 

'' မြစ်ရေနည်းပါးချိန်ဆိုတော့ ရေကြောင်းကြပ်တော့ မောင်းနှင်ရတာ အချိန်ပိုကြာတဲ့အတွက် လိုရာခရီးကို ရောက်ချိန်နောက်ကျမှာစိုးတဲ့အတွက် အချိန်တွေပြောင်းလဲသတ်မှတ်တာပါ၊ ပုံမှန်မောင်းနှင်ချိန် ၁၂ နာရီကို နံနက်ပိုင်း  ၁ နာရီစောထွက်ခွာခိုင်းတယ်၊ ညပိုင်းရေယာဉ်ရပ်နားချိန်ကို တစ်နာရီ တိုးထားတယ်၊ အခုအချိန်ကတော့ ပုံမှန်ရေကြောင်းကြပ်တဲ့ကာလဖြစ်တယ်၊ မောင်းနေရင်းနဲ့ သောင်တင်ရင်း ရေကြောင်း ကြပ်နိုင်သလို၊ ရေကြောင်း ပြန်ပေါက်သွားတာလည်းရှိတယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိမ်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်သန်းက ပြောသည်။

 

လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ်များသည် မုံရွာမြို့မှ နံနက် ၆ နာရီထွက်ခွာချိန်ကို ညနေ ၆ နာရီထိ မောင်းနှင်ရာမှ ယခုရေနည်းချိန်တွင် ရေယာဉ်မောင်းချိန်ကို နံနက် ၅ နာရီမှ ည ၇ နာရီထိ ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

Slide3(1