လူမှုဖူလုံရေးအကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များဆိုင်ရာ စကားဝိုင်း

နေပြည်တော် ၁၆ ဇန်နဝါရီ

 

လူမှုဖူလုံရေး အကျိုးခံစားခွင့်များနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအတွက် စကားဝိုင်းဆွေးနွေးပွဲ တတိယပိုင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ စကားဝိုင်းဆွေးနွေးပွဲတွင် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေး၊ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနု၊ အလုပ်ရှင်ကိုယ်စားလှယ် ဦးဝင်းနိုင်၊ အလုပ်သမားကိုယ်စားလှယ် ဒေါ်ဖြိုးစန္ဒာစိုးနှင့်  ILO မှ အရာရှိ ဒေါက်တာ သိန်းသန်းဌေးတို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

အစီအစဉ်မှူး။ ။ လူမှုဖူလုံရေးအဖွဲ့မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ် လို့ သိရပါတယ်။ ပြုပြင်ပြောင်းလဲမှုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ အနေအထားကို ပြောကြားပေးစေလိုပါတယ်။

 

ညွှန်ကြားရေးမှူးချုပ်။ ။ကျွန်တော်တို့ လူမှုဖူလုံရေးအဖွဲ့က စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် အစောပိုင်း ဆွေးနွေးခဲ့သလိုပဲ စိန်ခေါ်မှုတွေ ရှိပါတယ်။ စိန်ခေါ်မှုတွေကို ဆောင်ရွက်ဖို့ ကျွန်တော်တို့ သွားချင်တဲ့ မျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို လုပ်မှရမယ်ဆိုပြီး ပြုပြင်ပြောင်းလဲခြင်း လေးမျိုးကို ဆောင်ရွက်ပါတယ်။

 

လုပ်ငန်းစဉ် ငါးရပ်ရှိ

 

ပထမဆုံးကတော့ IT Reform ဖြစ်ပါ တယ်။ လူမှုဖူလုံရေးစနစ်ကြီးကို ရေးဆွဲပြီးတော့ သတင်းအချက်အလက်စနစ်နဲ့ သွားမှာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှု လေးမျိုးစလုံးကို အိုင်အယ်လ်အိုက Technical Support လုပ်ပေးထားပါတယ်။ IT Reform ကို  ILO ကိုရီးယားရဲ့ စီမံကိန်းနဲ့သွားတာ ဖြစ်ပါတယ်။ နောက်တစ်ခုက Medical Reform ဖြစ်ပါတယ်။ လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်ရှင်တွေ၊ အလုပ်သမားတ ွေပြောသလို အခုထက် ပိုမိုမြင့်မားတဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေရအောင် Medical Reform ကို ကျွန်တော်တို့ လုပ်နေတယ်။  ILO လူဇင်ဘတ်ရဲ့ စီမံကိန်းနဲ့ သွားနေတယ်။ နောက်တစ်ခုကတော့ Administrative Reform  ဖြစ်ပါတယ်။ လူမှုဖူလုံရေးက ပင်မလုပ်ငန်းစဉ် ငါးရပ်ရှိတယ်။ အဲဒီမှာ ထည့်ဝင်ကြေး ပေးတာတွေ၊ အကျိုးခံစားခွင့် တောင်းတာတွေ၊ ဆေးဖိုးတွေ ပြန်တောင်းတာတွေရှိတယ်။ အဲဒီမှာ လုပ်ငန်းစဉ်တွေများတယ်။ ပုံစံတွေများတယ်။ ဒါကို လျှော့ဖို့လိုအပ်တယ်။ လျှော့ချမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

 

