ကလေးစာပေပွဲတော်(စစ်ကိုင်း) သို့ လာရောက်ပါဝင်ဆင်နွှဲကြသူများ၏ ရင်တွင်းစကားသံများ

၁၄ ဇန်နဝါရီ

 

မပြည့်ပြည့်ဖြိုးမွန် (နဝမတန်းကျောင်းသူ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ စစ်ကိုင်း)

 

ကလေးစာပေပွဲတော်မှာ သမီးတို့ကျောင်းက ပါဝင်ပြသတဲ့ ဓာတုဗေဒပြခန်းမှာ လက်တွေ့ ဆောင်ရွက်မှုတွေ ပြသပေးဖို့ ပွဲတော်ကို ရောက်တာပါ။ သမီးတို့ ပြခန်းကို လာရောက်ကြည့်ရှုတဲ့ ကျောင်းသား ကျောင်းသူတွေကို ဟိုက်ဒရိုဂျင်ဓာတ်ငွေ့နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်ပေါ်ပုံတွေကို လက်တွေပြသခဲ့ပါတယ်။ နောက်ပြီး ကျောင်းက ထုတ်တဲ့ ဆပ်ပြာနဲ့ ဓာတုဗေဒပစ္စည်းတွေကိုလည်း ရောင်းချပေးခဲ့ပါတယ်။ ဖျော်ဖြေရေး အစီအစဉ်အနေနဲ့ ရေဗေဒင်လည်း တွက်ပေးခဲ့ပါတယ်။

 

လက်တွေ့ ဓာတ်ငွေ့ထုတ်ဖော်ပုံတွေကို လေ့လာခွင့်ရတဲ့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းစာပြင်ပ ဗဟုသုတတိုးမယ်လို့ ထင်ပါတယ်။ အခြားဌာနဆိုင်ရာတွေက ပြသတဲ့ ပြခန်းတွေကလည်း ဗဟုသုတများစွာရပါတယ်။ လာရောက်ဖွင့်လှစ် ရောင်းချတဲ့ စာအုပ်အရောင်းဆိုင်တွေကြောင့် ကိုယ်လိုချင်တဲ့စာအုပ်တွေကို တစ်နေရာတည်းမှာ ဝယ်ယူခွင့် ရခဲ့ပါတယ်။ ဒါကြောင့် အခုလိုကလေး တွေအတွက် ဦးစားပေးပြီး ကျင်းပတဲ့ပွဲတော်တွေမှာ ပါဝင်ဆင်နွှဲစေချင်ပါတယ်။

 

11

 

ဒေါ်ကျော့ကျော့ခိုင်( အထက်တန်းပြဆရာမ၊ လေ့ကျင့်ရေးအထက်တန်းကျောင်း၊ စစ်ကိုင်း)

ကလေးစာပေပွဲတော်တွေက ကလေးတွေ၊ ကျောင်းသားကျောင်းသူတွေအတွက် အမှန်တကယ် လိုအပ်ပါတယ်။ အခုကာလလို နည်းပညာမြင့်ပစ္စည်းတွေ ပေါများလာချိန်မှာ လူငယ်တွေ စာအုပ်စာပေ တွေ အပေါ် စိတ်ဝင်စားမှု အားနည်းလာတာကို ပြန်ပြီး စိတ်ဝင်စားမှုမြင့်တက်လာစေပါတယ်။ ပါဝင်ပြ သတဲ့ပြခန်းတွေမှာလည်း ဗဟုသုတတွေအများကြီးရရှိနိုင်ပါတယ်။ စာအုပ်မျိုးစုံကို တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူနိုင်တဲ့အတွက် ကလေးစာပေပွဲတော်လို့ အမည်တပ်ထားပေမယ့် လူကြီးတွေ ကျွန်မ တို့လို ဆရာ၊ ဆရာမတွေအတွက်လည်း များစွာအကျိုးရှိပါတယ်။ အခုလို ကျွန်မတို့စစ်ကိုင်းမြို့မှာ ကလေးစာပေပွဲတော် လာရောက်ကျင်းပပေးတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း အထူး ကျေးဇူးတင်ပါတယ်။

 

22

 

မောင်သုနေစံ (ပဉ္စမတန်း၊ ရင်သွေးရတနာကိုယ်ပိုင်ကျောင်း)

 

