ကျွန်တော်နဲ့ စာတတ်သူများ စာဖတ်ရေး

၂၁ ဇန်နဝါရီ

 

တစ်လောက နေပြည်တော် သီရိမင်္ဂလာဟိုတယ်မှာ ဒေါက်တာ သန့်သော်ကောင်းနဲ့ တွေ့ခဲ့တယ်။ ကျွန်တော်က ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့နဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အလှူပွဲကျင်းပတဲ့ ဆွေးနွေးပွဲတက်ဖို့။ အစည်းအဝေးမစမီ အချိန်ရလို့ ဟိုတယ်မှာ နံနက်စာစားတာ။ ဒေါက်တာသန့်သော်ကောင်း က ကျွန်တော်နောက်တစ်နေ့ စာတတ်သူများ စာဖတ်ရေး ဆွေးနွေးပွဲ လာတက်ရောက်တာလို့ ကျွန်တော့်ကို ပြောခဲ့တယ်။ သူပြောတဲ့ ခေါင်းစဉ်က စိတ်ဝင်စားစရာ အလွန်ကောင်း လှတာ။ “စာတတ်သူများ စာဖတ်ရေး”။ ဘာကြောင့် အခုလို စဉ်းစားနေကြသလဲဆိုတာက စာတတ်သူတွေ စာမဖတ်ကြတော့လို့ လှုံ့ဆော်တာဖြစ်တယ်လို့ မြင်မိတယ်။ နောက်နေ့ သတင်းစာတွေထဲမှာ၊ ဂျာနယ်တွေမှာ ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး နိုင်ငံအကြီးအကဲတွေ၊ တာဝန်ရှိသူတွေ ပြောကြ၊ ဆိုကြ၊ ဟောကြတာတွေကို ဝေဝေဆာဆာ ဖတ်ရကြားရတယ်။

 

ပတ်ဝန်းကျင်က ဖန်တီးပေး ကျွန်တော်က စာဖတ်တာကို မြတ်နိုးတယ်။ နှစ်သက်တယ်။ အခုလိုဖြစ်လာအောင် ပတ်ဝန်းကျင်က ဖန်တီးပေးခဲ့တယ်။ အထူးသဖြင့် ဖခင်လုပ်သူ။ သူက စစ်သား။ ဒါပေမယ့် စာကိုချစ်တယ်။ အိမ်မှာ စာအုပ်တွေစုတယ်။ အထူးသဖြင့် စစ်သမိုင်းနဲ့ ပတ်သက်ပြီး စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိတွေ။ ကျွန်တော်က အားလုံးကို နားမလည်ပေမယ့် ဖတ်နိုင်အောင် ကြိုးစားတယ်။ ကျွန်တော့်အမေရဲ့ ဖခင် ကျွန်တော့်အဘိုးဖြစ်သူကလည်း အားပေးတယ်။ ကျွန်တော် မှတ်မိသလောက်ပြောရရင် Reader’s Digest စာအုပ်ကို ဖတ်ဖို့သင်တယ်။ ကျွန်တော်မသိတာ၊ နားမလည်တာကို ရှင်းပြတယ်။ ဒီလိုနဲ့ စာဖတ်တဲ့ ဝါသနာအကျင့်ရလာတယ်။ အခုကျွန်တော့် အသက် ၇၀ ကျော်ပြီ။ ညတိုင်း အိပ်ရာမဝင်ခင် စာဖတ်ပြီးမှ အိပ်တယ်။ စာမဖတ်ဘဲ အိပ်တဲ့ည တစ်ညမှ မရှိဘူး။ သမီးဖြစ်သူကိုလည်း ဒီအကျင့်ရအောင် ငယ်ငယ်ကတည်း က ဆောင်ရွက်ခဲ့တယ်။ အိပ်ရာမဝင်ခင် သူ့ကို ပုံပြင်တွေဖတ်ပြီး သိပ်တယ်။ နှစ်နှစ်အရွယ်ကစပြီး။ ဒါကြောင့် သမီးက ဘယ်သွားသွား စာအုပ်ဝယ်ဖို့သာ စိတ်ဝင်စားတယ်။ သူဝယ်ချင်တဲ့ စာအုပ်တွေအားလုံးကို ဝယ်ခွင့်ပြုတာပဲ။ ဒါမဖတ်နဲ့၊ ဟိုဟာ မဖတ်နဲ့လို့ မဟန့်တားဘဲ သူ့ကို လွတ်လပ်ခွင့်အပြည့်ပေးခဲ့တယ်။ ကျွန်တော့်အိမ်မှာ စာအုပ်စင် ၁၀ လုံးရှိတယ်။ ကျွန်တော်က ရသလောက်စုတယ်။ ဝတ္ထုတွေ၊ ဘာသာရပ်နဲ့ဆိုင်တဲ့ စာအုပ်တွေ၊ အင်္ဂလိပ်စာအုပ်၊ မြန်မာစာအုပ် အစုံစုတာပါပဲ။

