ကလေးစာပေပွဲတော် (မူဆယ်) ၏ ပျော်ရွှင်ဖွယ်ရာနေ့ရက်များ

မူဆယ် ၂၉ ဒီဇင်ဘာ 

 

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ (မူဆယ်) ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မူဆယ်မြို့၊ မင်္ဂလာမူဆယ် (မြို့သစ်စီမံကိန်းအိမ်ရာ)တွင် စည်ကားပျော်ရွှင်စွာကျင်းပလျက်ရှိသည်။ ကလေးစာပေပွဲတော် ဒုတိယနေ့အဖြစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား/ ကျောင်းသူများ၊ စာအုပ်ဈေးရောင်းသူများ၊ ပြခန်းပြသသူများက ကလေးစာပေပွဲတော်နှင့် ပတ်သက်၍ ၎င်းတို့၏ သဘောထားအမြင်များကို အောက်ပါအတိုင်း ပြောပြခဲ့သည်။

 

ဒေါ်လွင်လွင်စိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်စိုက်ပျိုးရေး

 

ကျွန်မ မူဆယ်မှာ တာဝန်ကျတာ ခြောက်နှစ်ရှိပါပြီ။ ဒီပွဲလေးကတော့မူဆယ်မြို့မှပထမဦးဆုံးအကြိမ် ကြုံတွေ့ရတာဖြစ်ပါတယ်။လာမယ့်မျိုးဆက်သစ်လေးတွေအတွက် အင်မတန်မှပဲ ကောင်းတဲ့ပွဲလေး ဖြစ်ပါတယ်။ ဒီလိုမျိုးပွဲတွေကို သက်ဆိုင်ရာက ဦးဆောင်ပြီးမကြာခဏ ပြုလုပ်ပေးဖို့မျှော်လင့်ပါတယ်။ ဒီပွဲလေး ပြုလုပ်ပေးတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဒီမှာရှိတဲ့ ကလေးတွေရော ကလေးမိဘတွေရော သူတို့ရဲ့အနာဂတ်အတွက်၊ သူတို့ရဲ့အမြင်လေးတွေ ဖွံ့ဖြိုးလာနိုင်ဖို့လုပ်ပေးတဲ့အတွက် သူတို့အနာဂတ်အတွက် အရမ်းကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။

 

 

နန်းမေရှင်းသန့် ၊ရှမ်းပြည်မြောက်ပိုင်း ကိုယ်စားပြုအလှမယ် တစ်ဦး

 

ကလေးစာပေပွဲတော် လုပ်ပေးခြင်းအားဖြင့် ကလေးတွေ ညဏ်ရည်ဖွံ့ဖြိုးတိုးတက်လာမယ်။ အခုခေတ်ဆိုရင် မိဘတွေက သားသမီးတွေအတွက် အချိန်မပေးနိုင်ဘူးဆိုရင် ကလေးတွေက ဖုန်းတွေနဲ့ အချိန်ကုန် နေကြတယ်။ ဒီလို စာပေပွဲတော်လုပ်ပေးခြင်းအားဖြင့် ကလေးတွေ စာဖတ်တာတွေ ပိုပြီးအားသန်လာမယ်။ စာပေနဲ့ပတ်သက်တဲ့ ဂိမ်းကစားနည်းတွေလည်း လုပ်ထားပေးတဲ့အတွက်ကလေးတွေလည်း တော်တော် ပျော်ကြတယ်။ နောက်ပြီး ညဏ်ရည်ကို ဖွံ့ဖြိုးတိုးတက်စေတဲ့ ကစားနည်းလေးတွေလည်း ထည့်သွင်း ထားတဲ့အတွက် ကလေးတွေအတွက် များစွာအကျိုးရှိပါတယ်။ ညီမခံစားချက်ကတော့ မူဆယ်မြို့မှာ ကလေးစာပေပွဲတော်ကို များများလုပ်ခိုင်းစေချင်တယ်။ ဂိမ်းတွေကစားတာထက်စာပေနဲ့ပတ်သက်တဲ့ အားကစားနည်းလေးတွေ လုပ်ပေးတာ ပိုပြီးသဘောကျတယ်။ မူဆယ်မြို့ရဲ့ အနာဂတ်ကြယ်ပွင့်လေးတွေ များစွာထွက်လာဖို့အတွက် ကလေးစာပေပွဲတော်ကို မကြာခဏ လုပ်ခိုင်းစေချင်ပါတယ်။