သားက ကလေးစာပေပွဲတော်မှာ ချစ်သောကမ္ဘာမြေ တေးသရုပ်ဖော် တင်ဆက်မှုမှာ အစီအစဉ် တင်ဆက်သူအနေနဲ့ရော၊  ကုမ္ပဏီပိုင်ပိုင်ရှင်တစ်ဦးအနေနဲ့ပါ ပါဝင်ခဲ့ပါတယ်။  သားအနေနဲ့ အစီအစဉ်တွေကို ဖတ်ကြားတဲ့အခါမှာ အင်္ဂလိပ်လို ပြောပြီး တင်ဆက်ခဲ့ပါတယ်။ လူအများရှေ့မှာ တင်ဆက်ခဲ့ရတာဖြစ်လို့ စိတ်လှုပ်ရှားမှုရှိခဲ့ပေမယ့် ကြောက်စိတ်တော့ မဖြစ်ခဲ့ပါဘူး။ အခုလိုပွဲမျိုးကို အရင်ကလည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။ အခု ကျင်းပတဲ့ ကလေးစာပေပွဲတော်မှာ ပါဝင်ဆင်နွှဲခွင့်ရ တဲ့အတွက် အများကြီးဝမး်သာပါတယ်။ ပြပွဲမှာ ပြသထားတဲ့ ပြခန်းတွေထဲမှာ သိပ္ပံပညာနဲ့ ပတ်သက် တဲ့ ပြခန်းတွေကို ပိုပြီး စိတ်ဝင်စားပါတယ်။ ကိုယ်တိုင်လည်း ကြီးပြင်းလာတဲ့အခါမှာလည်း တီထွင်ဖန် တီး မှုတွေ ဆောင်ရွက်နိုင်တဲ့ သိပ္ပံ ပညာရှင်တစ်ယောက်ဖြစ်ချင်ပါတယ်။

 

33

 

မောင်ထူးသုတလင်းအောင် (မူလတန်း အောက်အဆင့် ကဗျာရွတ်ပြိုင်ပွဲ ပထမဆုရှင်)

 

သားတို့အဆင့််မှာ ၄၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ သားက ပထမဆု ရရှိပါတယ်။ သားရွတ် ဆိုခဲ့တဲ့ ကဗျာက ဥပုသ်စောင့်ကဗျာ ဖြစ်ပါတယ်။ ဒီကဗျာကို အလွတ်ရပြီဖြစ်ပေမယ့် ပြိုင်ပွဲအတွက် ငါးရက်လောက် ကြိုပြီးလေ့ကျင့်ခဲ့ပါတယ်။ အခု ကျင်းပတဲ့ ကလေးစာပေပွဲတော်မှာ ပုံပြင်စာအုပ်တွေ ၊ ရုပ်ပြစာအုပ်တွေ၊ ကဗျာစာအုပ်တွေနဲ့ ဉာဏ်စမ်းပဟေဠိစာအုပ်တွေ ဝယ်ဖြစ်ခဲ့ပါတယ်။ သားဆန္ဒက တော့ စစ်ကိုင်းမှာ အခုလို ကလေးစာပေပွဲတော်ကို နှစ်စဉ် ကျင်းပပေးစေချင်ပါတယ်။

 

44

 

ဦးဝင်းမင်းဦး(ကျောင်းအုပ်၊ ကျားမင်းကြီးကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း)

 

အခုကျင်းပတဲ့ ကလေးစာပေပွဲတော်မှာ ကျွန်တော်တို့ကျောင်းအနေနဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲလာဝင်တဲ့အချိန်မှာ ပြိုင်ပွဲကျင်းပရေးကော်မတီနဲ့ ချိတ်ဆက် ဆောင်ရွက်တဲ့အခါမှာ တိကျသေချာတဲ့ လမ်းညွှန်းမှု မရရှိခဲ့ပါဘူး။ ဒါကြောင့် တိကျသေချာတဲ့ လမ်းညွှန်မှုတွေ ရချင်ပါတယ်။ ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ၃၀ဝ ကျော် ရှိပေမယ့် ပွဲတော် မှာ ပါဝင်ဆင်နွှဲခွင့်ရခဲ့တဲ့ ကျောင်းသားကတော့ ဘဏ္ဍာရေးအခြေအနေအရ နည်းပါးပါတယ်။ အခုလိုပွဲတော်ကြီးမှာ ကျောင်းသား အားလုံးပါဝင်ဆင်နွှဲနိုင်ဖို့ သက်ဆိုင်ရာတွေက စီစဉ်ဆောင်ရွက် ပေးစေချင်ပါတယ်။ အခု ကျွန်တော်တို့ ကျောင်းက ပါဝင်ယှဉ်ပြိုင်တဲ့ ဖူဆယ်ဘောလုံးပြိုင် ကွင်းဟာ လည်း အရည်အသွေးနိမ့်နေတာကို တွေ့ရပါတယ်။ အခြား ဖျော်ဖြေရေးအစီအစဉ် တွေနဲ့  ပြိုင်ပွဲတွေမှာ အဆင်ပြေနေတာတွေ့ရတဲ့အတွက် ဝမ်းသာရပါတယ်။ စစ်ကိုင်းခရိုင်မှာ ကျင်းပတဲ့ အခါမှာ စစ်ကိုင်းခရိုင်အတွင်းမှာ ရှိတဲ့ ကျောင်းသားကျောင်းသူအားလုံး ပါဝင်ဆင်နွှဲနိုင်ဖို့ သက်ဆိုင်ရာတွေက စီစဉ်ဆောင်ရွက်ပေးစေချင်ပါတယ်။