 

စာဖတ်စေချင်ရင် စာဖတ်ချင်တဲ့အကျင့်ကို မွေးဖို့လို အပ်မယ်။ အကျင့်တစ်ခု ဘယ်ကလာသလဲ။ အစိတ်အပိုင်း သုံးခု- ပထမက အသိ၊ ဒုတိယက အတတ်နဲ့ တတိယက ဆန္ဒ။ အသိ၊ အတတ်၊ ဆန္ဒပေါင်းစပ်ရင် အကျင့်ဖြစ်လာတယ်။ ဆေးလိပ်သောက်တဲ့အခါ၊ အရက်သောက်တဲ့အခါ၊ လေ့ကျင့် ခန်းလုပ်တဲ့အခါ၊ စာဖတ်တဲ့အခါ ဒီအစိတ်အပိုင်းသုံးရပ် ပေါင်းစပ်ရင် ဖြစ်လာတာပဲ။ ဒါကြောင့် စာဖတ်မှုကို မြှင့်တင်ချင်ရင် စာဖတ်မှုနဲ့ ပတ်သက်တဲ့ အသိနဲ့ အဖတ်ကို မြှင့်တင်ပေးဖို့ လိုအပ်တယ်။ ဆန္ဒကတော့ ကိုယ့်ရင်ထဲက ပေါ်လာတဲ့အရာ အပြင်ကလုပ်လို့မရဘူး။ အသိအတတ်ကိုတော့ ပြင်ပလွှမ်းမိုးမှုနဲ့ ကိုင်တွယ်နိုင်တာ။

 

စာကြည့်တိုက်ဟာ အင်တာနက်မှာရှိ စာဖတ်လို့ပြောရင် ပုံနှိပ်ထားတဲ့ စာအုပ်၊ စာတမ်း၊ သတင်းစာ၊ ဂျာနယ်စတာတို့ ဖတ်ဖို့တိုက်တွန်းရင် ကျွန်တော်မြင်မိတယ်။ အထူးသဖြင့် လူငယ်တွေဟာ မလုံလောက်ဘူးလို့။ ပုံနှိပ်မီဒီယာနဲ့ မနီးစပ်ကြတော့ဘူး။ ဒါဟာ ခေတ်ရဲ့ ပကတိအနေအထားပဲ။ သူတို့ဟာ စာတွေကို လက်ကိုင်ဖုန်းတွေကတစ်ဆင့် ဖတ်နေကြတယ်။ ဒါကို အားပေးရမယ်။ 

 

