ကနေဒါ မူလတန်းကျောင်း၌ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွား ၄၃ ဦး ဆေးရုံတက်ကုသမှုခံယူ

၁၅ ဇန်နဝါရီ

ကနေဒါနိုင်ငံ မွန်ထရီရယ် ရှိ အခြေခံမူလတန်းကျောင်းတစ်ကျောင်းတွင် ယမန်နေ့က ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားသဖြင့် ကလေး ၃၅ ဦး အပါအဝင် ကျောင်းဝန်ထမ်း ၈ ဦး၊ စုစုပေါင်း ကနေဒါနိုင်ငံသား ၄၃ ဦး ဆေးရုံတက် ကုသမှုခံယူနေကြောင်း ပြည်တွင်းမီဒီယာ စီတီဗွီ သတင်းဖော်ပြချက်အရ သိရသည်။

ကျောင်းသား ၂၇၀ ခန့်ရှိ သော မူလတန်းကျောင်း  တွင် ယမန်နေ့မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်ကစပြီး လာဆယ်လီ ရှိ အီကိုလီဒက်ဒီကိုဗရီယာ ကျောင်းဝန်ထမ်း ၈ ဦး နှင့် ကျောင်းသား ၃၅ ဦး ရုတ်တရက် မူးဝေပျို့အန်ခဲ့ကြကြောင်း နှင့် ထိုနေရာသို့လူနာတင်ကား ရောက်ရှိလာပြီး နေထိုင်မကောင်းသူများကို ကြည့်ရှုစစ်ဆေးကုသပေးခဲ့ကြောင်း ဖော်ပြထားသည်။

ဆေးရုံတက် ကုသမှုခံယူနေသူများ အခြေအနေ ဆိုးရွားမှုမရှိကြောင်းနှင့်  မူးဝေ၊ ပျို့အန်ပြီး ညည်းတွားနေသူများ၏အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။ အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားရခြင်းသည် မူလတန်းကျောင်း အပူပေးစနစ်မှ အစပြုခဲ့ပြီး ကျောင်းအတွင်းသို့ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ လွှင့်ထုတ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ထိုကျောင်းအတွင်းမှ လူများအားလုံးကို ဘေးကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ပြီး အပူပေးစနစ်ကို အလုပ်သမားများ ပြုပြင်ပြီးသည့်အချိန်ထိ ယင်းမူလတန်းကျောင်း လေဝင်လေထွက်ကောင်းစေရန် မီးသတ်သမားများက လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို