ကျင်စန်းကျော့ နယ်စပ်ဂိတ်ပိတ်ထားသည့်အတွက် တရုတ်ကိုတင်ပို့မည့် ဖရဲသီးများကို မုံရွာမြို့တွင်အခမဲ့ ပေးဝေ

မုံရွာ ၇ ဇန်နဝါရီ 

 

မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ နယ်စပ်ဂိတ်ပိတ်ထားသည့်အတွက် တရုတ်ကိုတင်ပို့မည့် ဖရဲသီးများကို မုံရွာမြို့တွင် ယနေ့ မနက်ပိုင်းက အခမဲ့ ပေးဝေမှုများပြုလုပ်ခဲ့ကြောင်း ဘုတလင်မြို့နယ် ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

 

ယခုအခါ အဆိုပါ နယ်စပ်ဂိတ်များတွင် ဖရဲကား အစီးရေ ၂၀ဝ၀ ခန့် ပိတ်မိနေပြီး ဖရဲသီးများ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်နေကြောင်း သိရသည်။ ဖရဲစိုက်ခင်းများတွင်လည်း ဖရဲသီးများ ရင့်မှည်နေပြီး တရုတ်ကို တင်ပို့ရန် အခက်ခဲများရှိနေတာကြောင့် ဖရဲသီးများကို အကျိုးရှိစွာ အသုံးချလိုသည့်အတွက် ယခုလို အခမဲ့ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

"၁၀၅ မိုင်မှာ အစီး ၂၀ဝ၀ လောက်ပိတ်မိနေတယ်။ အောက်မှာ ကားခေါ်လို့မရတော့ဘူး။ အခင်းထဲမှာ အသီးတွေမှည့်နေပြီ။ ကားခေါ်ရလို့ တင်မယ်ဆိုရင်လဲ လမ်းပိတ်ထားတော့ အသီးကပုပ်ပြီး ပျက်စီးတယ်''ဟု ဘုတလင်မြို့နယ် ဖရဲ၊ သခွား စိုက်ပျိုးသည့်တောင်သူ ကိုသစ္စာက ပြောသည်။

 

ဖရဲကား အစီးရေ ၅ စီး ဖရဲ တန်ချိန် ၅၀ ကျော်ခန့်ပေးဝေခဲ့ကြောင်းသိရသည်။ 

 

မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်က ပိတ်ထား သည့်အတွက် သစ်သီးတင်ကားတွေဟာ ကြူကုတ်-ပန်ဆိုင်းလမ်းကနေ ပြောင်းလဲတင်ပို့ နေကြောင်း သိရသည်။

 

မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်ကို နှစ်နိုင်ငံ MOU ထိုးပြီး တရားဝင်ဖွင့်လှစ်ပေးဖို့၊ ဖရဲ၊ သခွား တင်ပို့မှု အဆင်ပြေစေရန် အစိုးမှ ဆောင်ရွက်ပေးရေး၊ ၁၀၅ မိုင် သစ်သီးရောင်းကွင်းတွက် FOB (အပြီးပြတ်ရောင်းသည့်စနစ်) စနစ် အကောင်ထည်ဖော်ရေး ဆောင်ရွက်ပေးရန် ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်သူများက တောင်းဆိုခဲ့ကြသည်။ 

 

"တစ်နှစ်လုံးမှ ဒီတစ်ရာသီပဲ အားထားရတာ။ လူတိုင်းအားထားပြီး တင်ရမယ့်အချိန်မှာ အခုလို ပိတ်လိုက်တယ်ဆိုတော့ တောင်သူတွေ အခက်ခဲတွေ အများကြီးရှိတယ်။ ဒါတွေကို အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုချင်ပါတယ်'' ဟု ဖရဲစိုက်တောင်သူ ဦးမျိုးသူက ဆိုသည်။

 

အိမို့မို့ခိုင်  

 

water melon