အရေးကြီးတာက စာဖတ်ဖို့။ ဖတ်တဲ့ မီဒီယာက ပဓာနမဟုတ်ဘူး။ စာကြည့်တိုက်သွား၊ စာအုပ်တွေ ငှား၊ စာတွေဖတ်ဆိုတဲ့ အနေအထားက (၂၁)ရာစုနဲ့ အတော်ဝေးနေပြီ။ ကျွန်တော်တို့လို ပုံနှိပ်မီဒီယာနဲ့ ကြီးပြင်းလာသူတွေက စာအုပ်ကိုချစ်ကြတာ။ စာကြည့်တိုက်ကို တမ်းတနေတာ။ အခု ခေတ်မှာ Virtual Library လို့ခေါ်တဲ့ စာကြည့်တိုက်ဟာ အင်တာနက်ထဲမှာရှိနေပြီ။ လိုချင်တဲ့စာအုပ်ကို ရွေးလို့ရတယ်။ အမှန်တော့ မိမိမှာရှိတဲ့ လက်ကိုင်ဖုန်းဟာ စာကြည့်တိုက်ပဲ။ တက္ကသိုလ်တစ်ခုပဲ။ လူကြီးတွေက ကလေးတွေကို ဝေဖန်ကြတယ်။ အားနေရင် ပွတ်နေတယ်လို့၊ ကလေးတွေအနေနဲ့ အခုလို ပွတ်နေတာကို နှစ်သက်ကြတယ်။ ရင်းနှီးကြတယ်။ အလွယ်တကူ အဆင်ပြေမှု အပြည့်ရှိတယ်။ ဘာမှအခက်အခဲမရှိဘဲနဲ့ ထိတွေ့နိုင်တယ်။ အိုင်ပက်တို့၊ လက်ကိုင်ဖုန်းတို့ရှိရင် စာအုပ်တွေကို အလေးခံပြီး သယ်စရာ မလိုတော့ဘူး။

 

အခုခေတ် ကျောင်းသား ကျောင်းသူတွေ ကျောပိုးအိတ်ကြီးထဲ စာအုပ်တွေထည့်ပြီး နေ့စဉ်သယ်နေရတာ အဆင်မပြေလှဘူး။ အမှန်တော့ အိုင်ပက် ထဲမှာ သူငယ်တန်းက ဆယ်တန်းအထိ လိုအပ်မယ့် စာအုပ်တွေ၊ သင်ခန်းစာတွေ၊ ပုစ္ဆာတွေထည့်ထားလို့ရတယ်။ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ဖတ်လို့ရတယ်။

 

စာဖတ်များရင် အမြင်ကျယ် လူငယ်တွေဟာ အခုလို anytime, anywhere, anyhow ဆိုတဲ့ အချိန်မရွေး၊ နေရာမရွေး၊ ပုံစံမရွေးဘဲနဲ့ ပညာကို ထိတွေ့နိုင်တဲ့ အခြေအနေရှိနေပြီ။ ဒါကြောင့် စာဖတ်စေချင်ရင် စာဖတ်ချင်အောင် ကြိုးစားရမှာ။ ပုံနှိပ်တာတွေကိုပဲ ဖတ်ရမယ် လို့ပြောရင် အချည်းနှီးဖြစ်မှာ သေချာတယ်။ အရေးကြီးတာက စာဖတ်ဖို့။ ဘယ်လိုဖတ်ဖတ် ဖတ်ဖို့သာ လိုအပ်တာ။ တစ်ခုတော့ ရှိတယ်။ စာတတ်ပြီး စာဖတ်ရမယ်။ စာဖတ်ပြီးရင်တော့ စာဖတ်ခြင်းက ရလာတဲ့ ဆင်ခြင်တုံတရား၊ အတွေးအခေါ် အယူအဆ၊ အမြင်တရား ဒါတွေရဖို့ လိုတယ်။ စာများများဖတ်တဲ့သူဟာ အမြင်ကျယ်တယ်။ မတူညီတဲ့ အရာတွေကို လက်ခံနိုင်စွမ်းရှိတယ်။ စိတ်ရဲ့တံခါးကို အမြဲဖွင့်ထားတယ်။ စာများများဖတ်လေ ကိုယ်မသိသေးတာ၊ မတတ်သေးတာတွေကို ပိုသိလေလေပဲ။ စာဖတ်ခြင်းက အဆုံးမဟုတ်ဘူး။ အစသာဖြစ်တယ်။ စာဖတ်ခြင်းကြောင့် ရလာတဲ့ ပညာအသိတရားတွေနဲ့ မိမိပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲအောင် လုပ်ဖို့လိုတယ်။ ရလာတဲ့အသိပညာဟာ ကိုယ့်အတွက်မဟုတ်ဘူး။ အများအတွက်ဖြစ်ရမယ်။ ခရီးသွား ဆောင်းပါးတွေဖတ်ရင် ကိုယ်ကိုယ်တိုင်မသွားဘဲ ရောက်ချင်တဲ့နေရာ၊ ရောက်ချင်တဲ့ပတ်ဝန်းကျင်နဲ့ ထိတွေ့နိုင်မှာ။