 

 

နန်းစန္ဒီမင်းလွင်၊ ရွှေရုပ် ကလေးသင်ထောက်ကူပစ္စည်းအရောင်းဆိုင်

 

မူဆယ်မှာ ကလေးစာပေပွဲတော် ပြုလုပ်ပေးတဲ့အတွက် အလွန်ကောင်းပါတယ်။ ဘာလို့ဆိုတော့ ကျွန်မတို့မူဆယ်မှာက စာဖတ်အားနည်းကြတယ်။ အခု ဒီလိုလေးကလေးစာပေပွဲတော်လာ လုပ်ပေးတော့ ကလေးတွေလည်း တစ်နေရာတည်းမှာ စာပေများစွာ လေ့လာနိုင်တာမို့ ကလေးတွေအတွက် အများကြီးကောင်းတယ်။ ဒီမြို့မှာ စာအုပ်ဆိုင်တွေနည်းတော့ လူကြီးတွေအတွက်ရော၊ ကလေးတွေအတွက်ပါ စာအုပ်တွေကို တစ်နေရာတည်းမှာ ရှာလို့ရတော့ အတော်ကောင်းတယ်။

 

 

နန်းဝင်းစန္ဒီအေး၊ ပန်းစုံရွှေပြည်ကိုယ်ပိုင်အထက်တန်းကျောင်း

 

ကလေးစာပေပွဲတော် ကျင်းပပေးတဲ့အတွက် အလွန်ပျော်ပါတယ်။အခု ဒီပွဲလေးကမူဆယ်မှာ ကျင်းပပြုလုပ်ပေးတာ ပထမဆုံးအကြိမ်လို့ သိရပါတယ်။ သမီးတို့ အတွက်စာအုပ်တွေလည်း အများကြီးလေ့လာလို့ရတယ်။ ဂိမ်းကစားပွဲတွေလည်း အများကြီးပါတော့ ပျော်ဖို့အင်မတန်ကောင်းပါတယ်။ သမီးတို့အတွက် တိုင်းရင်းသားယဉ်ကျေးမှုပြခန်းတွေ အများကြီးလေ့လာရတယ်။ ဌာနဆိုင်ရာ ပြခန်းတွေကနေ အသိပညာ ဗဟုသုတတွေ အများကြီးရတယ်။ နောက်လည်း အမြဲ ဒီလိုပွဲမျိုးလုပ်ပေးစေချင်ပါတယ်။

 

 

စိုင်းသိန်းသန်းဦး ၊ရှမ်းစာပေနှင့်ယဉ်ကျေးမှု ပြခန်းတာဝန်ခံ

 

ကလေးတွေ ဆိုတာ နောင်လာမယ့် လူကြီးတွေရဲ့ အနာဂတ်ဖြစ်ပါတယ်။ ကလေးတွေကြိုးစားပြီး တိုးတက်လာမယ်ဆိုရင် နောင်လာမယ့် အနာဂတ်တိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ ကြယ်ပွင့်လေးတွေ ဖြစ်လာမယ်လို့ယုံကြည်မိပါတယ်။ တိုင်းရင်းသား ပြခန်းတွေ ခင်းကျင်းပြသရတဲ့အတွက် သမိုင်းဆိုင်ရာ အကြောင်းအရာတွေကို ကလေးတွေ သိခွင့်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ကလေးတွေ တစ်စုတစ်စည်းတည်း ပျော်မြူးရွှင်မြူးလုပ်ရတဲ့အတွက် အမှတ်တရဖြစ်စေပါတယ်။ ပြခန်းတွေ မှာဓါတ်ပုံတွေ ရိုက်သွားကြတဲ့အတွက် ပြည်ထောင်စုစည်းလုံး ညီညွတ်ရေးကို ပိုပြီးနားလည်သိရှိစေပါတယ်။ ဒီပွဲလေးအတွက် အင်မတန်ပီတိဖြစ်မိပါတယ်။ ဘယ်သောခါမှ မရှိဘူးခဲ့တဲ့ ဒီပွဲလေးအတွက် ရွှေလီမြစ်ကမ်းတစ်ဝိုက်က ကလေးတွေအတွက် အချင်းချင်းစည်းလုံးညီညွတ်ပြီး ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။

 

ပြည်နယ်(ပြန်/ဆက်)