လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၂၁ ဇန်နဝါရီ 

 

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှု များမှ ကာကွယ်တားဆီးရေးကော်မတီ ပထမအကြိမ်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပသည်။

 

အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်နက်ကိုင်ပဋိပက္ခအတွင်းကလေး သူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီဖွဲ့စည်းရခြင်း အဓိကအကြောင်းအရင်းမှာ မြန်မာနိုင်ငံသည် လက်နက်ကိုင်ပဋိက္ခများဖြစ်ပွားဆဲနိုင်ငံဖြစ်ပြီး ကလေးသူငယ်များကို ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရန် လိုအပ်သောကြောင့် ဖြစ်ကြောင်း၊ 

 

မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံအစည်းအဝေးများကျင်းပခြင်းဖြင့် အကောင်ထည်ဖေါ်လျက်ရှိပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)တွင် လူမှုရေးကဏ္ဍအခြေခံမူ သဘောတူညီ ချက် (၇)ချက်ရရှိရာ ကလေးသူငယ်အခွင့်အရေးရရှိရန်နှင့် ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးရေး အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို  လေးစား လိုက်နာရေးနှင့် ကလေးသူငယ်များအတွက် ကြီးလေးသောချိုးဖောက်မှု(၆)ချက် ပပျောက် ရေးကိုဦးတည်၍ စီမံချက်ချမှတ်ဆောင်ရွက်ရန်ဟူသော အချက်ပါဝင်ကြောင်း၊ 

 

၁၉၉၃ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ကလေးသူငယ်ဥပဒေကို ကလေး သူငယ်အခွင့်အရေး များဆိုင်ရာ ဥပဒေအဖြစ်အသစ် ပြန်လည်ပြင်ဆင်ရေးသားခဲ့ပြီး အတည်ပြုရန်အတွက် လွှတ်တော်တွင် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်လျက် မကြာမီအတည်ပြုနိုင်မည်ဖြစ် ကြောင်း၊ ဥပဒေအသစ် အခန်း(၁၇)တွင် ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု (၆)ရပ်အား ကျူးလွန်ပါက အရေးယူ ဆောင်ရွက်ရမည့်ပြစ်မှု၊ ပြစ်ဒဏ်များနှင့်ပတ်သက်၍ ထည့်သွင်းဖေါ်ပြထားရှိကြောင်း၊ ယခုဖွဲ့စည်းသော ကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၁၀)ရပ်အား အကောင်ထည်ဖေါ်ရမည်ဖြစ်ရာ အဆိုပါသဘောတူညီချက်များ၊ ဥပဒေပါပြဌာန်းချက်များအပြင် နိုင်ငံတော်၏ မူဝါဒ၊ နိုင်ငံတကာ ပြဌာန်းချက်များ၊ စံညွှန်းများနှင့် ကိုက်ညီသော လုပ်ငန်းအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖေါ်မည်ဖြစ်ပြီး ကော်မတီ၏ ဆောင်ရွက်ချက်များကို မီဒီယာတွင် အများပြည်သူနှင့် နိုင်ငံတကာက ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊  လုပ်ငန်းအစီအစဉ်များရေးဆွဲရန် ကော်မတီဝင်များ၊ အစည်းအဝေး တက်ရောက်လာသူများက အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကော်မတီအတွင်းရေးမှူး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှု (၆)ရပ်အား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်နှင့် ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနအသီးသီးမှ အမြဲတန်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ တာဝန်ရှိကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြ သည်။

 

ဆွေးနွေးချက်များအရ ကော်မတီ၏ လုပ်ငန်းတာဝန်များကို လက်တွေ့အကောင် အထည် ဖေါ်ဆောင်ရွက်ရန် လုပ်ငန်းစီမံချက်များရေးဆွဲရေးအတွက် လုပ်ငန်းကော်မတီကို ဖွဲ့စည်းရန်နှင့် ညှိနှိုင်းအစည်းအဝေးများကို (၂)လတစ်ကြိမ် ပုံမှန်ကျင်းပရန်၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ ဖြစ်သော UNICEF ၊ UNDP အဖွဲ့အစည်းများအပါအဝင် Country Task Force for Monitoring and Reporting – CTFMR နှင့် ထိရောက်စွာ ဆွေးနွေးပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)