 

စာများများဖတ်ရင် အတွေးအခေါ်တွေ တိုးလာမယ်၊ အမြင်တွေကျယ်လာမယ်၊ ဆင်ခြင်တုံတရားတွေ တိုးလာမယ်။ ဒီက တစ်ဆင့် အရာရာကို အရှိအရှိတိုင်း သုံးသပ်နိုင်မှာ။ လူတစ်ယောက် အတွက် အရေးကြီးတဲ့အရာက မှန်ကန်တဲ့ဆုံးဖြတ်မှု ချမှတ်ဖို့ ဖြစ်တယ်။ အဆုံးအဖြတ်ပေးခြင်းဆိုတာဟာလည်း အမှန်တော့ ရွေးချယ်မှုတစ်ရပ်။ ရွေးချယ်မှု မှန်ကန်မှုဟာ အသိတရားက ရနိုင်တာ။

 

ပညာတတ်ဆိုတာက ကိုယ်နဲ့ဆန့်ကျင်ဘက်အယူအဆတွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေကို သိနားလည်သူဖြစ်တယ်။ သဘောတူဖို့မဟုတ်ဘဲ၊ လက်ခံဖို့မဟုတ်ဘဲ နားလည်နိုင်စွမ်းရှိဖို့ဖြစ်တယ်။ စာဖတ်စေချင်ရင် ဘယ်ကစရမလဲ။ ကျွန်တော့် အယူအဆကတော့ မိသားစုက စဖို့လိုအပ်တယ်လို့ မြင်တယ်။ မိဘလုပ်သူတွေမှာ တာဝန်ရှိတယ်။ ဒါပေမယ့် မိသားစုတိုင်း တတ်နိုင်မှာမဟုတ်ဘူး။ စားဝတ်နေရေးနဲ့ လုံးပန်းနေကြရသူ များအတွက် ခက်ခဲမှာ။ ဒါပေမယ့် ဒီကိစ္စဟာလည်း ရွေးချယ်မှုပဲ။ ဆင်းရဲလို့၊ မတတ်နိုင်လို့ စာမဖတ်နိုင်တာလို့ ဆင်ခြေပေးလို့ မရဘူး။ ကျွန်တော့်ဆန္ဒကတော့ အိမ်တိုင်းမှာ စာအုပ်စင်တွေရှိ စေချင်တယ်။ စာအုပ်တွေ စုစည်းစေချင်တယ်။ အခုလို စာအုပ် တွေချစ်တဲ့စိတ်ကတစ်ဆင့် မိမိနှစ်သက်တဲ့ မီဒီယာကိုသုံးပြီး စာဖတ်တဲ့ ဝါသနာတိုးလာမှာဖြစ်တယ်။

 

