မွေးမေမေ၏ မေတ္တာစွမ်းအားများ

၂၁ ဇန်နဝါရီ

 

ပြာသိုလဆန်းပိုင်းလောက်က ဆရာမ မုဒိတာ(တောင်သာ)၏ အမေများနေ့ဆောင်းပါးကိုဖတ်ပြီး ကျေးဇူးရှင်အမေများအကြောင်းကို ဆောင်းပါးတစ်ပုဒ်လောက်ဖြင့် ကျေးဇူးဆပ်သွားဖို့ စိတ်ကူးမိခဲ့သည်။ သို့သော် မမျှော်လင့်သော တာဝန်များပိနေတာကြောင့် ပြာသိုလပြည့် (အမေများနေ့)နီးတော့ ဆောင်းပါးရေးဖို့သတိမရဘဲ ပြာသိုလဆန်း ၁၄ ရက်မှ သတိရလျှင်ရချင်းရေးလိုက်ရသည်။

 

အမေများနေ့ 

 

မြန်မာနိုင်ငံတွင် နှစ်စဉ် ပြာသိုလပြည့်နေ့တွင် နိုင်ငံတစ်ဝန်းတွင် အမေများနေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပကြသည်။ အထူးသဖြင့်မန္တလေးမြို့တွင် တခမ်းတနားကျင်းပလေ့ရှိသည်။ အမေများကို ဂုဏ်ပြုသည့် စာပေဟောပြောပွဲများ ပြုလုပ်ကြသည်။ အမေများအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည်။ လူငယ်များသည် ဘိုးဘွားရိပ်သာများသို့ သွားရောက်ကာ အမေများကို လက်သည်း၊ ခြေသည်း ဖြတ်ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း စသည့်ကောင်းမှုကုသိုလ်များ ပြုလုပ်ကြသည်။ ရေခြား၊ မြေခြားတွင် ရောက်နေသော သား သမီးများသည် အမေများထံ ဖုန်းဆက်ကြသည်။ အမေများ၏ကျန်းမာရေးအတွက် ဆုတောင်းစာလွှာများ ပို့ကြသည်။ အမေများကလည်း သား သမီးများကို မေတ္တာပို့ကြသည်။ ကြည်နူးဖွယ်ရာပင် ဖြစ်သည်။

 

ယခုနှစ် အမေများနေ့သည် တနင်္ဂနွေနေ့နှင့် တိုက်ဆိုင်နေသဖြင့် ဝန်ထမ်းများအတွက် အမေများနှင့်အတူနေဖို့ အခွင့်အရေးပိုမိုရရှိသည်။ စင်စစ်အားဖြင့် အမေများသည် သားသမီးများ အိမ်ထောင်ပြုသွားလျှင် အထီးကျန် နေတတ်ကြသည်။ ထို့ကြောင့် သားသမီးများအနေဖြင့် အမေများနေ့တွင် အမေနှင့်အတူ နေနိုင်အောင်ကြိုးစားသွားသင့်သည်။ အမေ့အတွက် အချိန်ပေးသင့်ပါသည်။ အမေစားချင်သည့် စားကောင်းဖွယ်ရာများ ချက်ပြုတ်ကျွေးခြင်း၊ အမေသွားချင်သည့် ဘုရားကျောင်းကန်များသို့ လိုက်ပို့ပေးခြင်းများကို အချိန်ပေးဆောင်ရွက်သင့်ပါသည်။ ပြာသိုလပြည့်နေ့ တစ်နေ့လုံးကို အမေ့အတွက် အချိန်ပေးထားသင့်ပါသည်။ တတ်နိုင်ပါက အမေ့အတွက် နေ့တိုင်းအချိန်ပေးသင့်သည် မဟုတ်ပါလား။

 

လူဖြစ်ခွင့်ရ 

 

လူသားအားလုံးသည် မွေးမိခင်များ၏ ကျေးဇူးတရားများကြောင့်သာ ရခဲလှသော လူ့ဘဝကိုရရှိခဲ့ခြင်း ဖြစ်သည်။ အချို့သော သူများသည် အကြောင်းအမျိုးမျိုးကြောင့် လူသားအဖြစ် အသက်ရှင်ရပ်တည်ခွင့်မရဘဲ တားဆီးခြင်းခံခဲ့ကြရသည်။ ဘယ်သူမပြုမိမိမှုဆိုသည့်အတိုင်း အတိတ် ဘဝကပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့အပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။ ဆိုရလျှင် ဤကမ္ဘာကြီးတွင် မိဘကျေးဇူးနှင့်ကင်းသူ ရှိမည်မဟုတ်ချေ။ အထူးသဖြင့် မွေးမိခင်များ၏ကျေးဇူးသည် အနန္တပင်ဖြစ်သည်။ မိဘများ၏ ကျေးဇူးတရားကို စာတစ်စောင်၊ ပေတစ်ဖွဲ့ရေးသားနေရုံမျှဖြင့် ပြည့်စုံနိုင်မည်မဟုတ်ပေ။

