မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (TSDP) အရ  ကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
 
 
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်က နိုင်ငံတော်အနေဖြင့် အားကစား အဆင့်အတန်း မြင့်မားရေးအတွက် ရေရှည်စီမံကိန်းများနှင့် ဆောင်ရွက်ပေးနေသလို "အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် အားကစားပြိုင်ပွဲများတွင် နိုင်ငံတော်၏ဂုဏ်သိက္ခာ တိုးတက်မြင့်မားရေးအတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်နေကြောင်း၊ လေးမျက်နှာမြို့နယ် အနေဖြင့်လည်း အားကစားကဏ္ဍ တိုးတက်ရန် ဦးစားပေးလုပ်ငန်း တစ်ရပ်အနေဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ခရိုင်လက်ရွေးစင်၊ တိုင်းလက်ရွေးစင်နှင့် နိုင်ငံဂုဏ်ဆောင်မည့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
 
 
အဆိုပါ ပြိုင်ပွဲတွင် အသင်း(၁၆)သင်းမှ ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီ (၄)ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
 
 
အခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့်တကွ ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ စုစုပေါင်း (၃၀၀)ကျော် တက်ရောက်အားပေးကြကြောင်း သိရသည်။
 
 
ရွှေမိုး(ပြန်/ဆက်)