မကွေးတိုင်းဒေသကြီးအတွင်းရှိပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုယခုထက် ပိုမိုမြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစံနမူနာပြတိုင်းဒေသကြီး တစ်ခုဖြစ်လာစေရေးအတွက် ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေး

နေပြည်တော် ၂၁  ဇန်နဝါရီ 

    

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး သည် ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ယခုထက် ပိုမိုမြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စံနမူနာပြ  တိုင်းဒေသကြီး တစ်ခုဖြစ်လာစေရေးအတွက် ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်း ဆွေးနွေးသည်။ 

 

mdn

 

    

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက  မကွေးတိုင်းဒေသကြီးအတွင်း ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန်စေရေးနှင့် စံနမူနာပြတိုင်းဒေသကြီး ဖြစ်စေရန်အတွက် ယခု လက်ရှိတိုင်းဒေသကြီး၏ ကျန်းမာရေးစနစ်၊ ဝန်ထမ်းနှင့်ဌာနဖွဲ့စည်းပုံ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများအားလုံးကို စနစ်တကျ ဆန်းစစ်သုံးသပ်၍ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ မှန်ကန်ကောင်းမွန်သော ဗဟာဗျူဟာ၊ နည်းဗျူဟာနှင့် စီမံချက်လုပ်ငန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မှန်ကန် တိကျသည့် စာရင်းဇယားနှင့် သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီရရှိရန်မှာ အထူးအရေးကြီးပါကြောင်း၊ 

 

တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပေါ်သော ဝမ်းပျက်ဝမ်းလျော ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းခြင်း လုပ်ငန်းများကို အုပ်ချုပ်ရေး အဖွဲ့များ၊ စည်ပင်သာယာ ရေးကော်မတီတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေး  လုပ်ငန်းများကို ပြည်သူလူထုများပါ ပါဝင်ဆောင်ရွက်နိုင်ရန်အတွက်လည်း လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊

 

ဝန်ကြီးဌာနမှဖြန့်ဝေလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြု Mobile Tablet များကိုလည်း အကျိုးရှိထိရောက်စွာ အသုံးချကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေနှင့် လိုအပ်ချက်များကို  စောင့်ကြည့်ဆန်းစစ်နိုင်ရန်အတွက် တိုက်ဆိုင်စစ်ဆေးရမည့်စာရင်း (checklist) များ ပြုစုကာ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ 

 

mdn

 

ဆေးရုံများ၊ ကျန်းမာရေးဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု၊ ရလဒ်များနှင့်ကျန်းမာရေး အခြေပြစာစောင် (profile) များကို သက်ဆိုင်ရာအဆင့်အလိုက် တစ်ပြေးညီပုံစံပြုစုကာ အသုံးပြုသွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျန်းမာရေးလုပ်ငန်းများ၊  အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ အသုံးချသုတေသနများ ပြုလုပ်စေလိုပြီး သူနာပြုများနှင့် အခြေခံကျန်းမာရေး ဝန်ထမ်းများ ပါဝင်ဆောင်ရွက် လုပ်ဆောင်ကြစေလိုကြောင်း၊ ဒေသအတွင်းကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေသည့် INGO/NGO များနှင့် ပေါင်းစပ်ချိတ်ဆက်ဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများ၏ ဥပတိရုပ်  ကောင်းမွန်စေရန်နှင့် သန့်ရှင်းသပ်ရပ်စေရန်အတွက် လိုအပ်သည့် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ရန် ဘဏ္ဍာငွေများကို တင်ပြတောင်းခံကြရန်ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ကုသမှုခံယူရ သောလူနာများ၏ ရောဂါဖြစ်ပွားမှု အမျိုးအစားအလိုက် စနစ်တကျဆန်းစစ်သုံးသပ် မှုများပြုလုပ်၍ အဖြစ်များသည့် ရောဂါများကို ကာကွယ်တားဆီးနှိမ်နင်းရေး ဦးစား  ပေးလုပ်ငန်းစဉ်များချမှတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်နေသော အဆင့်ဆင့်သော ဝန်ထမ်းများသည် တန်းတူညီမျှအရေး ကြီးပြီး အပြန်အလှန်လေးစားမှု၊ ညှိနှိုင်းပူးပေါင်းမှု၊ အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

mdn

    

ထို့နောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြုပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှု ယခုထက်ပိုမိုမြင့်မားစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု စံနမူနာပြ တိုင်းဒေသကြီးတစ်ခု ဖြစ်လာစေရေးအတွက် အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သမျှ ပံ့ပိုးပေးကာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

    

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသောင်းလှိုင်က ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ၊ အဖြစ်များသော ရောဂါအမျိုးအစားအလိုက် ဆေးရုံတက်ရောက်မှု အခြေအနေများ၊ ဝန်ထမ်းအင်အား၊ အုပ်ချုပ်ရေး၊ ဆောက်လုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထပ်မံဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို တင်ပြသည်။

 

mdn

    

တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများက ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များနှင့် အကြံပြုတင်ပြချက်များကို နံနက်ပိုင်းအစီအစဉ်နှင့် မွန်းလွဲပိုင်း အစီအစဉ်များ၌ အသီးသီးတင်ပြခဲ့ကြရာတွင် ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ရမည့် ကိစ္စရပ်များကို တာဝန်ရှိသူများနှင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)