ကျွန်တော်တို့ ဆွေးနွေးတဲ့အခါ အိုင်အယ်လ်အို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးမှုပေါင်း များစွာလုပ်ရတယ်။ ဒေသမှာ အသုံးပြုနေတဲ့ အလုပ်ရှင် အဖွဲ့အစည်းရော၊ အလုပ်သမားအဖွဲ့ အစည်းရော ဘာတွေ ကြန့်ကြာနေသလဲဆိုတာ အကောင်းဆုံး သုတေသနတွေလုပ်ပြီးမှ အစီရင် ခံစာတစ်စောင် ထုတ်ချင်တယ်။ ထုတ်ပြီးတော့မှ မြို့နယ်မှာရှိတဲ့ ရုံးခွဲတွေမှာ Pilot  လုပ်ချင်တယ်။ ဒါကိုလည်း ပြုပြင်ပြောင်းလဲရေးတစ်ခုအနေနဲ့ သွားနေတယ်။ နောက်ဆုံး ပြုပြင်ပြောင်းလဲတဲ့ Reform ကတော့ Legal Reform ဖြစ်ပါတယ်။ အာမခံစနစ် ခြောက်မျိုးမှာ သုံးမျိုးပဲ အကောင်အထည် ဖော်နိုင်သေးတယ်။ ကျန်သုံးမျိုးကို ဘယ်လို အကောင်အထည် ဖော်မလဲ၊ မိသားစု ထောက်ပံ့မှု အာမခံစနစ်က ရွှေ့ဆိုင်းထားတာ ရှိတယ်။ အဲဒါကို ဘယ်လိုသွားမလဲ။ အဲဒီ့အစား ဘာတွေ ပြန်လုပ်ပေးမလဲ။ ထပ်နေတာတွေ၊ တကယ် ပြင်သင့်တာတွေ ပြင်ဖို့ရှိတယ်။ သေသေ ချာချာလည်း လေ့လာနေပါတယ်။ ဒါက Legal Reform ထဲမှာ အကျုံးဝင်ပါတယ်။

 

ဥပဒေနှင့်အညီ ပြောင်းလဲရမည်

 

အခုလို ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင် ရတာကတော့ နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူးအစ အမှာစကားမှာလည်း ပါဝင်ပါတယ်။ လူမှုဖူလုံရေး ရန်ပုံငွေတွေကို အလုပ်သမားတွေ ထိထိရောက်ရောက် အသုံးပြုဖို့ စီစဉ်ဆောင်ရွက်ပေးရမယ် ဆိုပြီး မှာကြားထားတာ ရှိပါတယ်။ ဒါကို လမ်းညွှန်ချက်အဖြစ် ခံယူပြီးတော့ ဒီပြုပြင် ပြောင်းလဲရေးတွေကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ လူမှုဖူလုံရေးဟာ ဒီအတိုင်းသွားနေလို့ မရပါဘူး။ အဲဒါကြောင့် စနစ်ခိုင်မာမှသာ အဆင်ပြေမှာပါ။ စနစ်ကို တည်ဆောက်ပြီး လက်ရှိကျင့်သုံးနေတဲ့ အာမခံအလုပ်ဌာနတွေ အလုပ်သမားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိုလုပ်တာ။ အခု တောင်မှ ခက်ခဲနေပါသေးတယ်။ အဲဒါတွေကို ဖြေရှင်းနိုင်ဖို့က Reform လို့ခေါ်တဲ့ ပြုပြင် ပြောင်းလဲရေးကို မလုပ်ရင် မရပါဘူး။

 

အဲဒီတော့ Coverage Extension လုပ်ဖို့ အများဆွေးနွေးထားတာ ရှိပါတယ်။ လူမှုဖူလုံရေး ဥပဒေအရ လုပ်ငန်းဌာနတွေ သတ်မှတ်ထားတာ ရှိပါတယ်။ လုပ်ငန်းဌာန ၁၅ မျိုး သတ်မှတ်ထားတယ်။ ငါးဦးနှင့်အထက် သတ်မှတ်ထားတာရှိတယ်။ အဲဒီအချက်တွေက ဥပဒေနဲ့အညီ ပြောင်းလဲရမှာ ဖြစ်ပါတယ်။ အကျိုးခံစားခွင့် တောင်းတာတွေ ကြာတယ်။ ဘယ်အဆင့်တွေမှာ များနေသလဲ။ ဘာကြောင့် ကြန့်ကြာရသလဲ။ ရှုပ်ထွေးမှုကဘာလဲ ဆိုတာတွေကို လေ့လာမယ်။ ထိုက်သင့်တဲ့ ပြောင်းလဲမှုအတွက် ဆွေးနွေးကြမယ်။ နိုင်ငံတကာ ကျင့်သုံးမှုနဲ့လည်းညီအောင် လူမှုဖူလုံရေးကိုလည်း တကယ်ကို ယုံကြည်အားကိုးလာအောင် လုပ်နေပါတယ်။

