လားရှိုး၊ မြစ်ကြီးနား၊ မိုးညှင်း၊ လောက်ကိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၂၁  ဇန်နဝါရီ 

 

မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီက လားရှိုးမြို့၊ နားမခေါ်ကားကြီးဝင်းအတွင်း၌ လှိုင်မင်းထွန်းအား ရှာဖွေရာ ကာလတန်ဖိုး ငွေကျပ် သိန်း ၈၆၀ဝ ကျော်ရှိ စိတ်ကြွရူးသွပ်ဆေးပြား ၄၃၀,ဝ၀ဝ၊ ငွေကျပ် ၉ သိန်းနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို လည်းကောင်း၊ 

 

အလားတူ ဇန်နဝါရီ ၂၀ ရက် မွန်းလွဲ ၁၂ နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂)မြစ်ကြီးနားမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ ကော်ဖီဆိုင်ရှေ့တွင် အောင်သန်း မောင်းနှင်လာသော Mark II အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ကာလတန်ဖိုး ငွေကျပ် ၂၆၉၅ ဒသမ ၆၉ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၇၉၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေး ၄၁,၉၆၃ ပြားတို့ကို လည်းကောင်း၊ 

 

ထို့အတူ ယင်းနေ့မွန်းလွဲ ၃ နာရီက မူးယစ်တပ်ဖွဲ့စု(၃)မိုးညှင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာအနီးရှိ တွမ်ရီဆောက်၏ ယာခင်းတဲကိုရှာဖွေရာ ကျော်သိန်း(ခ) အားဖူနှင့် ရဲလင်းအောင်(ခ)စွမ်ဖိတ်ရွှေ တို့ ၂ ဦးအား တွေ့ရှိရပြီး ဘိန်းဖြူ ၁ ဒသမ ၁၁၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅,၁၃၀ တို့ကို လည်းကောင်း၊ 

 

အလားတူ ယင်းနေ့ ညနေ ၆ နာရီက မူးယစ်တပ်ဖွဲ့စု(၂၁)ကွမ်းလုံမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့အဝင်၊ ကြံခင်း ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ခရီးသည်တင်မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ခရီးသည် ဟွယ်ကျင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၈၅၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(သတင်းစဉ်)