လီဗာပူးတိုက်စစ်မှူး အိုရီဂီအား ခေါ်ယူရန် ဖူလ်ဟမ်အသင်းက ပေါင် ၁၅ သန်းပေးမည်

၇  ဇန်နဝါရီ

 

ဖူလ်ဟမ်အသင်းဟာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့အတွက် လီဗာပူးတိုက်စစ်မှူး အိုရီဂီကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းပေးပြီး ခေါ်ယူဖို့စီစဉ်နေတယ်လို့ သိရပါတယ်။

 

တိုက်စစ်မှူး အိုရီဂီအနေနဲ့ လီဗာပူးအသင်းနဲ့အတူ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရတာဖြစ်တာမို့ ဖူလ်ဟမ်အသင်း အနေနဲ့ အိုရီဂီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

 

အသက် ၂၃ နှစ်အရွယ်ရှိ တိုက်စစ်မှူး အိုရီဂီဟာ အဲဗာတန်အသင်းနဲ့ လီဗာပူး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ မာဆေးလ် ဆိုက်ဒ်ဒါဘီပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အဲဒီနောက်ပိုင်းပွဲစဉ်တွေမှာ ပုံမှန်ပွဲထွက် ကစားခွင့်ပျောက်ခဲ့ရတာဖြစ်ပါတယ်။

 

ဖူလ်ဟမ်အသင်းအနေနဲ့ လီဗာပူးညာ နောက်ခံကစားသမား နက်သန်နီယယ်ကလိုင်းကို ခေါ်ယူဖို့ပြင်ဆင်ခဲ့ပေမယ့် နက်သန်နီယယ် ကလိုင်းဟာ ဘုန်းမောက်အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။

 

လက်ရှိမှာ လီဗာပူးအသင်းနည်းပြ ကလော့အနေနဲ့ နည်းပြစတီဗင်ဂျာရတ် ကိုင်တွယ်လျက်ရှိတဲ့ ရိန်းဂျားအသင်းကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ အသက် ၂၁ နှစ် အရွယ် တိုက်စစ်နဲ့ ကွင်းလယ်ကစားသမား အီဂျာရီယာကို အငှားစာချုပ်နဲ့ ပြန်လည်ချထားဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

 

ငွေကြယ်