မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် ပြည်တွင်း/ ပြည်ပ ပညာရှင်များ ညှိနှိုင်း 

ရန်ကုန် ၂၁  ဇန်နဝါရီ 

 

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်းဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၉ ရက်တွင် လှိုင်မြို့နယ်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ယနေ့ကျင်းပသည့် အစည်းအဝေးသည် "မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသ" အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရန် Management Plan ရေးဆွဲရေး၊ Nomination Dossier ရေးဆွဲရေး၊  Disaster Risk Management Plan ရေးဆွဲရေး၊ ဇုန်နယ်နိမိတ်သတ်မှတ်ခြင်း လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းပညာရှင်များ ညှိနှိုင်း ဆွေးနွေးမည့် အစည်းအဝေးဖြစ်ကြောင်း။

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကမ္ဘာ့အမွေအနှစ်တင်သွင်းခြင်း လုပ်ငန်းကို လုပ်ငန်းတာဝန် တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် ပျူမြို့ ဟောင်း(၃)မြို့ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သတ်မှတ်ခံခဲ့ရပြီးဖြစ်ကြောင်း၊ 
၂၀၁၇ ခုနှစ်တွင် ပုဂံဒေသအတွက် ကမ္ဘာ့ အမွေအနှစ်စာရင်းအောင်မြင်စွာ တင်သွင်း နိုင်ခဲ့ပြီးဖြစ်သည်ကို သိရှိကြမည်ဖြစ်ကြောင်း၊ ယခုမြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်ဒေသကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှ စတင်ကာအဖွဲ့များ ဖွဲ့စည်းပြီး ၂၀၁၉ ခုနှစ်အမီ ကမ္ဘာ့ အမွေအနှစ်စာရင်းအောင်မြင်စွာ တင်သွင်းနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်တွင်း ပြည်ပ ပညာရှင်များ၊ ပြည်နယ်အစိုးရအဖွဲ့၊ ဒေသတွင်းရှိ အဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ 
မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသသည် ကမ္ဘာအဆင့်တစ်နေရာရှိသည့် အမွေအနှစ်များ ဖြစ်ကြောင်း သက်သေပြ လိုခြင်း၊ မိမိတို့အမွေအနှစ်များကို ကမ္ဘာအဆင့်ထိန်းသိမ်းမှုများ ဆောင်ရွက် လိုခြင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးက ပိုမိုစိတ်ဝင်စားကာ တန်ဖိုးထားလေ့လာမှု ပိုမိုများပြားလာနိုင်ခြင်း စသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သလို အဓိကကျသော ပင်မအချက်တစ်ခုမှာ မိမိတို့၏ အမွေအနှစ်တို့သည် စစ်မှန်သောထိန်းသိမ်း စောင့်ရှောက်နိုင်မှုဖြင့် ရေရှည်တည်တံ့စေလိုခြင်းအတွက် နိုင်ငံတကာပညာရှင်များ၊ မိမိတို့နိုင်ငံက ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်းဆွေးနွေးမှုဖြင့် ရလဒ်ကောင်းများ ရယူလိုသည့် ရည်ရွယ်ချက် ဖြစ်ပါကြောင်း၊ မြောက်ဦးဒေသတွင်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရေး၊ ကမ္ဘာ့အမွေအနှစ် အဆင့်အတန်းမီဖြစ်ကြောင်း၊ ပိုမိုထင်ရှားပေါ်လွင်စေမည့် ရလဒ်အဖြေများကို ပူးပေါင်းညှိနှိုင်းဆုံးဖြတ်ကာ မြောက်ဦးဒေသအတွက် ကောင်းမွန်သော ရလဒ်များရယူနိုင်ရန် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မိကြောင်း ကမ္ဘာ့အမွေအနှစ် စာရင်း အချိန်မီတင်သွင်းနိုင်ရေးနှင့် ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

 

ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တက်ရောက်လာကြသည့် ပြည်တွင်း/ပြည်ပပညာရှင်များ၊ ကော်မတီ၊ ဆပ်ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ လုပ်ငန်းလိုအပ်ချက်များ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးကို ဇန်နဝါရီ (၂၂)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)