 

55

 

ကိုဇော် (အသံချဲ့စက်ငှားရမ်းသူ)

 

အခု ကျင်းပတဲ့ ကလေးစာပေပွဲတာ်မှာ စတူရီယိုပိုင်းနဲ့ပတ်သက်ပြီး ဝန်ဆောင်မှုပေးထားပါတယ်။ ပွဲတော်ကာလအတွင်းမှာ မြင်တွေ့နေရတာတွေကတော့ ပြင်ပက စားသောက်ဆိုင်တွေ ခွင့်ပြုမထား တဲ့ အတွက် ပွဲတော်မှာ လာရောက်ဆင်နွှဲသူတွေ ဝယ်ယူစားသောက်ဖို့ အခက်အခဲရှိတာကို တွေ့ရပါ တယ်။ လူသောင်းနဲ့ချီပြီး တစ်နေကုန် ကျင်းပတဲ့ အခုလိုပွဲမျိုးမှာ ရေ၊ အချိုရည်နဲ့ အစားအသောက် တွေ လိုအပ်မှာ အမှန်ပါပဲ။ ဒါပေမယ့် ဒီပွဲမှာ အစားအသောက် ရောင်းချခွင့်မရှိတာကြောင့် လာရောက် ဆင်နွှဲသူတွေ အနေနဲ့ အခက်အခဲ ဖြစ်ရပါတယ်။ နောက်တစ်ခုက ဗွီနိုင်းနဲ့ ကြော်ငြာဆိုင်းဘုတ်တွေ သတင်းစာတွေမှာ ကြော်ငြာတွေ ပါပေမယ့် လူတိုင်း သတိမထားမိကြပါဘူး။ ရပ်ရွာတွေမှာ လှည့်ပြီး တော့ အသံချဲ့စက်နဲ့ လှည့်ပြီးကြော်ငြာပေးနိုင်မယ်ဆိုရင် ဒီထက်ပိုပြီး ပြည်သူလူထု စိတ်ဝင်စားပြီး ဒီထက်ပိုပြီးတော့ အောင်မြင်မယ်လို့ထင်ပါတယ်။

 

66

 

ဦးအောင်ကြီး(စစ်ကိုင်းတိုင်း ကျောက်မျက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ)

 

အခြားမြို့တွေမှာ ကလေးစာပေပွဲတော်တွေ ကျင်းပတဲ့ သတင်းတွေ ကြားသိရတော့ ကျွန်တော်တို့ စစ်ကိုင်းမြို့မှာလည်း ကလေးစာပေပွဲတော် ကျင်းပဖို့ ဆန္ဒဖြစ်ပေါ်မိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး  မတည်ငွေထည့်ဝင်ခဲ့ပါတယ်။ ပွဲတော်ကို လာရောက်ဆင်နွှဲကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ကျွန်တော်တို့ စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မျက်လုပ်ငန်းရှင် များ အသင်းက အချိုရည်၊ ရေသန့်နဲ့ ပဲမုန့်တွေကို အဟာရဒါနအနေနဲ့ ပေးဝေခဲ့ပါတယ်။ အခု ပွဲတော်ကာလအတွင်းမှာ ကျောင်းသား ကျောင်းသူတွေ ပျော်ပျော်ရွှင်ရွှင် လာရောက်ဆင်နွှဲတာ တွေ့ရလို့ ပျော်ရွှင် ကြည်နူးမိပါတယ်။ ပွဲတော် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြတဲ့ သူတွေ၊ လာရောက်ဆင်နွှဲကြတဲ့ ကျောင်းသား ကျောင်းသူတွေ၊ ပါဝင်ပြသပေးခဲ့တဲ့ ပြခန်းတွေနဲ့ လာရောက်ဖွင့်လှစ်ရောင်းချပေးတဲ့ စာအုပ်အရောင်းဆိုင်တွေ ကို အထူးကျေးဇူးတင်ကြောင်း ပြော ချင်ပါတယ်။ နောက်မှာလည်း အခုလိုပွဲမျိုးတွေအတွက် တက်နိုင်သလောက် ထည့်ဝင်ကူညီသွားပါမယ်။ 

 

အေးမြ(မန္တလေး)၊ ဓာတ်ပုံ - အောင်ဖြိုးကျော်