မျက်မမြင် အဆိုရှင်များ ပါဝင်သီဆိုထားသည့် မြတ်ဆရာကျေးဇူး တေးစီးရီး စတင်ဖြန့်ချိ

ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) မှ ပထမဆုံးအကြိမ် ထုတ်လုပ်ဖြန့်ချိသည့် မြတ်ဆရာကျေးဇူး တေးစီးရီးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလဆန်းက စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်က စတင်ဖြန့်ချိခဲ့ကြောင်း သိရသည်။

ရန်ကုန်မျက်မမြင် (ခဝဲခြံ)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး မြန်မာနိုင်ငံ ခရစ်ယန် မျက်မမြင်များ မိတ်သဟာယ၏ အထွေထွေအတွင်းရေးမှူး ဦးသိန်းလွင်က ဒီစီးရီး လေးကို စတင်ပြီး လုပ်ဖြစ်တာကတော့ ကလေးတွေက ခဝဲခြံ မျက်မမြင် ကျောင်းကပါ၊ သူတို့လေးတွေအနေနဲ့ အများကြီး ကြိုးစားထားကြတယ် ၊ ၂၀၁၇ အောက်တိုဘာ ၅ ရက်က ကျွန်တော်တို့ နေပြည်တော်မှာလုပ်ခဲ့တဲ့ ကမ္ဘာ့ဆရာများနေ့ပွဲမှာ ကျောင်းက ကလေးတွေ ပါဝင်သီဆိုရာကနေ နောက်ပိုင်းမှာ ဆရာများနေ့မရောက်ခင် ဆရာ ဆရာမတွေကို ဂုဏ်ပြုချင်တာကြောင့် ဒီအခွေလေး လုပ်ဖြစ်ခဲ့တာပါ၊ ကိုယ်တိုင်ကလည်း သီချင်းတွေ သိပ်မသိတော့ နားမလည်တော့ တေးရေးဆရာမ စိမ့်ကို အကူအညီ တောင်းခဲ့တယ်၊ ဆရာမက ကိုနိုင်ဇော်ကိုခေါ်လာပြီး ကျွန်တော်တို့မှာရှိတဲ့ သီချင်း ၁၀ ပုဒ်ကို သံစဉ်ရှာပြီး တီးခတ်မှုတွေလုပ်ခဲ့ကြရင်း အခုလို ခွေတစ်ခွေဖြစ်လာတာပါ၊ ဒီထဲမှာ ပါတဲ့ သီချင်းလေးတွေက ဆရာ ဆရာမတွေအတွက်ရော၊ အားလုံးအတွက်ပါ ကြည်နူး စရာပါဟု ပြောသည်။

အဆိုပါတေးစီးရီးကို တေးရေးဆရာမတစ်ဦးဖြစ်သည့် စိမ့်က စီစဉ်ပြီး ဂီတာ နိုင်ဇော် (Art Robot) က တီးခတ်ပေးထားကာ မျက်မမြင်အနုပညာရှင်များက သီဆိုထားကြကြောင်း၊ ပါဝင်သော တေးသီချင်းများကို တေးရေး စိမ့်၊ Oliver Awng၊ မခေါင် ဘရန်နန်နှင့် အောင်နိုင်ထွန်းတို့က ရေးသားထားကြောင်း သိရသည်။

ကိုလင်း