 

အာဟာရပြည့်ဝသောနို့ချို 

 

လူတိုင်းတွင် ကျေးဇူးရှင်မိခင်များရှိကြပါသည်။ မိဘများသည် အနန္တဂိုဏ်းဝင် ကျေးဇူးရှင်များဖြစ်သည့်အပြင် လက်ဦးဆရာများလည်း ဖြစ်ကြသည်။ အထူးသဖြင့် မိခင်များသည် ရင်သွေးငယ်များနှင့်ထိတွေ့မှု အများဆုံး ရှိကြသည်။ “အမေများ၏အလှပဆုံးအချိန်သည် သား သမီးများကို နို့ချိုတိုက်ကျွေးပြီး တစိမ့်စိမ့်ကြည့်နေချိန်ပင် ဖြစ်သည်။” ရင်သွေးငယ်ကို နို့ချိုတိုက်ကျွေးနေသော မိခင်၏မေတ္တာသည် မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်ပေ။ မိခင်များ၏မေတ္တာကြီးမားမှုကြောင့် အနီရောင်သွေးစစ်စစ်မှသည် အာဟာရပြည့်ဝသော အဖြူရောင်နို့ရည်ကြည်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။ များစွာအံ့ဩဖွယ် ကောင်းလှပေသည်။ ထို့ကြောင့် ဘုရား၊ ရဟန္တာမှလွဲ၍ ပုထုဇဉ်လူသားများသည် အမေ့နို့ဖိုးကိုကျေအောင် ပြန်လည်ပေးဆပ်နိုင်စွမ်း မရှိကြချေ။

 

မိခင်တစ်ဦးသည် ရင်သွေးငယ်တစ်ဦးအား ကလလရည်ကြည်စတင် သန္ဓေတည်ပြီဆိုကတည်းက မမြင်ရသေးသည့် ထိုကလေးအပေါ် မေတ္တာစိတ်များ တဖွားဖွားဖြစ်ပေါ်လျက်ရှိသည်။ ရင်သွေးငယ်ကို ထိခိုက်မည်စိုးသဖြင့် ပူ၊ ငန်၊ စပ်၊ ခါးများကို ရှောင်ရသည့်အပြင် အထိုင်၊ အထ၊ အသွား၊ အလာကိုလည်း ဆင်ခြင်ရပါသည်။ “ယောကျာ်းဖောင်စီး၊ မိန်းမမီးနေ”ဆိုသလို မိခင်တစ်ဦးသည် သေမင်းနှင့်စစ်ခင်းပြီးမှသာ သားသမီးတစ်ဦးကို မွေးဖွားရခြင်းဖြစ်သည်။ မွေးဖွားလာသည့် ထိုကလေးငယ်ကိုလည်း လူလားမြောက်အောင်
ကျွေးမွေးပြုစုစောင့်ရှောက်ရသည်။ ထို့ကြောင့် မိခင်များ၏ကျေးဇူးသည် ဆပ်၍ မကုန်နိုင်ပေ။

 

ဆိုရလျှင် အချို့သောသူများသည် ငယ်စဉ်က မိခင်နို့ချိုရည် စို့ခွင့်မရရှိခဲ့သဖြင့် အသက်ကြီးလာသည့်အခါ ကြမ်းတမ်းခက်ထန်လေ့ရှိကြသည်။ မိခင်များ၏ မေတ္တာသည် နူးညံ့သိမ်မွေ့လွန်းလှသည်။ သားသမီးများကို အော်ဟစ်ကြိမ်းမောင်း ရိုက်နှက်လေ့မရှိကြချေ။ ပျော့ပျောင်းချိုသာစွာ ပြောဆိုပြီး ဆုံးမလေ့ရှိကြသည်။ မိသားစုတစ်စုတွင် အနစ်နာခံရဆုံးသောသူသည် မိခင်များသာဖြစ်သည်။ မိခင်များသည် သားသမီးများ၏ ဝေယျာဝစ္စအပြင် ခင်ပွန်းဖြစ်သူ၏ လိုအပ်ချက်ကိုလည်း မပျက်ကွက်အောင် ဖြည့်ဆည်းပေးရသည်။ အစားအသောက်နှင့် အဝတ်အစားများကိုလည်း ခင်ပွန်းနှင့်သားသမီးများကို ဦးစားပေးရလေ့ရှိသည်။ နေ့စဉ် နောက်ကျမှ အိပ်ရာဝင်ပြီး နံနက်စောစောအိပ်ရာ ထရလေ့ရှိသည်။ မိသားစုတစ်စုသည် မိခင်တစ်ဦး၏ အိမ်ထောင်မှု စီမံကွပ်ကဲမှု နိုင်နင်းမှသာလျှင် အစစအရာရာ အဆင်ပြေချောမွေ့နေမည် ဖြစ်သည်။