 

ပြင်ဆင်ဖြည့်စွက်

 

အဓိကအရာတွေမှာ သတင်းအချက်အလက်နဲ့ နည်းပညာကဏ္ဍလည်း ပါဝင်ပါတယ်။ သတင်းအချက်အလက်ကို သတိမထားရင် Extension လည်း လုပ်လို့ မရပါဘူး။ အကျိုးခံစားခွင့်တွေကလည်း နှေးနေမှာပဲ။ အလုပ်သမားတွေကလည်း ကျွန်တော်တို့ အပေါ်မှာ ယုံကြည်မှု နည်းနေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရည်ရွယ်ချက်လေးတွေကို ဦးတည်ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေပါတယ်။

 

အသေးစိတ်ပြောရရင်တော့ IT Reform ကို သုံးနှစ်စီမံကိန်း ဆောင်ရွက်နေပါတယ်။ ဒီလို လုပ်နိုင်ဖို့ ၂၀၁၆ ဒီဇင်ဘာကနေစပြီး  ILO ကျွမ်းကျင်ပညာရှင်တွေနဲ့ လူမှုဖူလုံရေး လုပ်ငန်းစဉ်တွေကို လေ့လာပါတယ်။ ရုံးချုပ်၊ ရုံးခွဲ၊ ဆေးရုံ၊ ဆေးခန်းတွေ အားလုံးလေ့လာပြီးမှ သူတို့ရဲ့ ဖြစ်စဉ်တွေအများစု လုပ်ဆောင်နေတာတွေ၊ အကျိုးခံစားခွင့်ပေးအပ်တာတွေကို အလုပ်ရှင်၊ အလုပ်သမားကအစ လေ့လာပြီးတော့မှ TORs ကို ရေးရပါတယ်။ တစ်နှစ်လောက်ပြီးမှ TORs  ထွက်လာတယ်။ တစ်နှစ်လောက် အချိန်ပေးရပါတယ်။ အခုမှ ထွက်လာတာကို ဌာနတွင်းမှာ ဆွေးနွေးတယ်။ ပြည်တွင်းမှာရှိတဲ့ ကျွမ်းကျင် ပညာရှင်တွေကို ပြသတယ်။ ဆွေးနွေးတယ်။ လိုအပ်တာတွေ ပြင်ဆင်တယ်။ ဖြည့်စွက်တယ်။ ပြီးတဲ့အခါ ပြည်ထောင်စုဝန်ကြီးကို တင်ပြတယ်။ အဲဒီကနေ အစိုးရအဖွဲ့ စီးပွားရေးရာ ကော်မတီကို တင်ပြတယ်။ စီးပွားရေးရာ ကော်မတီရဲ့ ခွင့်ပြုချက် ကို ရယူပြီးမှ IT Rrform အတွက် တင်ဒါခေါ်ဖို့ဖြစ် လာတယ်။

 

ပြောင်းလဲရေးဖြစ်

 

