ကနီမြို့ရှိ ညောင်ဝန်းနန်းရင်း ရှေးကျောင်းတော်ကြီး ပြုပြင်ထိန်းသိမ်းပြီး နှစ် (၁၅၀) ပြည့် အခမ်းအနား ပြုလုပ်မည်

ကနီ ၂၀ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကနီမြို့နယ်၊ ညောင်ဝန်းကျေးရွာရှိ ညောင်ဝန်းနန်းရင်း ရှေးကျောင်းတော်ကြီးပြု ပြင်ထိန်းသိမ်းပြီး ကျောင်းတော်ကြီး နှစ် (၁၅၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည့် သူများထံက သိရသည်။

 

5525225620

 

လက်ရှိတွင် ရှေးဟောင်း ညောင်ဝန်းနန်းရင်း ကျောင်းတော်ကြီးကို ပြုပြင်ထိန်းသိမ်းမှု အနေဖြင့် ရေနံချေးသုတ်ခြင်း စတင်ပြုလုပ်နေပြီး ဆက်လက်၍ ရှေးဟောင်းကျောင်းတော်ကြီး၏ ပြတင်းပေါက်များ၊ ကြမ်းခင်းဆွေးများပြုပြင်ခြင်း၊ ကျောင်းကြီးအောက်ရှိ မြေများတူးဖော်ထုတ်ခြင်း စသည့်လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဆောင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေသူ ကိုပြည့်အောင်နိုင်က ပြောပြသည်။

 

''ဒီနှစ် မတ်လဆိုရင် ကျောင်းကြီးကနှစ် ၁၅၀ ပြည့်တော့မှာ၊ ကျောင်းကြီးက နှစ်ပေါင်းမြောက်များစွာ ပြုပြင်ထိန်းသိမ်းမှုတွေ မရှိခဲ့ဘူး၊ မရှိခဲ့တဲ့အတွက် ဒီနှစ်မှာ နှစ် ၁၅၀ ပြည့်ပွဲ လုပ်ခြင်းနှင့်အတူ ကျောင်းကြီးရဲ့ ဆွေးမြေ့နေတဲ့ ကြမ်းတွေ ပြုပြင်မယ်။ ခုတော့ ရေနံကြီး စသုတ်နေပြီး  ဒီကျောင်းကြီးကို ဘာလို့ လုပ်ရတာလဲဆိုရင်  ကနီမြို့ရဲ့ သမိုင်းစာမျက်နှာမှာ တွင်ကျန်ရစ်မယ့် ကျောင်းကြီးဖြစ်သလို ရှေးဟောင်း အမွေအနှစ်က ဘယ်လောက်ထိ တန်းဖိုးကြီးမားတယ်ဆိုတာကို  နောင်လာနောင်သားတွေ  ပညာပေး ထိန်းသိမ်းချင်တဲ့ ဆန္ဒနဲ့ ကျွန်တော်တို့က ဒီကျောင်းကြီးကို ပြုပြင်ဖို့ လုပ်တာပါ" ဟု ၎င်းကပြောပြသည်။

 

အဆိုပါ ရှေးဟောင်း ညောင်ဝန်းနန်းရင်း ကျောင်းတော်ကြီး မင်းကြီးမဟာမင်းခေါင်သင်္ခယာ ညောင်ဝန်းဝန်ထောက်မင်း ဦးဖိုးအိုနှင့် ဇနီးဒေါ်မွေးအုံတို့က ၁၂၃၁ ခုနှစ် တပေါင်းလအတွင်းက  လှူဒါန်းထားခဲ့ကြောင်း၊ ရှေးကျောင်းကြီးအတွင်းတွင် ဘုရားခန်း၊ ဆွမ်းစားခန်း၊ နှစ်ဆောင်ပြိုင် ရေတံလျှောက်ကြားခန်း၊ ကျက်သရေခန်း၊ စတိုခန်း၊ စာကြည့်အိပ်ခန်း စုစုပေါင်း ၆ ခန်းရှိသည့် နှစ်ဆောင်ပြိုင် ကျောင်းကြီးတစ်ကျောင်းဖြစ်ကြောင်းနှင့် ကျောင်းကြီးတွင် တိုင်လုံးပေါင်း ၅၆ လုံးရှိပြီး တိုင်တစ်တိုင်နှင့် တစ်တိုင်ကြား အခန်းတစ်ခန်းအကျယ်အဝန်းမှာ ရှေ့နောက်အရှည် (၅၉)ပေ၊ တောင်မြောက်(၅၆)ပေ (၁၁)လက်မ၊ အမြင့်(၁၁)ပေ (၉)လက်မရှိကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

 

''နှစ် ၁၅၀ ပြည့် ပွဲလုပ်တဲ့ အခါမှာ ညောင်ဝန်းဝန်ထောက်မင်း ဦးဖိုးအိုရဲ့ ဆွေစဉ်မျိုးဆက်တွေ၊ ကျောင်းကြီးကို အစဉ်တဆက် စောင့်ရှောက်လာတဲ့ နတ်ကောင်း နတ်မြတ်တွေ၊ အခြားသော ပုဂ္ဂိုလ်တွေကို  အမျှအတန်းပေးဝေပွဲ လုပ်မယ်။ ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ်မယ်၊ ကျောင်းကြီးမှာ ကျန်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ လာလှူထားတဲ့ ရှေးဟောင်ပစ္စည်းတွေကို ကျောင်းကြီးပေါ်မှာ ဒေသန္တရပြတိုက်လို သဘောမျိုး  ခင်းကျင်းပြသထားမယ်။ ပြီးတော့ ကနီမြို့နယ်မှာ ထင်းရှားကျော်ကြားတဲ့ ဆရာတော်ဘုရားတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ ဓါတ်ပုံတွေကို ပြသမယ်၊ ညပိုင်း တရားပွဲတွေ ပြုလုပ်မယ်"ဟု ကိုပြည့်အောင်နိုင်က ပြောပြသည်။

 

ကနီမြို့ရှိ ညောင်ဝန်းနန်းရင်း ရှေးကျောင်းတော်ကြီး နှစ် (၁၅၀) ပြည့်ပွဲ အခမ်းအနားကို ယခုနှစ် တပေါင်းလဆန်း (၃)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် ကျောင်းတော်ကြီး ပြုပြင်ထိန်းသိမ်းမှုရန်အတွက် စေတနာရှင်၊ အလှူရှင်များ အနေဖြင့် ကုသိုလ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

 

ကိုမင်း(အင်းတော်)