 

တတ်နိုင်သမျှကျေးဇူးဆပ်စေချင် 

 

လူတိုင်း အမေ့ကျေးဇူးဆပ်ခွင့်မရပေ။ ကုသိုလ်ကံထူးသူများသာလျှင် မွေးမေကျေးဇူးဆပ်နိုင်သည်။ စာရေးသူသည် ကံကောင်းပါသည်။ မိဘနှစ်ပါးလုံး အသက်ရှည်ကြသဖြင့် တတ်နိုင်သမျှ ကျေးဇူးဆပ်ခွင့်ရသည်။ စင်စစ်အားဖြင့် အမေများသည် သားသမီးများထံမှ မည်သည့်အရာကိုမျှ မျှော်လင့်ခြင်းမရှိပေ။ သားသမီးများကသိတတ်လျှင် ပီတိဖြစ်နေတတ်သည်။ အမေအိုများကို ဝတ်ကြီး၊ ဝတ်ငယ်ပြုခွင့်ရသူများသည် ပို၍ကုသိုလ်ရကြသည်။ အဆွေစာရှုသူ အနေဖြင့် ကျေးဇူးရှင်အမေ၏ ထဘီကိုလျှော်ဖွတ်ပေးဖူး ပါသလား။ မလျှော် ဖွတ်ဖူးသေးဘူးဆိုလျှင် လျှော်ဖွတ်ဖြစ်အောင် လျှော်ဖွတ်ကြည့်ပါ။ ထိုသို့ အမေ့ထဘီကို လျှော်ဖွတ်ရသည့် ပီတိသည် မည်သည့်အရာနှင့်မျှ အစားထိုးလို့ မရပါ။ ကြက်သီးမွေးညင်းပင် ထလာပါသည်။

 

မွေးမေမေ၏မေတ္တာစွမ်းအားများ 

 

ထို့အပြင် မိခင်ကြီး၏ဆံပင်နှင့် မိဘနှစ်ပါး ဓာတ်ပုံတို့ကိုပါ အင်္ကျီအိတ်ကပ်ထဲထည့်ပြီး သွားလေရာကို ယူဆောင်သွားလေ့ရှိပါ သည်။ ထို့ကြောင့် ဘဝတစ်လျှောက်လုံးတွင် အခက်အခဲများစွာကို ကျော်လွန်နိုင်သည်ဟု ရိုးသားစွာယုံကြည်မိပါသည်။ မွေးမေမေ၏ မေတ္တာစွမ်းအားများသည် လွန်စွာကြီးမား သောကြောင့် ထိုစွမ်းအားများဖြင့် ရပ်တည်စေချင်ပါသည်။

 

ဆိုရလျှင် လူတိုင်းတွင် ကျေးဇူးရှင်မွေးမေမေများရှိကြပါသည်။ ထိုမိခင်များသည် သားသမီးများအပေါ် မေတ္တာစိမ့်စမ်းမပြတ် စီးဆင်းနေလျက်ပင် ရှိကြသည်။ မိဘ၏စုန်ရေမေတ္တာသည် တသွင်သွင်စီးဆင်းလျက်ရှိသော်လည်း သားသမီးများ၏ ဆန်ရေမေတ္တာမှာမူ တွေ့ရမြင်ရကြုံရခဲပေသည်။ လူ့ဘဝတွင် အရာများစွာကို အစားထိုးရှာဖွေနိုင်သော်လည်း ကျေးဇူးကြီးမားလှသော မိခင်များ၏ ကရုဏာမေတ္တာကိုမူ မည်သည့်အရာနှင့်မျှ နှိုင်းစာ၍မရနိုင်ချေ။ ထို့အပြင် မွေးမေမေတ္တာအေးရိပ်သည် လွန်စွာပင် နွေးထွေးအေးချမ်းလှပေသည်။ အထူးသဖြင့် သားသမီးများသည် မိဘများ သက်ရှိထင်ရှားရှိနေစဉ် တတ်နိုင်သမျှ အလုပ်အကျွေးပြုသွားသင့်ပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးသည် ကျေးဇူးရှင်မွေးမေမေ၏ မေတ္တာစွမ်းအားများဖြင့်သာ ရပ်တည်သွားမည်ဆိုလျှင် ကျန်းမာပျော်ရွှင်သော ဘဝတစ်ခုကို တည်ဆောက်နိုင်မည်ဟု အခိုင်အမာယုံကြည်မိပါသည်။ ။

 

မောင်သောင်းဝင်း(တမန်ဟောင်း)