လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၁  ဇန်နဝါရီ 

 

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ဗိုလ်ချုပ်အောင်ဆန်း၏မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများတွင် ဗိုလ်ချုပ်၏ အစောပိုင်းကာလ ဖြတ်သန်းမှုများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများ၊ ဗိုလ်ချုပ်နှင့် ဆက်စပ်ဖြစ်ပေါ်သည့် နောက်ခံနိုင်ငံရေးဖြစ်စဉ်များ၊ ဗိုလ်ချုပ်၏မိန့်ခွန်းများ၊ ဗိုလ်ချုပ်နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ၊ မှတ်တမ်းရုပ်သံများ၊ ဗိုလ်ချုပ်၏အတ္ထုပ္ပတ္တိ ရက်စဉ်မှတ်တမ်းနှင့် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသနိုင်ပါကြောင်း။

 

စာသင်ကျောင်းများတွင် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်း စကားပြောပြိုင်ပွဲ၊ ဗိုလ်ချုပ်မိန့်ခွန်း ကောက်နုတ်ချက်များကို ဗိုလ်ချုပ်၏ဟန်ဖြင့် ကလေး များက မိန့်ခွန်းပြောသည့် ပြိုင်ပွဲ၊ ပြင်ပက ပုဂ္ဂိုလ်များကို ဖိတ်ကြားပြီး ဗိုလ်ချုပ် အောင်ဆန်း၏ ထူးခြားသည့်အရည်အချင်းများ၊ အတုယူမှတ်သားဖွယ်ရာများကို ဟောပြောသည့် ဟောပြောပွဲများနှင့် ဗိုလ်ချုပ်၏စိတ်ဓာတ်၊ ဗိုလ်ချုပ်၏စွမ်းဆောင်ချက်များနှင့် ပတ်သက်သည့် စကားဝိုင်းများ ကျင်းပပြုလုပ်နိုင်ပါကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့များတွင် မည်သို့ကျင်းပမည်ကို ဝိုင်းဝန်းအကြုံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အထိမ်းအမှတ်အခမ်းအနား ကျင်းပခြင်း၏ ဦးတည်ချက်၊ ရည်ရွယ်ချက်များကို တိကျစွာချမှတ်ပြီး ၎င်းဦးတည်ချက်၊ ရည်ရွယ်ချက်နှင့်ကိုက်ညီအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ အမျိုးသားအဆင့်နှင့် ဒေသအဆင့် အခမ်းအနားများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ဆောင်ရွက်သွားမည့် အစီအစဉ်ကို ရှင်းလင်းတင်ပြသည်။

 

mdn

 

ဆက်လက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသူများက ဗိုလ်ချုပ် အောင်ဆန်း၏မွေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပသွားမည့် အစီအမံများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်ပတ်သက်သည့် စာအုပ်၊ စာတမ်းများ ပြသမည့် အစီအစဉ်များ၊ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေမည့် အစီအစဉ်များ၊ စာသင်ကျောင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားများနှင့် ပြိုင်ပွဲများ ကျင်းပသွားမည့် အစီအစဉ်များနှင့် ဗိုလ်ချုပ်နှင့်ပတ်သက်သည့် မှတ်တမ်းဗွီဒီယို မိန့်ခွန်း၊ ရုပ်သံ၊ သီချင်းပြသသွားမည့် အစီအမံများကို ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် ဦးဝင်းမော်ထွန်း တို့က လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်တင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာတွင် ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံအတွက် ဆောင်ရွက်ခဲ့သည့် လွတ်လပ်ရေးကြိုးပမ်း ဆောင်ရွက် ချက်များ ပေါ်လွင်စေရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ဗိုလ်ချုပ်၏ ဖြောင့်မတ်တည်ကြည် သည့်စိတ်၊ အမှန်တရားကို မြတ်နိုးသည့်စိတ်၊ ရဲစွမ်းသတ္တိရှိမှု၊ အများအတွက်သက်စွန့် ကြိုးပမ်းဆောင်ရွက်တတ်မှု စသည့် အကြောင်းအရာများပေါ်လွင်စေရန်နှင့် နိုင်ငံသူ နိုင်ငံသားများနှင့် အထူးသဖြင့် ကလေးငယ်များ၏ စိတ်ထဲတွင် စွဲမြဲသွားပြီး အတုယူ တတ်စေရန်ရည်ရွယ်၍ ကျင်းပသွားရန်လိုအပ်ပါကြောင်း  ပြောကြားခဲ့သည်။ 

 

(သတင်းစဉ်)