တင်ဒါခေါ်ယူတဲ့အခါမှာလည်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားတာနဲ့အညီ တင်ဒါရဲ့ ဖြစ်စဉ်ကို မှန်အောင်လုပ်တယ်။ ပွင့်လင်းမြင်သာ အောင်လုပ်ခဲ့တယ်။ ဘာမှအနှောင့်အယှက် အခက်အခဲမရှိအောင် စီစဉ်ထားတယ်။ နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုကို ခွဲခြားပြောရရင် ပထမနှစ်မှာ Data Center တွေ တည်ဆောက်မယ်။ Cabling သွယ်တန်းချိတ်ဆက်တာနဲ့ အခြေခံ လိုအပ်တဲ့အဆောက်အအုံတွေ တည်ဆောက်ပါမယ်။ Process တွေလည်း ဆက်သွားမယ်။ ဒုတိယနှစ်မှာ ထည့်ဝင်ကြေး ကိစ္စတွေနဲ့ အကျိုးခံစားခွင့်တွေ ပိုမြန်အောင် E Banking တို့၊ E Money တို့လုပ်သွားဖို့ ရှိတယ်။ တတိယနှစ်မှာ Hospital Management နဲ့ ပတ်သက်တဲ့ ဆောဖ်ဝဲလ်တွေ ရေးသားမယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆေးရုံတွေနဲ့ ချိတ်ဆက်သွားဖို့ အစီအစဉ်ရှိတယ်။ လက်ရှိမှာတော့ တင်ဒါက သွားနေတယ်။ ဘယ်လောက် ပြီးသလဲဆိုရင် တင်ဒါက Short List မူရင်း လျှောက်လွှာတင်ဒါဝယ်တာက ၈၅ ကုမ္ပဏီ ရှိတယ်။ Proposal ပြန်တင်တာ ၁၄ ခုရှိတယ်။ စိစစ်လိုက်တဲ့အခါ လေးခုကျန်တယ်။ ထုတ်ပြီးတော့ Presentation  လုပ်ပြီးပြီ။ နောက်ပိုင်းမှာ ကော်မာရှယ်တင်ဒါကို အနိုင်ရတဲ့ ကုမ္ပဏီနဲ့ စာချုပ် ချုပ်ပြီး ၂၀၁၉ ခုနှစ် လောက်မှာ စတင်နိုင်ပါလိမ့်မယ်။ ဒီပြုပြင်ပြောင်းလဲရေးက ကျွန်တော်တို့အတွက် အရေးပါတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ပါတယ်။

 

နောက်တစ်ခုဖြစ်တဲ့ Medical Reform ကတော့ ဦးစားပေးသုံးဆင့်နဲ့ လုပ်ဆောင်တယ်။ ပြင်ပလူနာ ဝန်ဆောင်မှုဆိုရင် ကျွန်တော်တို့ရဲ့ ဆေးရုံ၊ ဆေးခန်းတွေအပြင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေနဲ့ စာချုပ်ချုပ်ပြီးတော့ ဝယ်မယ့် စနစ်ကို သွားနေတယ်။ ဒါက နိုင်ငံတကာကျင့်သုံးမှုနဲ့ လည်း ကိုက်ညီအောင်  ILO ကနေ အကြံပြုထားတာရှိတယ်။ PPS နဲ့သွားမှ အဆင်ပြေမှာဖြစ်တဲ့ အတွက် ဝန်ဆောင်မှုအသုံးပြုသူနဲ့ ဝန်ဆောင်မှု ဝယ်တဲ့သူ ခွဲခြားတဲ့စနစ်ကို သွားတယ်။ Payment က Capitation Payment ဖြစ်ပါတယ်။ Pilot  ဆေးခန်းတွေကို မြိတ်၊ မြစ်ကြီးနားနဲ့ တောင်ကြီးမှာ ဖွင့်ထားပါတယ်။ အဲဒီ့ဆေးခန်းတွေအပြင် လှိုင်သာယာတို့၊ ရွှေပြည်သာတို့၊ မင်္ဂလာဒုံတို့မှာ Care Well Medical Product နဲ့ စမ်းသပ်နေတယ်။ ဥပမာ ပြောရရင် စမ်းသပ်ဖို့အတွက် အလုပ်သမား တစ်ယောက်လာခဲ့ရင် ဘယ်လောက်ပေးမလဲ ဆိုတာပါ။ ဒီနည်းလမ်းနဲ့ ငွေပေးချေတဲ့စနစ် စမ်းသပ်ထားတဲ့ ဆေးခန်းလေးခုရှိတယ်။ စမ်းသပ်ပြီးတဲ့အခါ လူမှုဖူလုံရေးနဲ့ ဘယ်ဟာက ပိုပြီး သင့်တော်မလဲဆိုတာ အိုင်အယ်လ်အိုက အဖြေ ထုတ်ပါလိမ့်မယ်။ ဒါကိုကြည့်ပြီး ရှေ့ဆက်သွား ရမှာပါ။

 

ဒုတိယဦးစားပေး

 

