MIC ဖူဆယ်အသင်း ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်

၁၆ ဇန်နဝါရီ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် MFF Myanmar ဖူဆယ်လိဂ်ပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးပွဲစဉ် ဖြစ်သည့် ပွဲစဉ် (၁၁) ကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ကျင်းပရာ MIC ဖူဆယ်အသင်း ၁၁ ပွဲဆက်အနိုင်ရပြီး ရာသီဝက်ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သည်။

 

ပွဲစဉ် (၁၁) တွင် MIC အသင်းက လက်ရှိချန်ပီယံ PU အသင်းကို ၁၅ ဂိုး-ဂိုးမရှိ၊ VUC အသင်းက Comrade အသင်းကို ၂၀ ဂိုး-သုံးဂိုး၊ AMM အသင်းက Titans XII အသင်းကို ငါးဂိုး-နှစ်ဂိုး၊ GV Athletic အသင်းက UPT အသင်းကို ခြောက်ဂိုး-ဂိုးမရှိ၊ ယူ-၁၉ အသင်းက White Colour အသင်းကို လေးဂိုး-နှစ်ဂိုး ၊ မြို့မအသင်းက ရွှေမြဝတီအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

 

ပထမအကျော့အပြီးတွင် MIC အသင်းက ၃၃ မှတ်ဖြင့် ထိပ်ဆုံးတွင် ရပ်တည်နိုင်ခဲ့ပြီး VUC အသင်းက ရမှတ် ၃၀ ဖြင့် ဒုတိယ၊ GV Athletic နှင့် မြို့မအသင်းက ၂၁ မှတ်စီ၊ UPT နှင့် AMM အသင်းက ၁၅ မှတ်စီ၊ ရွှေမြဝတီနှင့် Comrade အသင်းက ၁၄ မှတ်စီ၊ PU အသင်းက ၁၀ မှတ်၊ ယူ-၁၉ အသင်းက ကိုးမှတ်၊ Titan XII အသင်းက ရှစ်မှတ်၊ White Colour အသင်းက လေးမှတ်ရထားသည်။

 

ရဲရင့်ရှိုင်း