ကလေးစာပေပွဲတော် (စစ်ကိုင်း) အောင်မြင်စွာကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်

စစ်ကိုင်း ၁၂ ဇန်နဝါရီ


ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစမ်းလေ့ကျင့်မှုများကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး     ပွဲတော်တွင် ခင်းကျင်းပြသမည့် ပြခန်းများကို ကြည့်ရှုကြသည်။


ကလေးစာပေပွဲတော် (စစ်ကိုင်း) ကို ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်အထိ စစ်ကိုင်းမြို့၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပမည်ဖြစ်ပြီး နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖျော်ဖြေရေး အစီအစဉ်များ၊ ပြပွဲ ပြိုင်ပွဲများ စာပေဟောပြောပွဲနှင့် ဆွေးနွေးပွဲများ၊ ဂိမ်းကစားနည်းများ၊ စာအုပ်အရောင်းဆိုင်များ၊ ပြခန်းများ ခင်းကျင်းပြသခြင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ထုတ်စည်းထိုး ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရှိရသည်။


အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း ၁၆ ကျောင်းမှ ကျောင်းသားများဖြင့် စတင်ကျင်းပသည်။


အမျိုးသားဖူဆယ်ဘောလုံးပြိုင်တွင် ပါဝင်ယှဉ်ပြိုင်ကစားသည့်  အ.ထ.က-ရွှေမင်းဝံကျောင်းမှ ကျောင်းသား မောင်ထွန်းထွန်းအောင်က “ကျွန်တော်တို့လို ကျောင်းသားတွေအတွက် စာပေတတ်မြောက်ဖို့က အရေးကြီးသလို ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို ကျောင်းသား ကျောင်းသူတွေအတွက် ရည်ရွယ်လုပ်ပေးတဲ့ ကလေးစာပေပွဲတော်နဲ့အတူ ကျန်းမာကြံ့ခိုင်ဖို့အတွက် အားကစားပြိုင်ပွဲတွေ ထည့်သွင်းကျင်းပပေးတာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာမှ ကျွန်တော်တို့ ရည်မှန်းချက်တွေ အောင်မြင်အောင် ကြိုးစားခွင့်ရရှိမှာပါ။ ပြီးတော့ ဒီလိုပြိုင်ပွဲတွေကနေ အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အကျင့်ကောင်းကိုလည်း ရရှိမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။


အဆိုပါ အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ 


သတင်း နှင့် ဓာတ်ပုံ - အောင်မင်းဟန်