ဝါသနာကို တားလို့မရ အမှန်တော့ စာဖတ်ခြင်းဟာ ဝါသနာတစ်ရပ်ဖြစ်တယ်။ ဝါသနာဆိုတာပါမှဖြစ်တာ။ ဝါသနာပါရင်လည်း တားဆီးလို့ရမှာ မဟုတ်တော့ဘူး။ မဖတ်ရင် မနေနိုင်တာမျိုးဖြစ်တာ။ ကျွန်တော်ကတော့ စာဖတ်တဲ့နေရာမှာ ဟိုဟာကိုဖတ် ဒီဟာ ကိုမဖတ်နဲ့ ဆိုတာမျိုး မဖြစ်စေချင်ဘူး။ ဘာဖတ်ဖတ် အကျိုးရှိ တာပါပဲ။ တချို့တွေကတော့ ဂန္တဝင်စာအုပ်တွေ၊ စာအုပ်ကြီးကြီးတွေ ဖတ်ဖို့အားပေးတယ်။ ကျွန်တော်က သဘောမတူဘူး။ ကိုယ်ကြိုက်တာ ဖတ်ကြ။ များများဖတ်ဖို့သာ အရေးကြီးတယ်။

 

ကျွန်တော်ပြောမယ့်ကိစ္စကို လူတိုင်းခံစားဖူးလာမှာ။ ကျောင်းကပေးတဲ့ စာအုပ်ဆိုရင် အချိန်တိုတိုအတွင်းမှာ ဆက်မဖတ်ချင်တော့ဘူး။ ဝတ္ထုကျပြန်တော့ လက်ကမချ။ မအိပ်ဘဲ ဖတ်ချင်တယ်။ ဘာကြောင့် ဒီလိုလုပ်ဖြစ်တာလဲဆိုတာကို သုံးသပ်သင့်တယ်။ ဝတ္ထုက ဆွဲဆောင်မှုရှိတယ်။ စာဖတ်တဲ့သူရဲ့အာရုံကို ဖမ်းစားနိုင်တာ။ ကျောင်းကပြဋ္ဌာန်းတဲ့ စာအုပ်တွေကျတော့ လေးတယ်။ မသွက်ဘူး။ ခက်ခက်ခဲခဲ နားမလည်နိုင်အောင် ရေးထားကြတယ်။ ပြဋ္ဌာန်းစာအုပ်တွေကို ဝတ္ထုပုံစံရေးနိုင်ရင် ဘယ်လောက်ကောင်းမလဲ။ 

 

ကျွန်တော်တို့ စီးပွားရေးပညာနဲ့ ပတ်သက်လာရင် အခုလိုဆောင်ရွက်နေတာ တွေ့ရတယ်။ ပါမောက္ခတွေဟာ နားလည်လွယ်အောင် ရေးသားနိုင်တယ်။ ဒါကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေ မှာ သုံးနေတဲ့စာအုပ်တွေကို ပြန်လည်သုံးသပ်သင့်တယ်။ ကျောင်းသားတွေ နားလည်သဘောပေါက်အောင် အရေး အသားတွေ၊ တင်ပြချက်တွေ ပြန်သုံးသပ်သင့်တယ်။

 

အမှန်တော့ စာဖတ်ခြင်းရဲ့ ရလဒ်ဟာ အသိတရားကို အခြေခံတဲ့ပညာကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ထုတ်မှုပဲ ဖြစ်တယ်။ စာဖတ်ခြင်းက အသိတရားတိုးလာပြီး ပြောင်းလဲနိုင်မယ်။ အသိတရားကတစ်ဆင့် အပြောအဆိုတွေလည်း ပြောင်းလဲလာတယ်။ နောက်ဆုံးတော့ အလုပ်တွေလည်း ပြောင်းမှာ။ ဒါကြောင့် စာဖတ်ခြင်းက အသိမှန်၊ အပြောမှန်၊ အလုပ်မှန်တွေဖြစ်လာမှာသာ ဖြစ်ပါတယ်။ ။

 

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်