ကမ္ဘာ့ဘေးအန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းများစာရင်းမှ ဂျပန်လေကြောင်းလိုင်း ထုတ်ပယ်ခြင်း ခံရ

ကျိုတို ၁၄ ဇန်နဝါရီ

 

ကမ္ဘာ့ဘေးအန္တရာယ်အကင်းဆုံး လေကြောင်းလိုင်းများ စာရင်းမှ ဂျပန်လေကြောင်းလိုင်း ထုတ်ပယ်ခြင်း ခံခဲ့ရကြောင်းနှင့် အဆိုပါထုတ်ပယ်ခံခဲ့ရသည့် ဂျပန်လေကြောင်းလိုင်းသည် ၂၀၁၆ ခုနှစ်ကစပြီး သုံးနှစ်ဆက်တိုက် ကမ္ဘာ့ဘေးအန္တရာယ်အကင်းဆုံး လေကြောင်းလိုင်း ၂၀ ၏ အမည်စာရင်းတွင် ပါဝင်ခဲ့ကြောင်း ယနေ့ အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

 

သြစတြေးလျကုမ္ပဏီတစ်ခုဖြစ်သည့် Airline Ratings သည် နီပွန်လေကြောင်းလိုင်းကို ၂၀၁၆ ခုနှစ်မှစပြီး သုံးနှစ်ဆက်တိုက် ကမ္ဘာ့ဘေးအကင်းဆုံး လေကြောင်းလိုင်းစာရင်းတွင် ထည့်သွင်းခဲ့သည်။ အဆိုပါကုမ္ပဏီသည် လေကြောင်းလိုင်း ၄၀၅ ခု အနက် တစ်ခုချင်းစီ၏ လေကြောင်းပြေးဆွဲခြင်းနှင့် မတော်တဆမှု ဖြစ်ပွားနှုန်း မည်မျှရှိခဲ့သလဲဆိုသည့် စံနှုန်းသတ်မှတ်ချက်များ၊ အစိုးရ၏စာရင်းစစ်ဆေးမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအပေါ် မူတည်ပြီး ဘေးအကင်းဆုံး လေကြောင်းလိုင်းအမည်စာရင်းတွင် ထည့်သွင်းသတ်မှတ်ကြောင်း သိရသည်။

 

ဂျပန်လေကြောင်းလိုင်းကို ဘေးအကင်းဆုံး လေကြောင်းလိုင်း စာရင်းမှ ထုတ်ပယ်ခဲ့ရသည့် အကြောင်းရင်းမှာ အဆိုပါလေကြောင်းလိုင်း၏ လေယာဉ်မောင်၊ လေယာဉ်မယ်များ အရက်သောက်သုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု Airline Ratings ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ဆိုသည်။

 

ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာနက ဂျပန်လေကြောင်းလိုင်းကို ၎င်း၏မူဝါဒများအား အလုံးစုံပြန်လည်စစ်ဆေးရန် တိုက်တွန်းပြောကြားထားကြောင်း သိရသည်။

 

လွန်ခဲ့သောလက ဂျပန်နိုင်ငံမှ ဟာဝိုင်အီကျွန်းရှိ ဟိုနိုလူလူမြို့သို့ ခရီးစဉ်ပျံသန်းလာသည့် လေယာဉ်တစ်စင်းတွင် လိုက်ပါလာသော လေယာဉ်မယ်တစ်ဦးသည် ပြင်သစ်ရှန်ပိန်ဝိုင် အနည်းငယ် သောက်သုံးထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

လွန်ခဲ့သော နိုဝင်ဘာလက ဂျပန်လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦးသည် အရက်သောက်သုံးထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လန်ဒန်မြို့တရားရုံးက ထောင်ဒဏ် ၁၀ လချမှတ်ခဲ့ကြောင်း သိရသည်။ လေယာဉ်မှူး သောက်သုံးထားသည့် အရက်ပမာဏသည် ဗြိတိန်နိုင်ငံက သတ်မှတ်ထားသည့် ပမာဏထက် ၁၀ ဆ ပိုမိုများပြားလျက် ရှိနေကြောင်း သိရသည်။

 

အင်န်အိတ်ချ်ကေ