ကျုံပျော်တွင် လူပေါင်း နှစ်သိန်းလေးသောင်းကျော်ကို ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးသွားမည်  

ကျုံပျော် ၁၁  ဇန်နဝါရီ 

 

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ လူဦးရေ ၂၄၀ဝ၀ဝ ကျော်အား ဆေးတိုက်အဖွဲ့ပေါင်း ၁၀၅၉ ဖွဲ့ဖြင့် ဆင်ခြေထောက်ရောဂါကာကွယ်ဆေး တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ယနေ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ပြုလုပ်သော လူကုန်ဆေးကျွေးလုပ်ငန်း အသိပေးပွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ပြောကြားခဲ့သည်။

 

အဆိုပါအသိပေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ဆင်ခြေထောက်ရောဂါကာကွယ်ဆေး သောက်သုံးရမည့်ပြည်သူများ လစ်ဟာကျန်ခဲ့မှုမရှိစေရန် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးမှတာဝန်ရှိသူများ လက်တွဲညီညီ ဆောင်ရွက်ရန်အထူးအရေးကြီးကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

ထို့နောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက အဆိုပါရောဂါသည် သန်ကောင်လေးများ သွေးထဲတွင်ပျံ့နှံ့၍ သွေးပြန်ကြောများပိတ်ဆို့ကာ ဖြစ်ပွားရသည့်ရောဂါဖြစ်ကြောင်း၊ ရောဂါပိုးရှိသောသူတစ်ဦးမှ အခြားတစ်ဦးသို့ ရေပုပ်ရေသိုးများတွင် ပေါက်ပွားသောခြင်ကိုက်ခြင်းဖြင့် ကူးစက်နိုင်ကြောင်း၊ ကမ္ဘာတွင်ဆင်ခြေထောက်ရောဂါဖြစ်ပွားသော နိုင်ငံပေါင်း ၈၀ ကျော်ရှိခဲ့သောကြောင့် W.H.O အဖွဲ့က ၁၉၉၇ တွင် စီမံချက်ရေးဆွဲကာ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ (၅) နှစ်ဆက်တိုက် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိမြို့နယ်ပေါင်း ၃၃၀ တွင် စမ်းသပ်ရာတွင်လည်း မြို့နယ် ၂၀ဝ ကျော်၌ ရောဂါပိုးတွေ့ရှိရသဖြင့်  ၅ နှစ်ဆက်တိုက် တိုက်ကျွေးခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်နှစ်လယ်ပိုင်းတွင် ကျုံပျော်မြို့နယ်ရှိ လူ ၃၀ဝ ကျော်အား သွေးဖောက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ရောဂါပိုးမတွေ့ရှိရပါကြောင်း၊ ယခု ၂၀၁၉ တွင် စိတ်ချရမှုရှိစေရန် အပိုဆောင်း နောက်ဆုံးအကြိမ် တိုက်ကျွေးသွားမှာဖြစ်ကြောင်း၊ မိမိတို့မြို့တွင် ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ လူဦးရေ ၂၄၇၀ဝ၀ ကို ဆေးတိုက်အဖွဲ့ပေါင်း ၁၀၅၉ ဖွဲ့ဖြင့် တိုက်ကျွေးသွားမှာဖြစ်ကြောင်း၊ ၂ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်နှင့် နာတာရှည်ရောဂါခံစားနေရသူများမှလွဲ၍ ကျန်လူများအားလုံးကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ ညနေပိုင်းအချိန်များတွင် အိမ်တိုင်ရာရောက် လိုက်လံတိုက်ကျွေးသွားမည် ဖြစ်ကြောင်းဖြင့် အသိပေးရှင်းလင်းခဲ့ကြောင်း ကျုံပျော် (ပြန်/ဆက်) သိရသည်။

 

MDN