ခရီးသွားလာမှု ကဏ္ဍတွင် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန် နည်းလမ်းများ လိုအပ်နေ

နေပြည်တော် ၁၃ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ၏ ခရီးသွားလာရာရေးကဏ္ဍအတွင်း ၂ဝ၁၇ ခုနှစ် ပထမနှစ်ဝက်တွင် တိုးတက်အောင်မြင်မှုများ ရရှိခဲ့သော်လည်း နိုင်ငံတွင်းပဋိပက္ခများကြောင့် ယခုကာလနှင့် အချိန်ကာလ အထိုက်အလျောက်အထိ ရင်းနှီးမြှုပ်နှံမှုနှင့်ခရီးသွားဝင်ရောက်မှုများစိန်ခေါ်မှုများပြည့်နှက်နေကြောင်းသိရသည်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ခရီးသွားဝင်ရောက်မှု ကိန်းဂဏန်းများ အတိအကျမထွက်ရှိသေးသော်လည်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂ဝ၁၇ ခုနှစ် ပထမရှစ်လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည်ပေါင်း ၂ ဒသမ ၂ သန်းမှ ၂ ဒသမ ၈ သန်းအထိ ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။

 

ယင်းအချက်တို့ကြောင့် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ဝ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း အောက်စဖို့ဒ်စီးပွားရေး လုပ်ငန်းစုမှသုတေသနပြုလုပ်ချက်အရသိရှိရသည်။၁ဝရာခိုင်နှုန်းတိုးတက်လာ ယင်းခရီးသွားများ အနက်မှ ခရီးသွားဧည့်သည် ၁ ဒသမ ၄ သန်းမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်း နိုင်ငံတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် ကုန်းတွင်းနယ်စပ်ဂိတ် များမှတစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ကြောင်း၊ နောက်ထပ်ခရီး သွားအရေအတွက် ၈၃ဝဝဝဝ မှာ ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့များရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ တစ်ဆင့် ဝင်ရောက်ခြင်းဖြစ်ကြောင်းသိရပြီး ယင်းအရေအတွက်သည် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက လေကြောင်းခရီးဖြင့် ဝင်ရောက်သူ ခရီးသွားဧည့်သည်ပေါင်း၁ဝရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

 

ဝန်ကြီးဌာန အသီးသီးမှ အရာရှိများအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ရာမှ ဖြေကြားရာတွင် တစ်နှစ်ပတ်လုံးအတွက် စုစုပေါင်း ခရီးသွားအရေ အတွက်သည် ၃ ဒသမ ၅သန်း ကျော်မည်ဟု ခန့်မှန်းထားပြီး အဆိုပါအရေအတွက်သည် ၂ဝ၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ဟု အောက်စဖို့ဒ်စီးပွားရေးလုပ်ငန်းစုမှ ထုတ်ပြန်သောမြန်မာနိုင်ငံခရီးသွားလုပ်ငန်းကဏ္ဍ၏ စီးပွားရေးအခြေအနေလေ့လာတွေ့ရှိချက်များတွင် ဖော်ပြထား သည်။ မြန်မာ့ခရီးသွားလုပ်ငန်းတွင် နိုင်ငံတကာမှ ခရီးသွားဝင်ရောက်မှုမှာ ၂ဝ၁၂ ခုနှစ်တွင် ၁ဒသမ ၁ သန်းသာရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် ၄ ဒသမ ၇ သန်းအထိ မြင့်တက်လာသည်ကို မြင်တွေ့ရသည်။

 

 ၂ဝ၁၆ ခုနှစ်တွင် ၂ ဒသမ ၉ သန်းသို့ ကျဆင်းခဲ့ သော်လည်း ထိုကဲ့သို့ ကျဆင်းရခြင်းမှာ နေ့ချင်းပြန်ခရီးများကို ထည့်သွင်း စဉ်းစားခြင်းမပြုသည့် ရေတွက်မှုစနစ်ကြောင့်ဖြစ်ကြောင်း သိရသည်။ဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေ ယခုနှစ်အစတွင် ခရီးသွားကဏ္ဍအလားအလာ ကောင်းမွန်ခဲ့သော်လည်း လုံခြုံရေးပြဿနာအချို့ကြောင့် နှစ်နှောင်းပိုင်းတွင် ရပ်တန့်သွားခဲ့ရကြောင်း အဆိုပါ စစ်တမ်းက ဖော်ပြထားပြီး ယင်းပြဿနာကို အောက်တိုဘာလ အတွင်း ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ စီးပွားရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတွင် ခရီးစဉ်များ ဖျက်သိမ်းခြင်း၊ ကြိုတင်စာရင်းသွင်းသည်များကို ဖျက်သိမ်းခြင်း အချို့ဖြစ်ပေါ်ခဲ့သေးကြောင်း ယင်းအစီရင်ခံစာတွင်လည်း ထည့်သွင်း ဖော်ပြထားသည်။တတိယသုံးလပတ်အတွင်း ခရီးသွား ဆိုက်ရောက်မှုနှင့်ကြိုတင်စာရင်းသွင်း အချက်အလက်များကို မထုတ်ပြန်ရသေးသော်လည်း ခရီးသွားဝင်ရောက်မှုကျဆင်းလာသည်ဟု သိရှိရကြောင်း သိရသည်။ 

