ကချင်ပြည်နယ်နေ့၏ မနောသီချင်းနှင့်အကအလှ မြင်ကွင်းများ

၁၂ ဇန်နဝါရီ 

 

ဆီးနှင်းများနှင့် သဘာဝရေ၊ မြေ၊ တောတောင်များ နှင့်သယံဇာတပေါကြွယ်ဝစွာ ကချင်ပြည်နယ်က ထာဝစဉ် လှပလျက်ရှိသည်။ ထို့အတူ ကချင်ပြည်နယ်အတွင်းရှိ ရောင်စုံပန်းတို့သည်လည်း အတူတကွလှပစွာဖြင့်ပွင့်လန်း နေကြသည်။

 

၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ဝ ရက် ကချင်ပြည်နယ်နေ့ မြစ်ကြီးနားမြို့၏ ဆောင်းနံနက်ခင်းဝယ် 'ဒူ..ဒူ..ဒူ 'ဒုံ ဒုံ ဒုံ ....ဒုံ' ကချင်ရိုးရာမောင်းတီးသံ ကချင်အိုးစည် (ဗုံရှည်)တစ်ပြိုင်နက် တီးသံတို့နှင့် ''အောရာ.. အောရာ.. အောရအောရအေး''(Aw Ra...Aw ra Aw ra ...Aw ra e) ဟူသော ကချင်မနောအကတေးသံသာက မိုးထိဘဝဂ်ညံ ပျံ့လွှင့်လျက်ရှိသည်။

 

49759162_20189796448615

 

နံနက် ၇ နာရီခန့်မှ စတင်ကာ ကချင်တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဝတ်စုံ၊ ဗမာတိုင်းရင်းသားများဝတ်စုံ၊ ရှမ်းတိုင်းရင်းသားလူမျိုးစုများ၏ဝတ်စုံ၊ လီဆူလူမျိုးများ၊ရဝမ်လူမျိုးဝတ်စုံများဝတ်ဆင်၍ အစုလိုက်အဖွဲ့လိုက် တဖွဲဖွဲ ဖြတ်သန်းသွားလာနေကြသည့် မြင်ကွင်း တစ်ခုက ကချင်ပြည်နယ်မြစ်ကြီးနားမြို့ စီတာပူမနော(MaNau ) ကွင်းသို့ ကချင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသားပြည်သူလူထုများက (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားဟု ရေးသားဖော်ပြထားသည့် မုခ်ဦးတစ်ခု၏အောက်ဝယ်တည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းသွားလာနေကြသည်။

 

ဇန်နဝါရီ ၁ဝ ရက်အား ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ ယခုအခါ(၇၁)နှစ်မြောက်တိုင်တည် ခဲ့ပြီဖြစ်ကြောင်း ကချင်ပြည်နယ်၏သမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည့်ယနေ့ကျင်းပခဲ့သည့် (၇၁)နှစ်မြောက် ကချင် ပြည်နယ်နေ့အခမ်းအနားက သက်သေထူလျက်ရှိသည်။

 

50223937_201

 

ကချင်လူမျိုးစု ခြောက်မျိုး၊ ရှမ်းလူမျိုးစု ငါးမျိုးနှင့် ဗမာလူမျိုးစုများသာမက အခြားတိုင်းရင်းသားလူမျိုး ပေါင်းစုံတို့ ရှေးနှစ်ပေါင်းများစွာကပင် အေးအတူပူအမျှ အတူတကွနေထိုင်လာခဲ့ကြသော ကချင်ပြည်နယ်ကြီးတစ်ခုလည်းဖြစ်ပါကြောင်း ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာကြသည့် ကချင်၊ ရှမ်း၊ ဗမာလူမျိုးစုများနှင့် တိုင်းရင်းသားလူမျိုး အသီးသီးတို့က ဖော်ပြလျက်ရှိသည်ကို မြင်တွေ့ခဲ့ရသည်။

 

ထိုနေ့ နံနက် ၉နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာ ယဉ်ကျေးမှုအသင်း ဗဟိုကော်မတီမှ ပူးပေါင်းပါဝင် ဆင်ယင်ကျင်းပသော ''(၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား'' အား စတင်ကျင်းပခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားကျင်းပရာတွင် (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှပေးပို့လာ သော သဝဏ်လွှာကို ကချင်ပြည်နယ်အစိုးရ အဖွဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ဖတ်ကြားခဲ့သည်။

 

ဆက်လက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် ကချင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအားလုံးအတွက် နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ကချင်ပြည်နယ်နှစ်ခြင်း ခရစ်ယာန်အသင်းတော်များမှ သိက္ခာတော်ရ ဆရာတော်တစ်ပါးက ယနေ့ကျင်းပသော (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အတွက် ကောင်းချီးမင်္ဂလာ ဆုတောင်းပေးပြီး အခမ်းအနားပထမပိုင်းကို ရုပ်သိမ်းခဲ့သည်။

 

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ ကချင်ပြည်နယ်နေ့အထိမ်းအမှတ် မနောအက စုပေါင်းကပွဲကို ဖွင့်လှစ်ပေးပြီး တက် ရောက်လာကြသည့် ကချင်ပြည်နယ် တိုင်းရင်းသားများနှင့်အတူ မနောအကကို တပျော်တပါး စုပေါင်းပါဝင်ဆင်နွှဲခဲ့ကြသည်။

 

ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်း သားလူမျိုးစုပေါင်းစုံ၊ ရှမ်းတိုင်းရင်းသား လူမျိုးစုပေါင်းစုံ၊ ဗမာတိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားလူမျိုးများအားလုံး စုပေါင်းပါဝင် ဆင်နွှဲနိုင်ခဲ့ကြသော ကချင် ပြည်နယ်နေ့အခမ်းအနားနှင့် ကချင်ရိုးရာ မနောကပွဲမှသည် ''ယနေ့ကြွရောက်လာသည့် လူကြီးမင်းများနှင့် ညီအစ်ကို မောင်နှမများ အားလုံးကို ကချင်ဘာသာအားဖြင့် (Dai ni na du sa ai Nu Wa hpu nau myit su ni yawng hpe)''ဟူသော ကချင်ရိုးရာ မနောအကတေးသံသာဖြင့် ဖျော်ဖြေပြီး ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသားလူမျိုး များသာမက တစ်မြေတည်းနေတစ်ရေတည်း သောက် ပြည်ထောင်စုတိုင်းရင်းသား သွေးချင်းညီအစ်ကိုများ အားလုံးအတွက် စည်းလုံးခြင်းအင်အားအသွင်သဏ္ဌာန်ကို ဖော်ဆောင်စေသည့် ပွဲတစ်ခုဟု ဆိုနိုင်ပါပေသည်။

 

ထို့ကြောင့် ကချင်ပြည်နယ်၌ ဖူးပွင့် ဝေဆာလျက်ရှိသော ပန်းပေါင်းစုံလင်ကြ သလို အရောင်အဆင်းမတူ တစ်မူကွဲပြား ခြားနားကြသော်လည်း တစ်နယ်အတွင်း အလှကိုယ်စီဖြင့် ပွင့်လန်းလျက်ရှိကြကာ ကချင်ပြည်နယ်၏အလှအား အတူတကွ ထာဝရဖော်ဆောင် ပေးလျက်ရှိပါကြောင်း (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ စာရေးသူ အလည်တစ်ခေါက်ရောက်ရှိ လေ့လာခဲ့ရာမှ တစေ့တစောင်းရေးသားဖော်ပြ လိုက်ရပါသည်။ 

 

အယ်လ်စိုင်း(ရှမ်းအညာမြေ)

 

50259874_201897982