ကံ ဉာဏ် ဝီရိယနှင့် ပြည်ထောင်စုအရေး

၂၂  ဇန်နဝါရီ

 

ပြည်သူ့အစိုးရခေတ်ကို ရောက်လာခဲ့ပြီဆိုသော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုဆိုသည်က ဖြုန်းခနဲ ချက်ချင်း ရောက်လာနိုင်သည် မဟုတ်။ နှစ်ကာလရှည်ကြာစွာ ဆင်းရဲခြင်း၊ မဖွံ့ဖြိုးခြင်းတို့နှင့်အတူ အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူပြုခြင်း၊ ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားမှု အဆိုးဘက်သို့ ပြောင်းလဲလာခြင်းတို့ လူတို့အတွင်း၌ လှိုက်စားနေ အရိုးစွဲနေသည်တို့ကလည်း အရေးတယူပြု ပြောင်းလဲရမည့် အခြေအနေ။

 

ထို့ကြောင့်ပင် ပြည်သူနှင့်အတူဟူသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ဖွင့်ဟစကားအတိုင်း အစိုးရသည် ပြည်သူနှင့်အတူ ဆင်းရဲအတူ၊ ချမ်းသာအမျှ ခံစားစံစားကြမည်၊ အစိုးရသည် ပြည်သူနှင့်အတူ တိုင်းပြည်တိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်ပွဲများရပ်စဲရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်ရေးတို့ကို ရုန်းကန်ကြိုးပမ်း ကြရဦးမည်။

 

သည်လို ကြိုးပမ်းကြရာတွင် လူတို့၏ ကံ ဉာဏ် ဝီရိယ တည်း ဟူသော အခြေခံအကြောင်းတရား သုံးပါးပေါ်မူတည်ကာ အောင်မြင်မှုရရှိမည်ဟု မြင်ပါသည်။

 

မိမိတို့၏ ယခင်အခြေအနေက ပြုခဲ့သည်တို့ကတော့ လွန်ခဲ့ပြီဟူ၍ သဘောထားပြီး ယခုဘယ်လိုလုပ်မည် ဘယ်လိုဖြေရှင်းမည် ဆိုသည်ကို စနစ်တကျနှင့် ကြိုးကြိုးစားစား အားစိုက်ခွန်စိုက် လုပ်ဆောင်ကြဖို့ လိုအပ်ပြီဟု မြင်ပါသည်။ သည်လို ဆောင်ရွက်ရာတွင်လည်း မိမိတို့ကိုယ်တိုင် ရွေးချယ်တင်မြှောက်ခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်များ၊ ပြည်သူ့အစိုးရ တို့၏ ခေါင်းဆောင်မှုနောက်မှာ လိုက်ပါဆောင်ရွက်ကြလိုသူက အများစုဟု ယူဆပါသည်။

 

ဉာဏ်ကတော့ အထူးအရေးကြီးသည်ဟု ယုံကြည်ပါသည်။ အကြောင်းခြင်းရာ တော်တော်များများကို ဉာဏ်က ဦးဆောင်သည် မဟုတ်ပါလား။ ဘယ်အရာက သင့်တော်၏၊ ဘယ်သင်းက မလုပ်သင့်၊ ဘယ်လိုဖြင့် မပြောအပ်၊ ဘယ်သို့သာ လုပ်ဆောင်သင့်သည် စသည်တို့ကို ဉာဏ်က ဦးဆောင်ခြင်းဖြစ်သည်။ ပင်ကိုမူလ မွေးရာပါ ဇာတိဉာဏ် ကတော့ တစ်ဦးနှင့်တစ်ဦး ကွာခြားမှုရှိနိုင်၏။ သို့သော်လည်း ပဝတ္တိဉာဏ်မှာ ကျောင်းပညာရေး၊ စာဖတ်ခြင်း၊ အကြားအမြင်များအောင် အားထုတ်ခြင်း၊ ဆွေးနွေးဆည်းပူးခြင်း  စသည့် ကြိုးစားအားထုတ်မှုများပေါ်တွင် များစွာ တည်မှီမည် ဖြစ်ပါ၏။

 

အထူးသဖြင့် ခေါင်းဆောင်များက ခေတ်နှင့်လျော်ညီသော စည်းရုံးမှုကို အောင်မြင်စေသော နိုင်ငံ့အရေး အမှားအမှန်ကို ခွဲခြားချင့်ချိန်ဆုံးဖြတ်နိုင်သော ဉာဏ်ပညာရှိရန် လိုပါသည်။ အနိမ့်ဆုံးအားဖြင့် ဉာဏ်ပညာရှိသူများကို ချဉ်းကပ်အကြံဉာဏ် ရယူရန် လိုပါမည်။ ခေါင်းဆောင်မှုနောက်က လိုက်ပါဆောင်ရွက်ရသူများကလည်း ဉာဏ်ပညာနှင့် ယှဉ်သည့် ကြိုးပမ်းအားထုတ်မှု လိုပါမည်။

 

ဉာဏ်ပညာနှင့်ယှဉ်သော စဉ်းစားတွေးခေါ်မှု၊ ဉာဏ်ပညာနှင့် ယှဉ်သော နိုင်ငံရေးအမြော်အမြင်တို့ အထူးလိုအပ်သည့် အချိန်ဟု မြင်ပါသည်။ နိုင်ငံထူထောင်ရေး ပြည်ထောင်စုသားတိုင်းရင်းသား နိုင်ငံသူ နိုင်ငံသားအားလုံး စည်းလုံးညီညွတ် ကြရမည့်အချိန်တွင် မည်သို့ ညီညွတ်ကြအောင် ဆောင်ရွက်ကြမည်ဆိုခြင်းကို ဉာဏ်နှင့်ယှဉ်ကာ တွေးတွေးဆဆ ရှိကြရမည့်အချိန် ဖြစ်ပါသည်။

 

ဉာဏ်နှင့်အတူလိုက်ရသော ကိစ္စက ဝီရိယ။ အမှန်တကယ် ဉာဏ်ပညာရှိသူသည် ဝီရိယ၏ အရေးပါပုံကို သိနားလည်ပြီးဖြစ်ကာ နိုင်ငံ့အရေး ပြည်သူတို့အကျိုးအတွက် ဝီရိယ စိုက်ထုတ်ကြိုးပမ်း ဆောင်ရွက်ကြမည်ဧကန်ဟု ယုံကြည်ပါသည်။

 

ယနေ့ ပစ္စက္ခ မြန်မာနိုင်ငံအနေအထားက ကံ ဉာဏ် ဝီရိယ သုံးပါးကို အလေးအနက်ပြု အားထုတ်ကြိုးပမ်းမည်ဆိုလျှင်ပင် တော်ရုံဖြင့် မရနိုင်။ အတော့်ကို အားထုတ်ကြိုးပမ်း အပင်ပန်းခံဆောင်ရွက်သော်မှ တော်ကာကျမည်ဟူသည့် အခြေအနေဟု မြင်ပါကြောင်း။ ။

 

မြန်မာ့အလင်း