 

မကြာသေးမီ နှစ်များအတွင်း ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီး စီးပွားရေးကဏ္ဍသစ်ကို ဖွင့်လှစ်နိုင်ခဲ့သော်လည်း သဘာဝဘေးများ၊ အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိနေသေးကြောင်း အောက်စဖို့ဒ်အစီရင်ခံစာက ထောက်ပြထားပြီး ပြီးခဲ့သည့်စက်တင်ဘာလအတွင်း ခရီးသွားရာသီအစတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ဟိုတယ်များ၌ တည်းခိုနှုန်းမှာ ၃ဝ ရာခိုင်နှုန်းအောက် လျော့နည်းနေကြောင်း သိရသည်။ထို့ပြင် ယင်းအစီရင်ခံစာအတွင်း တည်းခိုသည့်နေရာများပြားနေခြင်းသည် ခရီးသွား ဝင်ရောက်မှု များပြားသည့်အခါတွင် အဆင်သင့်ဖြစ်နိုင်သော်လည်း လက်ရှိတွင် တည်းခိုနေရာများ ပိုလျှံနေခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုအသစ်များဝင်ရောက်ရန် နှောင့်နေးနေရကြောင်းသိရသည်။ 

 

ဈေးကွက်ပြိုင်ဆိုင်မှုများပြား လေကြောင်း ခရီးသွားလာရေးတွင်လည်း နှစ်အနည်းငယ်အတွင်း လေကြောင်း ခရီးသွားလာရေးကဏ္ဍ မြင့်မားကြီးထွားလာခဲ့ပြီး အသေးစားလုပ်ငန်းများအတွက် အမြတ်အစွန်းရရှိရန် ဖိအားများရှိနေကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

 

''မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်းလိုင်း ၁ဝ ခုရှိတယ်၊ ပြိုင်ဆိုင်မှုကတော့ ပြင်းထန်ပါတယ်၊ လုပ်ငန်းလည်ပတ်မှု အတွက်လည်း ကုန်ကျစရိတ်တွေသိပ်များတယ်၊ ခရီးသည် အရေအတွက်က နည်းပါးတဲ့အတွက် လေကြောင်းလိုင်းအများစုက အကျိုးအမြတ်မရှိဘဲဖြစ်နေတယ်''ဟု Golden Myan-mar Airlines မှ အမှုဆောင်အရာရှိချုပ်ဦးကျော်ငြိမ်းကပြောကြားသည်။

 

ယခုဈေးကွက်အတွင်း လေယာဉ်ခုဂဏန်းမျှပိုင်ဆိုင်သည့် လုပ်ငန်းငယ်များရှိကြောင်း၊ ဈေးကွက်သေးငယ်ပြီး ပြိုင်ဆိုင်သူများပြားသည့် ပုံစံဖြစ်ကြောင်း ထို့ကြောင့် ဖြစ်နိုင်ပါက လုပ်ငန်းအချို့ပေါင်းစည်းကာ ပိုမိုကြီးမားသည့် လေကြောင်းလိုင်းတစ်ခုကို ထူထောင်သင့်ကြောင်း ဦးကျော်ငြိမ်းက မှတ်ချက်ပြုသည်။ လုပ်ငန်းများ ပေါင်းစည်းခြင်းနှင့် သင့်တော်သောဈေးနှုန်းများ သတ်မှတ်ခြင်းဖြင့် နိုင်ငံခြားဧည့်သည်များ အနေဖြင့် ဈေးသက်သာစွာဖြင့် ပြည်တွင်း လေကြောင်းလိုင်းများကို ပိုမို စီးနင်းလာနိုင်ကြောင်း သိရသည်။

 

သို့သော် ဂျပန်နိုင်ငံ၏ လေကြောင်းလိုင်းတစ်ခုကလည်း မြန်မာတိုင်းရင်းသားလုပ်ငန်းတစ်ခုနှင့် အကျိုးတူလုပ်ငန်း လုပ်ကိုင်မည်ဟု ရည်ရွယ်ပြီး ကနဦး သဘောတူညီထားသည့် အမေရိကန်ဒေါ်လာ ၂၅ သန်းတန် သဘောတူညီချက်ကို ပြီးခဲ့သည့် နိုဝင်ဘာက ဖျက်သိမ်းလိုက်သဖြင့် အကျိုးတူ လုပ်ငန်းများ ဆက်လက် ပေါ်ပေါက်ရန်လည်း လိုအပ်နေသေးကြောင်း ယင်းအစီရင်ခံစာက ထောက်ပြထားသည်။ 

 

သတင်း-ခင်ရတနာ၊ ဓာတ်ပုံ-မန်းဂိုး