မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲ ကျင်းပ  

လှည်းကူး ၂၂ ဇန်နဝါရီ


၂၀၁၈-၂၀၁၉ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား ပညာရေးနယ်မြေအုပ်စု မူလတန်းအဆင့် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီခွဲက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အားကစားဘောလုံးကွင်း၌ ကျင်းပခဲ့သည်။

123


မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မှန်ကုန်းအသင်းနှင့် လှေလှော်အင်း အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မှန်ကုန်းအသင်းက  တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်းကို ဆက်လက်ကျင်းပရာ ဆုရရှိသည့် အသင်းများမှ ပွဲစဉ်တစ်လျှောက် ရှေ့တန်း အကောင်းဆုံးအားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆုရရှိသူများကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


ထို့နောက် ပထမဆုရရှိသည့် မှန်ကုန်းအသင်းကို ငွေကျပ်(၁)သိန်းနှင့် တံခွန်စိုက် ဆုဖလားအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်းမှလည်းကောင်း၊ ဒုတိယဆု ရရှိသည့် လှေလှော်အင်းအသင်းကို ငွေကျပ်(၇)သောင်းနှင့် တတိယဆုရရှိသည့် မြို့မ(၂)အသင်းကို ငွေကျပ်(၅)သောင်းအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ပညာရေးမှူးဖလား ပြိုင်ပွဲတွင် ကျောင်းအုပ်စု (၇)အုပ်စု၊ ဆားတလင်း၊ မြို့မ(၁)၊ ဇရပ်ကွင်း၊ ချောင်းရိုး၊ လှေလှော်အင်း၊ ဖောင်ကြီး၊ ကြာအင်း၊ မှန်ကုန်း၊ မြို့မ(၂)၊ ခမရ စုစုပေါင်း ပြိုင်ပွဲဝင် အသင်း(၁၀)သင်း ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။ 


နိုင်လင်း(လှည်းကူး)