ဒုတိယ ဦးစားပေးက အတွင်းလူနာကို ဘယ်လိုဝန်ဆောင်မှု ပေးမလဲဆိုတာ ဖြစ်ပါတယ်။ လက်ရှိတော့ လူမှုဖူလုံရေးဆေးရုံမှာ မနိုင်ရင် ပြည်သူ့ဆေးရုံကို ပို့ပါတယ်။ အဲဒီအတွက် လူနာက မကျေနပ်တာလည်း ရှိတယ်။ ကျေနပ်တာလည်း ရှိတယ်။ ဒါကို ပိုကောင်းဖို့ အတွက် ပြင်ပ ပုဂ္ဂလိက ဆေးခန်းတွေနဲ့ စာချုပ်ချုပ်ပြီး ဒီဝန်ဆောင်မှုကို ဝယ်ယူမယ်။ ဒါမှ အလုပ်သမားတွေက စောင့်ရတဲ့ အချိန်တွေအတွက် ကျေနပ်မှုတွေ ရလာမှာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက လူမှုဖူလုံရေးမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို အရည်အသွေး မြှင့်တင်မယ်။ PPB ဒီဇိုင်းနဲ့လုပ်မယ်။ ကျန်တဲ့ ဆေးရုံ၊ ဆေးခန်းတွေဆိုရင် Internal Market Model  နဲ့ လူမှုဖူလုံရေး အစီအစဉ်ဆက်သွားမှာ ဖြစ်ပါတယ်။

 

နောက်တစ်ခုက Administrative Reform  ဖြစ်ပါတယ်။ ပင်မလုပ်ငန်းစဉ်မှာ ပြုပြင် ရမယ့်ဟာတွေ၊ ဖြေလျှော့ရမယ့်ဟာတွေကို လေ့လာပြီး ကျွမ်းကျင်ပညာရှင်တွေနဲ့ တွေ့ ပြီး လျှော့ချပေးမယ်။ ညှိနှိုင်းဆောင်ရွက်မယ်။ ဥပမာ ပြောရရင် ဆေးဖိုးတင်ပြတဲ့အခါ မိတ္တူကူးရတာတွေ များနေတယ်။ ဒါကို ဘယ်လို ဖြေလျှော့ပေးမလဲ ဆိုတာသိဖို့ Pilot Project အဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်တွေမှာ ၂၀၁၉ လောက်မှာ စပြီး First Quarter လောက်မှာ လုပ်နိုင်မယ် ထင်ပါတယ်။

 

ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်မှာတော့ ပြင်ရမယ့် ဖြည့်ရမယ့်အရာတွေကို လုပ်ဆောင်ပါတယ်။ အလုပ်သမားတွေက တောင်းဆို တိုက်တွန်းတာလည်းရှိတော့ ဒါတွေကို အလုပ်သမားတွေအားလုံးအတွက် ရပိုင်ခွင့်တွေ ပိုရလာအောင် ဘယ်လိုပြင်ပေးရမလဲဆိုတာကို ဥပဒေပြင်ဆင်ရေးနှင့် လေ့လာရေးအဖွဲ့၊ ဝန်ကြီး ဌာနက ဥပဒေကျွမ်းကျင်သူပညာရှင်အဖွဲ့ စတာ တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီး ဘာတွေ ပြင်ဆင်မလဲ၊ ဖြည့်စွက်မလဲဆိုတာ လုပ်ထားတယ်။ ဒါနဲ့ချိတ်ဆက် ပြီးတော့ Awareness နဲ့ ပတ်သက်ပြီး Communication Strategy ကို  ILO ကနေ အကူအညီတောင်းထားတာလည် းရှိတယ်။ ပညာ ပေးတဲ့အပိုင်းမှာ ရုပ်သံမှာလွှင့်သလို နည်းလမ်း ပေါင်းစုံကနေ အလုပ်သမားတွေ သိရှိအောင် ပညာပေးနေတာလည်းရှိတယ်။ ဘယ်နည်းလမ်းကနေ ပိုထိရောက်သလဲဆိုတာ သိအောင် လေ့လာမှုတွေလည်း လုပ်နေတယ်။ ဒါတွေကို ပေါင်းစပ်ပြီး အကျိုးခံစားခွင့်တွေအကြောင်း သိလာကြမှ ငွေတောင်းခံတာနဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသတာတွေနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်လာမှာဖြစ်ပါတယ်။

 

ခင်ရတနာ၊ ဓာတ်ပုံ-မေဦးမိုး (ဆက်လက်ဖော်ပြပါမည်)